အိမ်မှုကိစ္စပြုလုပ်ရင်းနဲ့ ရလာမယ့် အားသာချက် (၆) ချက်

အိမ်မှုကိစ္စတွေလုပ်ရတာ ပျော်စရာတော့ မကောင်းပါဘူး။ ဒါပေမယ့် အိမ်မှုကိစ္စတွေ လုပ်တဲ့သူတွေမှာ ထင်မထားတဲ့အကျိုးကျေးဇူးတွေ ရရှိလာမှာပါ။

၁။ ပိုမိုသန်မာလာခြင်း

အိမ်မှုကိစ္စတွေလုပ်ရတာကို ကိုယ်လက်လှုပ်ရှားပြီး လေ့ကျင့်ခန်းလုပ်နေရတယ်လို့ သဘောထားကြည့်လိုက်ပါ။ ရေချိုးခန်းတွေကို ပွတ်တိုက်ဆေးကြောတာ၊ ကြမ်းတိုက်တာ၊ ပြူတင်းပေါက်တွေကို သန့်ရှင်းရေးလုပ်တာ စတဲ့အိမ်မှုကိစ္စတွေကို လုပ်တဲ့အခါမှာ သန်မာမှုနဲ့ အားအင်တွေ လိုအပ်လာပါတယ်။

အိမ်မှုကိစ္စတွေ လုပ်ပါများတဲ့အခါ အမောခံနိုင်လာပြီး အညောင်းအညာလည်း ပြေလာပါတယ်။

၂။ ကျန်းမာတဲ့ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ခြင်း

ညစ်ပတ်ရှုပ်ပွနေတဲ့အခါပတ်ဝန်းကျင်က ကျန်းမာရေးနဲ့မညီညွတ်ပါဘူး။ ညစ်ပတ်တဲ့အခါ ခြင်၊ ကြွက်၊ ပိုးစပ်တွေ ပေါများလာပါတယ်။ ဘက်တီးရီးယားနဲ့ အနံ့အသက်ဆိုးတွေလည်း ထွက်လာမှာပါ။

ဒါပေမယ့် အိမ်သန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးတဲ့အခါ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်လာပါတယ်။ အခန်းက ရှုပ်ပွမနေတာကြောင့် စိတ်လည်း ကြည်လင်လာပါတယ်။ အာရုံစိုက်မှုလည်း တိုးတက်လာပါတယ်။

၃။ စိတ်ဖိစီးမှု လျော့နည်းလာခြင်း

ပန်းကန်ဆေးတာနဲ့ အဝတ်လျှော်တာက စိတ်ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေကို တစိမ့်စိမ့်ပြန်မတွေးနေဘဲ အိမ်သန့်ရှင်းရေးကိုသာ ပြုလုပ်လိုက်ပါ။

အဲဒီအခါ စိတ်ဖိစီးမှုလျော့နည်းပြီး စိတ်က ကြည်လင်လာပါတယ်။ အတွေးတွေကလည်း ပိုမိုသစ်လွင်လာပါတယ်။

၄။ ကိုယ့်ကိုယ်ကိုယ်အားကိုးတတ်လာခြင်း

အိမ်မှုကိစ္စတွေလုပ်တာက သူများကို အားကိုးတဲ့စိတ်တွေ လျော့ပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့စိတ်တွေ တိုးပွားလာစေပါတယ်။

မိသားစုနဲ့အတူတူနေတဲ့အခါ အိမ်မှုကိစ္စတွေပြုလုပ်တာက မိသားစုကို ကူညီပေးသလိုပါပဲ။ တစ်ယောက်တည်းနေတဲ့အခါမှာလည်း အိမ်မှုကိစ္စ‌တွေ လုပ်တတ်တဲ့အခါ လွယ်ကူအဆင်ပြေနေမှာပါ။

၅။ ပျင်းရိနေတဲ့စိတ်ကို လျော့နည်းစေခြင်း

ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ ပျင်းရိငြီးငွေ့နေတဲ့အခါ အိမ်အလုပ်တွေကို ရှာဖွေလုပ်လိုက်ပါ။ အိမ်အလုပ်တွေ လုပ်တာက အပျင်းပြေစေတဲ့အပြင် အလုပ်လည်း ပြီးစေပါတယ်။

ဥပမာအားဖြင့် အဝတ်တွေခေါက်နေရင်း၊ အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ သီချင်းနားထောင်တာက စိတ်ကို အပန်းပြေစေသလို အချိန်ကို အကျိုးရှိရှိအသုံးချပြီးသားလည်း ဖြစ်စေပါတယ်။

၆။ ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည်ကို တိုးတက်စေခြင်း

အိမ်အလုပ်တွေက ရှုပ်ထွေးတယ်လို့ ထင်ရပေမယ့် မြန်မြန်ပြီးစီးစေနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေကြည့်နိုင်ပါတယ်။ အိမ်မှုကိစ္စလုပ်နေရင်းနဲ့ ထင်မထားတဲ့ကိစ္စလေးတွေကိုလည်း ကြုံတွေ့ရလေ့ရှိပါတယ်။

အဝတ်လျှော်စက် ပျက်သွားတာ၊ ရေပြတ်တောက်သွားတာ စတဲ့အခြေအနေမျိုးတွေမှာ ဖုံးကွယ်နေတဲ့အစွမ်းတွေက ပေါ်လာပြီး သူ့အလိုလို ဖြေရှင်းနိုင်သွားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments