မကောင်းတဲ့အကျင့်တွေက ကူးစက်လွယ်ပြီး ဖျောက်ရလည်း ခက်ပါတယ်။ တစ်ခါတရံမှာ မကောင်းတဲ့အကျင့်တွေကြောင့် အခွင့်အရေးတွေကိုလည်း လက်လွှတ်ဆုံးရှုံးရနိုင်ပါတယ်။ အဲဒါကြောင့် မကောင်းတဲ့အကျင့်တွေကို ဖျောက်နိုင်ဖို့ အဆင့် ၆ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ကိုယ့်ကိုယ်ကိုယ် မလိမ်ညာလိုက်ပါနဲ့။
သင့်ရဲ့မကောင်းတဲ့အကျင့်တွေကို ကိုယ်တိုင်သိလေ အဲဒီအကျင့်ကို ပြောင်းလိုက်ပစ်လိုက်ဖို့ လွယ်ကူလေပါပဲ။ မကောင်းမှန်းသိနေပေမယ့်လည်း မကောင်းတဲ့အကျင့်ကို စွဲမြဲနေတတ်ပါတယ်။ မကောင်းတဲ့အကျင့်ကို မကောင်းမှန်းသိနေရင် ပထမအဆင့်အတွက် အောင်မြင်ပါပြီ။
၂။ စာရွက်ထဲမှာ ချရေးပါ။
သင့်ရဲ့မကောင်းတဲ့အကျင့်တွေ အားလုံးကို စာရွက်ပေါ်မှာ ချရေးပါ။ အဲဒီအခါ မကောင်းတဲ့အကျင့်တွေက ပိုပြီး ရှင်းလင်းမြင်သာလာပါတယ်။ ဥပမာအားဖြင့် လက်သည်းကိုက်တတ်တဲ့အကျင့်၊ လက်ချောင်းလေးတွေကို ချိုးတတ်တဲ့အကျင့်တွေကို ချရေးလိုက်ပါ။
မကောင်းတဲ့အကျင့်တွေကြောင့် ရလာမယ့်ဆိုးကျိုးတွေကိုလည်း တစ်ချိန်တည်းမှာ ပေါ်လာပါတယ်။ နောက်ပိုင်းမှာတော့ မကောင်းတဲ့အကျင့်တွေကို ငြီးငွေ့လာပြီး အလွယ်တကူ စွန့်လွှတ်လာနိုင်ပါတယ်။
၃။ ကောင်းတဲ့အကျင့်နဲ့ အစားထိုးပါ။
တစ်ခါတရံမှာ မကောင်းတဲ့အကျင့်ကြောင့် ရလာတဲ့စိတ်လှုပ်ရှားမှုကို သာယာနေမိတတ်ပါတယ်။ အဲဒီစိတ်လှုပ်ရှားမှုကို နှစ်သက်နေတာကြောင့် မကောင်းတဲ့အကျင့်ကို မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။
မကောင်းတဲ့အကျင့်နေရာမှာ ကောင်းတဲ့အကျင့်ကို အစားထိုးရင်းနဲ့ ကောင်းတဲ့အကျင့်တွေ စွဲမြဲလာပါတယ်။
၄။ ဖြည်းဖြည်းချင်းပြောင်းလဲပါ။
မကောင်းတဲ့အကျင့်တွေက သင့်ဆီမှာ နှစ်နဲ့ချီကြာပြီး စွဲမြဲနေခဲ့တာဖြစ်ပါတယ်။ မကောင်းတဲ့အကျင့်ကို ချက်ချင်းစွန့်လွှတ်လိုက်ဖို့က ခက်ခဲပါတယ်။
မကောင်းတဲ့အကျင့်ကို တစ်ပတ်တည်းနဲ့လည်း ပြောင်းလဲလိုက်ဖို့က မလွယ်ကူပါဘူး။ အဲဒါကြောင့် စိတ်ရှည်ရှည်ထားပြီး ဖြည်းဖြည်းချင်းပြောင်းလဲပါ။
၅။ App ကို အသုံးပြုပါ။
သင့်ရဲ့ပြောင်းလဲမှုကို သိသာလာစေဖို့ application တွေကို အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် သင်က ကိုယ်အလေးချိန်ကို ထိန်းချင်သူဆိုရင် ကိုယ်အလေးချိန်ကျဖို့ လမ်းညွှန်ပေးတဲ့ application တွေကို အသုံးပြုပါ။ နေ့စဉ်မှတ်တမ်းထဲမှာ ပြောင်းလဲလာတဲ့အချက်တွေကို ရေးသားထားပြီး ကိုယ်ကိုယ်ကိုယ် ဆုချပါ။
၆။ အခြားသူတွေရဲ့ အကူအညီကို ရယူပါ။
မကောင်းတဲ့အကျင့်ကို ပြောင်းလဲဖို့အတွက် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေရဲ့အကူအညီကို ရယူနိုင်ပါတယ်။ ကိုယ်အလေးချိန်ချဖို့ဆိုရင် သူငယ်ချင်းနဲ့အတူတူ
အချိန်ကာလသတ်မှတ်ပြီး ကိုယ်အလေးချိန်ချတာက ပိုပြီးထိရောက်ပါတယ်။ အိပ်ရာထအမြဲတမ်းနောက်ကျတတ်သူဆိုရင် မိသားစုဝင်တွေကို နှိုးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
နှာခေါင်းနှိုက်တာက ကောင်းတဲ့အကျင့်လား၊ ဆိုးတဲ့အကျင့်လား။
လူအများစုက နှာခေါင်းနှိုက်တတ်တဲ့အကျင့်ကို အကျင့်ဆိုးလို့သတ်မှတ်ထားကြပါတယ်။ နှာခေါင်းနှိုက်တာကြောင့် ကိုယ်ခံအားကောင်းလာကြောင်း သိပ္ပံပညာရှင်တွေက ဖော်ပြထားပါတယ်။
Zombie (lovemedia)
0 Comments