သွားဖုံးကို ပြန်လည်ကျန်းမာလာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းများ

လူအများစုက သွားကို ဂရုစိုက်ကြပေမယ့် သွားဖုံးကျန်းမာရေးကိုတော့ မေ့နေတတ်ကြပါတယ်။ သွားဖုံးမကျန်းမာတဲ့အခါ နေရထိုင်ရခက်တာ၊ နာကျင်တာ၊ ခံတွင်းနံ့ဆိုးတာတို့ ခံစားရစေပါတယ်။

အဲဒါကြောင့် သွားဖုံးကို ကျန်းမာလာအောင် ဂရုစိုက်ပေးနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သွားဖုံးပြဿနာများ

သွားကြားထဲမှာ အစားအစာအကြွင်းအကျန်တွေ၊ ထုံးကျောက်တွေ စုလာတဲ့အခါမှာ သွားချေးကျောက်တွေ ဖြစ်လာပါတယ်။ အဲဒီအခါ ဘက်တီးရီးယားတွေ ခိုအောင်းလာပြီး သွားဖုံးရောင်လာပါတယ်။

- အစပိုင်းမှာတော့ သွားဖုံးက ရောင်လာပြီး အထိမခံဖြစ်လာပါတယ်။ တစ်ခါတရံ သွားဖုံးထဲကနေ သွေးတွေ ထွက်လာပါတယ်။ ဒီအဆင့်မှာတော့ ခံတွင်းသန့်ရှင်းရေးကို သေချာဂရုစိုက်ပေးရုံနဲ့ သွားဖုံးက ပြန်လည်ကျန်းမလာာပါတယ်။

- ဒါပေမယ့် သွားဖုံးရောင်ပြီး သွေးထွက်လာတာက အဆက်မပြတ်ဖြစ်လာရင်တော့ သွားဖုံးရဲ့အပေါ်ယံအလွှာနဲ့ သွားတွေကို ခိုင်မြဲအောင်လုပ်ထားတဲ့အရိုးတွေကို ထိခိုက်လာပါတယ်။ အဲဒီအခါမှာတော့ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

- သွားဖုံးထဲက အရိုးနဲ့တစ်ရှူးတွေ ယိုယွင်းလာတဲ့အခါမှာတော့ သွားတွေကို နှုတ်ပစ်ဖို့ လိုအပ်လာပါပြီ။

- သွားဖုံးကျန်းမာရေးမကောင်းတဲ့အခါ ခံတွင်းက အမြဲတမ်းဆိုးနေတတ်ပြီး သွားတွေလည်း နဲ့လာပါတယ်။ အထူးသဖြင့် ဝါးလိုက်တဲ့အခါတိုင်းမှာ နာကျင်လာပါတယ်။

သွားဖုံးကို ပြန်လာကျန်းမာလာစေဖို့

၁။ သွားကြားကို သန့်ရှင်းအောင်ထားပါ။

သွားကိုတစ်နေ့ကို အနည်းဆုံးတစ်ကြိမ်တော့ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။ သွားကို သန့်ရှင်းပေးတဲ့အခါ အစားအစာအကြွင်းအကျန်တွေ မကျန်ဘဲ သွားဖုံးကျန်းမာရေးကိုလည်း ဂရုစိုက်ပြီးသားဖြစ်စေပါတယ်။

သွားကြားကို သန့်ရှင်းရေးလုပ်ဖို့ ချည်မျှင်ကို ၄၅ စင်တီမီတာခန့်ဖြတ်ပါ။ အဲဒီနောက် သွားတွေကြားထဲကို ချည်မျှင်လေးနဲ့ သေသေချာချာ သန့်ရှင်းရေးလုပ်ပေးပါ။

၂။ သွားကို စနစ်တကျတိုက်ပါ။

သွားဖုံးကျန်းမာဖို့ သွားတိုက်တဲ့ပုံစံကလည်း အရေးကြီးပါတယ်။ သွားတိုက်တံကို ဖိတိုက်ရင် သွားဖုံးကိုလည်း နာကျင်လာစေပါတယ်။ နူးညံ့တဲ့အမွေးလေးတွေရှိတဲ့သွားတိုက်တံကိုသာ အသုံးပြုပါ။ သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ပုံမှန်တိုက်ပေးပါ။

သွားတိုက်တဲ့အခါမှာ ၂ မိနစ်ပြည့်အောင် တိုက်ပေးသင့်ပါတယ်။ ဖလိုရွိုက်ပါတဲ့သွားတိုက်ဆေးက အသင့်တော်ဆုံးပါ။ သွားတိုက်တံကို ၃ လတစ်ကြိမ် သို့မဟုတ် ၄ လတစ်ကြိမ် လဲလှယ်ပေးပါ။ သွားတိုက်တံကို လေလုံတဲ့ဘူးထဲမှာ ထည့်သိမ်းထားရင် ဘက်တီးရီးယားတွေ ပိုပွားလာပါတယ်။

၃။ စားသောက်မှုပုံစံကို ပြောင်းလဲပါ။

အက်ဆစ်က သွားအပေါ်ယံကြွေလွှာတွေကို အားနည်းလာစေပါတယ်။ အချိုဓာတ်ကတော့ သွားတွေကြားမှာ ဘက်တီးရီးယားကို ပိုပွားလာစေပါတယ်။

သွားကျန်းမာဖို့အတွက် ဆိုဒါ၊ ကွတ်ကီး၊ ချိုချဉ်၊ ချောကလက်၊ အချိုများတဲ့အစားအစာ၊ သကြားများတဲ့ အသင့်စားအစားစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ သွားနဲ့ သွားဖုံးကျန်းမာဖို့အတွက် ကယ်လ်ဆီယမ်ပါဝင်တဲ့ နို့၊ ဒိန်ချဉ်၊ ချိစ်တို့ပါဝင်တဲ့အစားအစာတွေကို စားပေးနိုင်ပါတယ်။

၄။ သွားဆရာဝန်ဆီကို မကြာခဏသွားပါ။

သွားနဲ့သွားဖုံးမကျန်းမာတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် သွားဆရာဝန်ဆီသွားဖို့ မတွေဝေနေသင့်ပါဘူး။ သွားချေးကျောက်တွေက အိမ်မှာတင် ဖယ်ရှားဖို့ ခက်ခဲပါတယ်။

ဒါ့အပြင် သွားဆရာဝန်ဆီပုံမှန်သွားခြင်းဖြင့် သွားနဲ့ပတ်သက်တဲ့ရောဂါတွေကို နောက်မကျခင်မှာ သိရှိနိုင်ပြီး ပိုမိုမဆိုးဝါးလာအောင် ကာကွယ်နိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments