မုန်လာဥနီဖျော်ရည်ကို နေ့စဉ်သောက်ပေးရင် ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲလာမလဲ

ကျန်းမာရေးကို အကျိုးပြုတဲ့သဘာဝအသီးဖျော်ရည်တွေထဲမှာဆိုရင် မုန်လာဥနီဖျော်ရည်ကိုတော့ ချန်ထားလို့မရနိုင်ပါဘူး။ သင်က မုန်လာဥနီကို မကြိုက်တဲ့သူဆိုရင်တောင် မုန်လာဥနီဖျော်ရည် သောက်ပြီးနောက်မှာတော့ သူ့ရဲ့အရသာနဲ့ အကျိုးပြုပုံတွေကြောင့် ကြိုက်နှစ်သက်သွားမှာ အသေအချာပါပဲ။

၁။ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးခြင်း

မုန်လာဥနီမှာ ပါဝင်တဲ့ဗီတာမင်ဘီက ခန္ဓာကိုယ်ထဲက အဆီတွေကို ဖြိုခွဲဖို့ ကူညီပေးပါတယ်။ ပရိုတိန်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေကိုလည်း စွမ်းအင်တွေအဖြစ် ပြောင်းလဲပေးပါတယ်။

မုန်လာဥနီမှာ အမျှင်ဓာတ်တွေလည်း ပါတာကြောင့် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးထားပြီး အဝလွန်တာကို ကာကွယ်ပေးပါတယ်။

၂။ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ဗီတာမင်အေက မုန်လာဥနီမှာ ပေါများတာကြောင့် မျက်လုံးကျန်းမာရေးအတွက် အများကြီး တိုးတက်စေပါတယ်။ မုန်လာဥနီက မျက်လုံးရဲ့မျက်နှာပြင်ကိုလည်း ကာကွယ်ပေးပါတယ်။ အသက်ကြီးလာလို့ မျက်လုံးနဲ့ပတ်သက်တဲ့ရောဂါတွေကို မုန်လာဥနီက လျှော့ချပေးပါတယ်။

၃။ ကိုယ်ခံအားကောင်းစေခြင်း

ကိုယ်ခံအားနည်းပြီး မကြာခဏနေမကောင်းဖြစ်သူတွေအနေနဲ့ မုန်လာဥနီကို ပုံမှန်စားပေးသင့်ပါတယ်။ မုန်လာဥနီမှာပါဝင်တဲ့ဗီတာမင်အေက ကိုယ်ခံအားကို ကောင်းစေတာပါ။ ဗီတာမင်အေက T-cell တွေ တိုးပွားလာအောင်၊ ကြီးထွားလာအောင် ပံ့ပိုးပေးပါတယ်။

T-cell တွေက ခန္ဓာကိုယ်ကို ကူးစက်ရောဂါပိုးတွေမဝင်အောင် ကာကွယ်ပေးပါတယ်။ မုန်လာဥနီကို ပုံမှန်စားပေးသူတွေက အအေးမိတာ ဖြစ်တာနည်းပါးသွားပြီး နေမကောင်းဖြစ်ရင်တောင် မြန်မြန်ပြန်ကောင်းလွယ်ပါတယ်။

၄။ ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးခြင်း

မုန်လာဥနီမှာ အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင်ပါတယ်။ မုန်လာဥနီကို ပုံမှန်စားပေးခြင်းဖြင့် ကင်ဆာရောဂါဖြစ်နိုင်ချေတွေ နည်းပါးသွားပါတယ်။ မုန်လာနီမှာပါဝင်တဲ့ အမျှင်ဓာတ်တွေက အချို့ကင်ဆာအမျိုးအစားတွေမဖြစ်အောင် ကာကွယ်ပြီးဖြစ်စေပါတယ်။

၅။ အသားအရေလှစေခြင်း

မုန်လာဥနီမှာ vitamin C,E,K တို့ပါဝင်တာကြောင့် အသားအရေကျန်းမာရေးကို သိသိသာသာ ကောင်းလာစေပါတယ်။ မုန်လာဥနီက ကော်လဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် အိုမင်းရင့်ရော်တာကိုလည်း နှေးသွားစေပါတယ်။ သူ့မှာပါတဲ့ ဗီတာမင်ကေက အမာရွတ်တွေ၊ အကြောပြတ်ရာတွေကို မှေးမှိန်သွားစေပါတယ်။

၆။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သင့်လျော်ခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေက ဖောလစ်အက်ဆစ်၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင်ဘီ၊ အေနဲ့ စီတို့ လိုအပ်ပါတယ်။ အဲဒါတွေအားလုံးတစ်စုတစ်စည်းတည်းပါဝင်တာကတော့ မုန်လာဥနီပါပဲ။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း မုန်လာဥနီက စားပေးသင့်တဲ့အသီးတစ်မျိုးပါ။

၇။ ဦးနှောက်ကျန်းမာရေးကို တိုးတက်စေခြင်း

မှတ်ဉာဏ်တိုးတက်ဖို့၊ ဦးနှောက်ကျန်းမာရေးကောင်းမွန်ဖို့ဆိုရင် မုန်လာဥနီကို နေ့စဉ်စားပေးသင့်ပါတယ်။ မုန်လာဥနီက ဦးနှောက်မှတ်ဉာဏ်နဲ့သက်ဆိုင်တဲ့ရောဂါဖြစ်တဲ့ အယ်လ်ဇိုင်းမာရောဂါဖြစ်နိုင်ချေကို နည်းပါးစေပါတယ်။

၈။ နှလုံးကို ကာကွယ်ပေးခြင်း

မုန်လာဥနီဖျော်ရည်ကို ပုံမှန်သောက်ပေးရင် နှလုံးသွေးကြောနဲ့သက်ဆိုင်တဲ့ရောဂါတွေကို အထိုက်အလျောက်ကာကွယ်ပြီးသားပါပဲ။

မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေက သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။ ကိုလက်စထရောများတာကိုလည်း လျှော့ချပေးပါတယ်။

(lovemedia)

Post a Comment

0 Comments