ကျန်းမာပြီး ဉာဏ်ကောင်းတဲ့ကလေးကို မွေးဖွားဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝဖို့က အရေးကြီးပါတယ်။
အချို့သောအစားအစာတွေက ကိုယ်ဝန်ဆောင်ချိန်မှာ မဖြစ်မနေစားသုံးသင့်ပြီး အချို့အစားအစာတွေကိုတော့ လုံးဝကို ရှောင်ကြဉ်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ စားသင့်တဲ့အစားအစာများ
၁။ နို့ထွက်ပစ္စည်းများ
နွားနို့၊ ချိစ်၊ ဒိန်ချဉ်တို့က ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လိုအပ်တဲ့ ပရိုတိန်းနဲ့ ကယ်လ်ဆီယမ်ကို ဖြည့်ပေးပါတယ်။ နို့ထွက်အစားအစာတွေမှာ ဖော့စဖောရပ်၊ ဇင့်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် ဘီတွေလည်း ပါဝင်ပါတယ်။
၂။ ကန်စွန်းဥ
ကလေးရဲ့ဖွံဖြိုးမှုအတွက် ဗီတာမင်အေက မဖြစ်မနေလိုအပ်ပါတယ်။ ကန်စွန်းဥမှာ ဗီတာမင်အေ အပြင် အမျှင်ဓာတ်လည်းပါဝင်ပါတယ်။ ကန်စွန်းဥကို စားပြီးနောက်မှာ အချိန်ကြာကြာဗိုက်ပြည့်နေတယ်လို့လည်း ခံစားရစေပါတယ်။
၃။ ဆော်လမွန်ငါး
ဆော်လမွန်ငါးမှာ omega 3 fatty acid ပါဝင်ပါတယ်။ omega 3 fatty acid က ကလေးရဲ့မျက်လုံးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အကျိုးပြုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေက ဆော်လမွန်ငါးကို အစိမ်းမစားဘဲ ကျက်အောင်ချက်ပြီးမှသာ စားသင့်ပါတယ်။
၄။ ကြက်ဥ
ကြက်ဥမှာ ပရိုတိန်း၊ အဆီနဲ့ ဗီတာမင်တွေ အများကြီးပါဝင်ပါတယ်။ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်စေတဲ့ choline လည်း ကြက်ဥမှာ ပါရှိပါတယ်။ ကြက်ဥက သန္ဓေသားလောင်းရဲ့ ကျောရိုးနဲ့သက်ဆိုင်တဲ့ပြဿနာတွေကို ကာကွယ်ပေးပါတယ်။
၅။ ဘယ်ရီသီး
အရသာရှိတဲ့ဘယ်ရီသီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေ များများပါဝင်တာကြောင့် မကြာခဏစားပေးသင့်ပါတယ်။ ဘယ်ရီသီးတွေက သွေးအတွင်းမှာ သကြားဓာတ်တွေကိုလည်း မမြင့်တက်စေပါဘူး။
၆။ အစိမ်းရောင်အရွက်များ
ဟင်းနုနွယ်၊ ကိုက်လန်တို့လို အစိမ်းရောင်ရှိတဲ့အရွက်တွေမှာ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်ကေနဲ့ အခြားသော အာဟာရဓာတ်တွေပါဝင်ပါတယ်။ အစိမ်းရောင်အရွက်တွေက ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဝမ်းချုပ်တာကို သက်သာသွားစေပါတယ်။
၇။ ပဲအမျိုးမျိုး
အမျှင်ဓာတ်၊ ပရိုတိန်း၊ သံဓာတ်၊ ကယ်လ်ဆီယမ်တို့ကြွယ်ဝဲ့ ပဲအမျိုးမျိုးကိုလည်း ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးနိုင်ပါတယ်။ အာရုံကြောနဲ့ဆိုင်တဲ့ပြဿနာတွေကို ပဲအမျိုးမျိုးမှာပါဝင်တဲ့သံဓာတ်က ကာကွယ်ပေးပါတယ်။
၈။ အသား
အမဲသား၊ ဝက်သား၊ ကြက်သားတို့မှာ ပရိုတိန်းနဲ့ သံဓာတ်တွေ များများပါဝင်တာကြောင့် အသားတွေကိုလည်း အာဟာရမျှတအောင် စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ သံဓာတ်ပြည့်ဝနေရင် သံဓာတ်ချို့တဲ့ပြီးသွေးအားနည်းရောဂါနဲ့ ပေါင်မပြည့်ဘဲကလေးမွေးဖွားလာတာကို ဟန့်တားပြီးသားပါပဲ။
ကိုယ်ဝန်ဆောင်စဉ်မှာ ရှောင်ကြဉ်သင့်တဲ့အစားအစာများ
၁။ ဒိန်ခဲအပျော့စား
Brie နဲ့ Camembertတို့လို ပြင်သစ်ဒိန်ခဲအပျော့စားတွေကို ကိုယ်ဝန်ဆောင်မိခင်တွေစားသုံးတဲ့အခါ အသက်အန္တရာယ်ရှိတဲ့ ပိုးတွေက ကလေးထံကိုပါ ဝင်ရောက်သွားစေပါတယ်။ အဲဒါကြောင့် သတ်မှတ်အပူချိန်ထိပေးထားပြီး စိတ်ချရတဲ့ ဒိန်ခဲတွေကိုသာ စားသုံးသင့်ပါတယ်။
၂။ ကျက်အောင်မချက်ထားတဲ့ အရွက်များ
အသုတ်နဲ့ အခြားသောအစားအစာတွေမှာ ကျက်အောင်မချက်ထားတဲ့အရွက်တွေ၊ မကျက်တချက်ချက်ထားတဲ့အရွက်တွေ ပါဝင်တတ်ပါတယ်။ ကျက်အောင်မချက်ထားတဲ့အရွက်တွေက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ရှောင်သင့်တဲ့အစားအစာပါ။
၃။ ပြဒါးပါဝင်မှုများတဲ့ ငါးများ
ပြဒါးက အာရုံကြောစနစ်နဲ့ ကိုယ်ခံအားကို အဆိပ်အတောက်ဖြစ်စေတဲ့အရာတစ်မျိုးပါ။ တူနာငါး၊ ငါးမန်း၊ မာလင်ငါး၊ ဓားရှည်နှုတ်သီးငါးတို့ကို အထူးရှောင်ကြဉ်ဖို့ ဆရာဝန်တွေက အကြံပေးကြပါတယ်။
၄။ ကြက်ဥအစိမ်း
ကြက်ဥမှာ ပရိုတိန်းဓာတ်တွေ ပါဝင်တယ်ဆိုပေမယ့် ကြက်ဥအစိမ်းကိုတော့ မစားသင့်ပါဘူး။ ကျက်အောင်ချက်ထားတဲ့ကြက်ဥကသာ အသင့်တော်ဆုံးပါ။
၅။ သစ်သီးဖျော်ရည်နဲ့ နွားနို့အစိမ်း
မကျိုချက်ရသေးတဲ့နွားနို့နဲ့ သစ်သီးဖျော်ရည်တို့မှာ ဘက်တီးရီးတွေ ပါဝင်နေတတ်ပါတယ်။ အဲဒီဘက်တီးရီးယားတွေက ကလေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။
၆။ အသင့်စားအစားအစာများ
အသင့်စားအစားအစာတွေမှာ ကယ်လိုရီတွေ၊ သကြားတွေ၊ အဆီတွေ ပါဝင်မှုများပါတယ်။ အသင့်စားအစားအစာတွေကြောင့် ကိုယ်အလေးချိန်တက်လာစေနိုင်တဲ့အပြင် အဝလွန်တာကိုပါ ဖြစ်ပေါ်စေပါတယ်။
၇။ အသားအစိမ်း
အသားအစိမ်းနဲ့ မကျက်တကျက်ချက်ထားတဲ့အသားတွေမှာ ဘက်တီးရီးယားတွေ၊ ကပ်ပါးကောင်တွေ ပါဝင်နေတတ်ပါတယ်။ အဲဒီလိုဘက်တီးရီးယားတွေက ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အများကြီးအဟန့်အတားဖြစ်စေပါတယ်။
၈။ ငါးအစိမ်း
ငါးအစိမ်းမှာလည်း ဘက်တီးရီးယားနဲ့ ကပ်ပါးကောင်တွေ ပါဝင်နေတတ်ပါတယ်။ ကျက်အောင်မချက်ထားတဲ့အသားတွေကြောင့် မွေးဖွားလာမယ့်ကလေးရဲ့ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေပါတယ်။
Zombie (lovemedia)
0 Comments