အနေဝေးတဲ့စုံတွဲတွေမှာ အချစ်တွေမလျော့သွားစေဖို့ အမြဲတမ်းပြုလုပ်သင့်တဲ့အချက်များ

စစ်တမ်းတွေအရ စုံတွဲ ၁၀ တွဲမှာ ၆ တွဲဟာ အနေဝေးတဲ့ချစ်သူတွေ ဖြစ်တာကို တွေ့ရပါတယ်။ အနေဝေးနေတာကြောင့် အချို့သောပြဿနာတွေဖြစ်လာတဲ့အခါ ပြတ်စဲဖို့ ပိုပြီးလွယ်ကူနေတတ်ပါတယ်။

အဲဒါကြောင့် ဝေးကွာနေရတဲ့စုံတွဲတွေအတွက် အချစ်တွေ မလျော့သွားအောင် အမြဲတမ်းပြုလုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သူ့ရဲ့နေ့စဉ်ဘဝကို မစွက်ဖက်တဲ့နည်းနဲ့ စိတ်ဝင်စားပါ။

အနေဝေးနေတာကြောင့် စိတ်မချဘဲ မကြာခဏ မေးမြန်းမိနေမှာပါ။ ဒါပေမယ့် သံသယတွေနဲ့ အမြဲမေးမြန်းနေတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်အကြား ယုံကြည်မှုတွေ လျော့ကျလာမှာပါ။

သင့်ချစ်သူရဲ့နေ့စဉ်ဘဝကို စွက်ဖက်ခြယ်လှယ်တဲ့ပုံစံမဟုတ်ဘဲ အခြားသောမေးခွန်းလှလှလေးတွေနဲ့ မေးကြည့်တာက ပိုပြီးတော့ ပျော်စရာကောင်းမှာပါ။

၂။ လက်ဆောင်တွေ အပြန်အလှန်ပို့ပါ။

နည်းပညာခေတ်ဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် မြင်ရဖို့က မခက်ခဲတော့ပါဘူး။ ဒါပေမယ့် အလေးထားမှုကို ပြသဖို့အတွက် လက်ဆောင်လေးတွေ ပို့ပေးတာ၊ ပျော်ရွှင်သွားအောင် ဖန်တီးပေးတာတို့ ပြုလုပ်နိုင်ပါတယ်။

လက်ဆောင်ပေးတဲ့အခါ တန်ဖိုးက အဓိကမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် အချစ်မလျော့ကြောင်း၊ ဂရုစိုက်ကြောင်း ပြသဖို့က အဓိကပါ။

၃။ ဝေးကွာနေရတယ်ဆိုတာ ခဏတာပါပဲ။

စုံတွဲတွေကြားမှာ ဝေးကွာနေရတယ်ဆိုတာ အမြဲတမ်းဖြစ်ပေါ်နေမှာမဟုတ်ပါဘူး။ ဝေးကွာနေတဲ့အချိန်မှာလည်း အပြန်အလှန် အချိန်ပေးပြီး သွားလည်သင့်ပါတယ်။

သူ့ဆီကိုယ့်ဆီ အပြန်အလှန်သွားလည်တဲ့အခါ ကုန်ကျစရိတ်တွေကို ထည့်မစဉ်းစားသင့်ပါဘူး။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် ချစ်နေဖို့၊ တွေ့ရဖို့က ပိုပြီးတန်ဖိုးရှိတာပါ။

၄။ အဆက်အသွယ် အမြဲတမ်းလုပ်ပါ။

ဝေးကွာနေတဲ့ချစ်သူစုံတွဲတွေကြားမှာ အဆက်အသွယ်မပြတ်ဖို့က အဓိကပါပဲ။ အဆက်အသွယ်ပြတ်သွားတဲ့အခါ ဘာမှအဓိပ္ပါယ်ရှိတော့မှာမဟုတ်ပါဘူး။

အဲဒါကြောင့် နေ့စဉ်အချိန်ပေးပြီးတော့ ဖုန်းဆက်တာ၊ ရုပ်ရှင်အတူတူကြည့်တာ၊ ဂိမ်းအတူတူဆော့တာတို့ ပြုလုပ်ဖို့ မမေ့သင့်ပါဘူးနော်။

၅။ သင့်ရဲ့ဘဝကို အပြည့်အဝပျော်ရွှင်လိုက်ပါ။

သင်ချစ်တဲ့သူနဲ့ တွေ့ရဖို့ အမြဲတမ်း လွမ်းဆွတ်တမ်းတမနေသင့်ပါဘူး။ တစ်နေ့မှာ ပြန်ဆုံတွေ့ရမှာဖြစ်တာကြောင့် လုပ်စရာရှိတာတွေကို ဆက်လုပ်နေရဦးမှာပါ။

သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ၊ လှလှပပနေထိုင်တာ၊ ခရီးထွက်တာ၊ မိသားစုတွေကို အချိန်ပေးတာ၊ အလုပ်ကြိုးစားတာတို့နဲ့ အချိန်ကုန်သွားတဲ့အခါ ဝေးကွာပြီး လွမ်းနေရတာကလည်း အရမ်းမသိသာတော့ပါဘူး။

၆။ နားလည်မှု ထားပါ။

ဝေးကွာနေတဲ့သူတွေမှာ မဖြစ်မနေလိုအပ်တာကတော့ နားလည်မှုပါ။ တစ်ယောက်နဲ့တစ်ယောက် အချိန်စီမံခန့်ခွဲပုံချင်းမတူညီတာကြောင့် အချိန်မပေးနိုင်တဲ့အခါတွေမှာလည်း နားလည်မှု ရှိဖို့ လိုအပ်ပါတယ်။

အနေနီးတဲ့စုံတွဲတွေလိုမျိုး သေချာဂရုမစိုက်ပေးနိုင်တဲ့အခါတွေမှာ နားလည်မှုရှိနေရင် ပြဿနာတွေ နည်းပါးသွားမှာပါ။

၇။ အနေဝေးနေရခြင်းရဲ့ ကောင်းကျိုးတွေလည်း ရှိပါတယ်။

တစ်ဦးနဲ့တစ်ဦး ဝေးနေရပေမယ့်လည်း အကျိုးကျေးဇူးတွေ ရှိပါသေးတယ်။ မတွေ့ရပေမယ့်လည်း တစ်ဖက်သားက သစ္စာရှိလား၊ ယုံကြည်ရလားဆိုတာကို ဒီအချိန်မှာ သိနိုင်ပါတယ်။

အမြဲတမ်းမတွေ့ဖြစ်တာကြောင့် အချိန်တွေပိုရပြီး စိတ်ဝင်စားတဲ့အရာတွေ၊ အလုပ်တွေကို ပိုတောင်လုပ်နိုင်လာဦးမှာပါ။

၈။ ရိုးသားမှုရှိပါ။

အနေဝေးတဲ့အချိန်မှာ တစ်ဦးနဲ့တစ်ဦးက သံသယတွေ ဝင်မိနေမှာပါ။ အထင်လွဲစရာတွေ ရှိလာလို့ ရှင်းပြတဲ့အခါမှာလည်း လျစ်လျူမရှုလိုက်ဘဲ သေချာနားထောင်ပေးသင့်ပါတယ်။ တစ်ဦးနဲ့တစ်ဦး မကြိုက်တဲ့အရာတွေ၊ မလုပ်သင့်တဲ့အရာတွေကို စည်းကမ်းချမှတ်ထားသင့်ပါတယ်။

ဒါ့အပြင် ထိန်ချန်ကွယ်ဝှက်တာတွေမရှိဘဲ ရိုးသားမှုရှိတဲ့အခါ အနေဝေးနေပေမယ့်လည်း အချစ်တွေက တိုးသထက်တိုးလာဦးမှာပါ။

(lovemedia)

Post a Comment

0 Comments