အစားအသောက်တွေကို မလိုအပ်ဘဲ ဖြုန်းတီးတာက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ လူတော်တော်များများက အသီးအနှံတွေကို စားပြီးတဲ့အခါ အခွံတွေကို လွှင့်ပစ်လိုက်ကြပါတယ်။
အချို့သောအသီးအနှံတွေရဲ့အခွံတွေမှာ ထင်မထားလောက်တဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ပါဝင်နေပါတယ်။
၁။ စတော်ဘယ်ရီအရွက်
စတော်ဘယ်ရီသီးစားတဲ့အခါ စတော်ဘယ်ရီအရွက်လေးကို ဖယ်စားလိုက်ကြပါတယ်။ ဒါပေမယ့် စတော်ဘယ်ရီအရွက်မှာ အင်တီအောက်ဆီးဒင့်က စတော်ဘယ်ရီသီးထက် ၅ ဆ ပိုမိုပါဝင်ပါတယ်။
စတော်ဘယ်ရီရွက်မှာ သံဓာတ်၊ ဗီတာမင်စီနဲ့ ကေတို့ ပါဝင်ပါတယ်။ စတော်ဘယ်ရီအရွက်ကို မလွှင့်ပစ်ဘဲ သစ်သီးဖျော်ရည်ထဲမှာ ကြိတ်ပြီးသောက်လို့ ရပါတယ်။
၂။ ဖရဲသီးအခွံနဲ့ အစေ့
ဖရဲသီးအခွံမှာ ဗီတာမင်စီ၊ အေ၊ B6၊ ပိုတက်ဆီယမ်၊ ဇင့်ဓာတ်တို့ပါဝင်ပါတယ်။ ဖရဲသီးအခွံကို အတုံးလေးတွေဖြစ်အောင်လှီးဖြတ်ပြီး ရှာလကာရည်၊ ဆား၊ ဂျင်း၊ သကြား၊ ရေတို့နဲ့ ထည့်ပြုတ်ပါ။
ရလာတဲ့အရည်ကို အချိုရည်အဖြစ်သောက်သုံးနိုင်ပါတယ်။ ဖရဲသီးအစေ့မှာတော့ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့်ဓာတ်တို့ပါဝင်ပါတယ်။
၃။ နာနတ်သီးအူတိုင်နဲ့ အခွံ
နာနတ်သီးအူတိုင်ကို လွှင့်ပစ်စရာမလိုတော့ပါဘူးနော်၊ နာနတ်သီးအူတိုင်ကို စားပေးခြင်းဖြင့် အစာအိမ်အူလမ်းကြောင်းရောဂါနဲ့ပတ်သက်ပြီး ခံစားနေရတဲ့ရောဂါတွေကို သက်သာစေပါတယ်။
နာနာတ်သီးအူတိုင်မှာ အမျှင်ဓာတ်နဲ့ bromelain တို့ပါရှိနေသေးတာကြောင့် အစာချေစနစ်အတွက် အများကြီးအကျိုးပြုပါတယ်။
၄။ သံပုရာသီးအခွံ၊ လိမ္မော်သီးအခွံ
သံပုရာသီးအခွံ၊ လိမ္မော်သီးအခွံကို ခြစ်ပြီး ဟင်းထဲမှာ ထည့်လို့ရပါတယ်။ လိမ္မော်သီးအခွံကို သကြားရည်နဲ့ကျိုပြီး သွားရည်စာအဖြစ်လည်း စားသုံးနိုင်ပါတယ်။ သံပုရာသီးအခွံ၊ လိမ္မော်သီးအခွံတို့မှာ ဗီတာမင်စီပါဝင်တာကြောင့် ကိုယ်ခံအားကို တက်စေပါတယ်။
၅။ ကီဝီသီးအခွံ
ကီဝီသီးအခွံမှာလည်း အာာဟာရဓာတ်တွေ ပါဝင်နေပါသေးတယ်။ ကီဝီသီးက အရသာရှိသလို ကီဝီသီးအခွံမှာလည်း အင်တီအောက်ဆီးဒင့်၊ ဘက်တီးရီးယားတွေတိုက်ဖျက်ပေးတဲ့အစွမ်း၊ ကင်ဆာကို တိုက်ဖျက်ပေးတဲ့အစွမ်းတို့ ရှိပါတယ်။ ကီဝီသီးအခွံကို ကြိတ်ပြီး ဖျော်ရည်အဖြစ်သောက်သုံးနိုင်ပါတယ်။
၆။ ငှက်ပျောသီးအခွံ
ငှက်ပျောသီးအခွံမှာ အများဆုံးပါဝင်နေတာကတော့ ဗီတာမင် B6, B12, ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ပါပဲ။ ငှက်ပျောသီးအခွံကို ရေနဲ့သေချာဆေးပြီး အစိမ်းလိုက်စားလို့ရသလို၊ ချက်စားလို့လည်းရပါတယ်။
အခြားသောအသီးအနှံတွေနဲ့ ကြိတ်ပြီးစားလို့လည်းရပါတယ်။ ငှက်ပျောသီးအခွံနဲ့ အမာရွတ်တွေကို ပွတ်တိုက်ပေးရင်လည်း အမာရွတ်တွေ ပါးသွားပါတယ်။
Zombie (lovemedia)
0 Comments