ကလေးတွေက မိဘတွေနဲ့ အိပ်ရာခွဲအိပ်ရတာဟာ သူတို့အတွက်တော့ အခက်အခဲတစ်ခုပါပဲ။ ဒါပေမယ့် ကလေးတွေကို တစ်ယောက်တည်းအိပ်တတ်အောင် လေ့ကျင့်ပေးနိုင်မယ့် နည်းလမ်းတွေကို ကျွမ်းကျင်သူတွေက ဖော်ပြထားပါတယ်။
၁။ နေ့ဘက်မှာ စတင်ပြီး လေ့ကျင့်ပေးပါ။
ညဘက်မှာ အိပ်ရာခွဲအိပ်ဖို့အတွက် နေ့ဘက်မှာ စတင်လေ့ကျင့်ပေးနိုင်ပါတယ်။ နေ့ဘက်မှာလည်း တစ်ယောက်တည်း စတင်အိပ်ခိုင်းကြည့်ပါ။ ကလေးတွေကို တစ်ယောက်တည်းအိပ်ဖို့ လေ့ကျင့်ပေးတဲ့အခါ မလောဘဲ တစ်ဆင့်ချင်းပဲ ကြိုးစားသင့်ပါတယ်။
လောပြီးတော့ တစ်ယောက်တည်းခွဲအိပ်ဖို့ ကလေးတွေကို အရမ်းတိုက်တွန်းတဲ့အခါ ကလေးက တစ်ယောက်တည်းအိပ်ရမှာကို ပိုကြောက်သွားတတ်ပါတယ်။
၂။ တစ်ယောက်တည်းအိပ်ရမယ့်အချိန်ကို ဖြည်းဖြည်းချင်းစီ တိုးသွားလိုက်ပါ။
အရင်ဆုံး သင့်ကလေးက ဘယ်နှမိနစ်လောက်ဆိုရင် အိပ်ပျော်သွားတတ်လဲဆိုတာကို စတင်လေ့လာကြည့်ပါ။ ကလေးအိပ်ပျော်သွားတဲ့အထိ စိတ်ရှည်လက်ရှည် စောင့်ပေးပါ။ ကလေးကို တစ်ယောက်တည်းအိပ်ခိုင်းတော့မယ်ဆိုရင်
- ညဘက်မှာ သွားတိုက်တာ၊ မျက်နှာသစ်တာတို့ကို အချိန်မှန်ပြုလုပ်ခိုင်းပါ။ အဲဒီအခါ အိပ်ရတော့မယ့်အချိန်ဆိုတာကို ကလေးက အလိုအလျောက်နားလည်လာပါတယ်။
- ကလေးရဲ့အခန်းမီးကို ၈ နာရီပိတ်မယ်ဆိုရင် ကလေးအိပ်ပျော်သွားအောင်လို့ ခဏစောင့်ပေးလိုက်ပါ။ အခန်းမီးပိတ်ပြီးရင်လည်း ကလေးရဲ့ဘေးမှာ အိပ်ပျော်သွားတဲ့အထိ ရှိနေပေးပါ။ အဲဒီအခါ ကလေးတွေက စိတ်ချလက်ချ အိပ်ပျော်သွားပါတယ်။
- ညဘက်မှာ ကလေးကို ခဏခဏ လာကြည့်မယ့်အကြောင်းကို ကလေးက သိထားတဲ့အခါ တစ်ယောက်တည်းအိပ်ရမှာကို မကြောက်တော့ပါဘူး။
- နောက်ပိုင်း ကလေးက ချက်ချင်းအိပ်ပျော်သွားတဲ့အခါမှာတော့ စိတ်ချလက်ချသိပ်ထားလိုက်လို့ရပါပြီ။
၃။ စိတ်ရှည်ဖို့က အဓိကပါပဲ။
ကလေးကို တစ်ယောက်တည်းခွဲသိပ်တဲ့အခါမှာ ဂျီကျတာ၊ ငိုတာတို့ကို ကြုံတွေ့ရမှာပါ။ အဲဒါကြောင့် နေ့ဘက်မှာလည်း တစ်ယောက်တည်းအိပ်တတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။
ကလေးက တစ်ယောက်တည်းမအိပ်ချင်တဲ့အခါ၊ အမှောင်ကို ကြောက်နေတဲ့အခါမှာ ကြောက်စိတ်မဝင်အောင်လို့ ပုံပြင်တွေကို ပြောပြပေးနိုင်ပါတယ်။
သူတို့အကြိုက်ဆုံးဇာတ်ဆောင်ကို အတုယူပြီးတော့လည်း သတ္တိတွေရှိလာအောင် တိုက်တွန်းနိုင်ပါတယ်။ ဒီနည်းနဲ့ ကလေးက တစ်ပတ်အတွင်းမှာ တစ်ယောက်တည်းအိပ်နိုင်သွားပါတယ်။
Zombie (lovemedia)
0 Comments