ဟိုးရှေးရှေးတုန်းက ဧကရာဇ်ဘုရင်ကြီးတပါး ရှိသတဲ့။ သူဟာ နေ့စဉ် တွေးခေါ်ခြင်း အလုပ်ကို လုပ်တယ်။ တနေ့တော့ သူဟာမေးခွန်းသုံးခု ထုတ်တယ်။
(၁) အလုပ်တခုလုပ်ဖို့ ဘယ်အချိန် အကောင်းဆုံးလဲ။ (၂) ဘယ်သူက အရေးကြီးဆုံးလဲ။ (၃) ဘာအရေးကြီးဆုံးလဲ။ မည်သူမဆို ဒီမေးခွန်း သုံးခုကို ဖြေနိုင်တယ်လို့ အမိန့်ထုတ်တယ်။ သူ့ စိတ်တိုင်းကျ အကောင်းဆုံး ဖြေနိုင်သူကို ဆုကြီးလာဘ်ကြီး ပေးမယ်လို့လည်း ကျေညာတယ်။
ဒီတော့ အဖြေပေးဖို့လူတွေ နန်းတော်ကို ရောက်လာကြတယ်။ တယောက်တမျိုး အဖြေပေး ကြတယ်။ အဖြေတွေကို မျိုးတူစုပြုလိုက်တော့ ဒီလိုထွက်လာတယ်။
(၁) အလုပ်လုပ်ဖို့ နာရီ၊ နေ့၊ လ၊ နှစ် အတိအကျ ဇယားဆွဲပြီး လုပ်သင့်တယ်။ တချို့က စီမံကိန်းချပြီး လုပ်ရမယ်၊ တချို့က ကြိုတင်ပြင်ဆင်ပြီးမှ လုပ်သင့်တယ် စသည်ဖြင့် (၂) ဒုတိယမေးခွန်းအတွက် အရေးကြီးဆုံးသူဟာ အုပ်ချုပ်သူ ဝန်ကြီးတွေ တချို့ကဘုန်းကြီး၊ တချို့က သမားတော် စသည်ဖြင့် (၃) အလားတူပဲ ဘာအရေးကြီးဆုံးလဲကို တချို့က သိပ္ပံပညာ၊ တချို့ကဘာသာရေး၊ တချို့က စစ်ရေးဗျူဟာ စသည်ဖြင့်ပေါ့။
ဒီအဖြေတွေကို ဘုရင်ကြီးက သဘောမကျဘူး။ ဆုလာဘ်လည်း မချဘူး။ နေ့စဉ် စဉ်းစားလည်း အဖြေမရဘူး။ အဲဒါနဲ့ ဘုရင်ကြီးဟာ တောင်အောက်ကို ဘယ်တော့မှ မဆင်း၊ တောင်ပေါ်မှာပဲ နေတဲ့ ရသေ့သူတော်စင် တပါးထံ ရိုးရိုးသာမန်ဆင်းရဲသားလို ဝတ်ဆင်ပြီး တောင်ပေါ် တက်ခဲ့တယ်။ စစ်သည် မှူးမတ်တွေ ကိုတော့ တောင်အောက်မှာပဲ နေစေခဲ့တယ်။
တောင်ပေါ်ရောက်တော့ ချွေးဒီးဒီးကျအောင် ပေါက်တူးနဲ့ မြေလွတ်ကို မြောင်းဖော်နေတဲ့ ရသေ့ကို တွေ့တယ်။ ဘုရင်ကြီးက ရသေ့ကို တွေ့တော့ မေးခွန်းသုံးခုကို မေးချင်၍ တောင်ပေါ် တက်လာခဲ့ကြောင်း ပြောပြတယ်။
ရသေ့ကြီးက ဘာမှမပြောဘဲ ဘုရင်ကြီးပုခုံးကို လက်နဲ့ပုတ်ပြီး မြေကြီးကို ဆက်ပေါက်နေတယ်။ ဘုရင်ကြီးလည်း မနေသာတော့ဘဲ ရသေ့ကြီးထံက ပေါက်တူးကို လှမ်းတောင်းယူပြီး မြေကြီးကို ဆက်တူးပါတယ်။
ဘုရင်ကြီး မြောင်းဘောင်နှစ်ခု တူးပြီး ခေတ္တနားကာ ရသေ့ကြီးအား မေးခွန်း သုံးခု မေးပြန်တယ်။ ရသေ့ကြီးက ပြုံးပြီး ခနနားပါဦး ပြီးမှ ဆက်တူးတာပေါ့ လိုဆိုတယ်။ နေသာဝင်သွားပြီး မြေတူးတာနားတဲ့ အချိန်အထိ ရသေ့ကြီးက အဖြေမပေးဘူး။
ထိုအခါ ဘုရင်ကြီးက တပည့်တော် မေးတဲ့မေးခွန်ကို မဖြေနိုင်ရင် ပြန်တော့မယ် ဆိုတဲ့အကြောင်း ပြောသတဲ့။ ထိုအခါ ရသေ့ကြီးက တစုံတရာကို နားစွင့်ရင်း "ဒို့ဆီကို လူတယောက် လာတဲ့အသံ ကြားတယ်" လို့ပြောတယ်။ ထိုစဉ်တောထဲမှ လူတယောက် ဒဏ်ရာတွေနဲ့ ပေါ်လာပြီး ရသေ့ကြီးအနီးမှာ လဲကျ မေ့မြောသွားတယ်။
ဘုရင်ကြီးဟာ အဲဒီလူဆီ ပြေးသွားပြီး သူ့ဒဏ်ရာကို ကြည့်တယ်။ သွေးတွေ ထွက်နေတာကို သူ့အင်္ကျီ လက်မောင်းစ ဖြဲပြီး ဖိသိပ်ပေးတယ်။ သွေးတိတ်သွားတဲ့အထိ သူ့အင်္ကျီဖြဲပြီး သိပ်ပေးတော့ သွေးတိတ်သွားတယ်။ ရေတောင်းတော့ စမ်းချောင်းဆီပြေးပြီး ရေခပ်တိုက်တယ်။ ရေသောက်ပြီး သတိမေ့သွားပြန်တယ်။ ဘုရင်ကြီးလည်း မောမောနဲ့ အိပ်ပျော်သွားတယ်။
မနက်မိုးလင်းတော့ သူ့ထက် အရင်နိုးနေတဲ့ ဒဏ်ရာနဲ့လူက သူ့ကိုကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်နေတာတွေ့ရတယ်။ ထိုလူကဘုရင်ကြီးကို သူ့အား ခွင့်လွှတ်ဖို့ပြောတယ်။ ဘုရင်ကြီးက ကြောင်နေတယ်၊ ဘာကြောင့်လဲပေါ့။
လူနာက ပြီးခဲ့တဲ့ စစ်ပွဲတုန်းက ဘုရင်ကြီးဟာ သူ့ညီကို တိုက်ခိုက် သတ်ဖြတ်ပြီး ဥစ္စာပစ္စည်းများပါ သိမ်းယူခဲ့တာကြောင့် ဘုရင်ကြီးကို ကလဲ့စားချေဖို့ တောင်ပေါ်အတက်မှာ ရဲမက်တွေနဲ့ တွေ့ပြီး ဒဏ်ရာရလာခြင်း ဖြစ်ကြောင်း ပြောပြတယ်။
အခုအခါဘုရင်ကြီးက သူ့ကို သတ်ဖို့ လာသူကိုပင် ကယ်ခဲ့တာမို့ ကျေးဇူးရှင်ဖြစ်၍ ကျွန်တော်မျိုးနှင့်တကွ မျိုးဆက်တခုလုံး သစ္စာတော်ခံပါရစေ လို့ လျှောက်ထားလေတယ်။ ဘုရင်ကြီးလည်း ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ပစ္စည်းအားလုံး ပြန်ပေးမယ်၊ ဒဏ်ရာကိုလည်း ပျောက်အောင် ကုသပေးမယ် လို့ ကတိပေးတယ်။
ထို့နောက်မှာတော့ ဘုရင်ကြီးဟာ မမေ့မလျော့ဘဲ ရသေ့ကြီးကို မေးခွန်း ထပ်မေးပြန်တယ်။ ရသေ့ကြီးက "သင့်မေးခွန်းများကို သင်ကိုယ်တိုင် ဖြေပြီးပါပကော" ဟု မိန့်ပါတယ်။ ဘုရင်ကြီးက မရှင်းလင်း၍ ရှင်းပြပေးပါရန် တောင်းပန်တော့ ရသေ့ကြီးက ဒီလိုရှင်းပြတယ်။
မနေ့က သင်ဟာ ကျွန်ုပ်အသက်အရွယ်နဲ့ လုပ်နေတာကို ကိုယ်ချင်းစာစိတ်နဲ့ မကူညီဘဲ ပြန်သွားခဲ့လျှင် မုချ သင့်ရန်သူရဲ့ လုပ်ကြံခြင်း ခံရမယ်။ သို့သော် သင်ဟာ စိတ်ကောင်း စေတနာကောင်းနဲ့ သက်ကြီးရွယ်အိုကျွန်ုပ်ကို ကူညီခဲ့တယ်။ ဒီတော့ အရေးကြီးဆုံး အချိန်ဟာ သင်မြေကြီးကို တူးနေတဲ့ အချိန်ပဲ။
အရေးကြီးဆုံးသူက ကျွန်ုပ်ပဲ။ အရေးကြီးဆုံးက သင်ရဲ့ကူညီလိုတဲ့ သင့်စိတ်ဓာတ်ပဲ။ ဒီလိုပဲ မနေ့က ဒဏ်ရာရလာတဲ့ လူကို သင်ပတ်တီးစီး စောင့်ရှောက်နေချိန်ဟာ အရေးကြီးဆုံးပါပဲ။
တကယ်လို့ သင်ဟာ အဲဒီအချိန်မှာ မစောင့်ရှောက်ရင် လူနာဟာ သေသွားပြီး သူ့ရဲ့မေတ္တာတရား ပေါင်းစည်းနိုင်မှုကို မရနိုင်တော့ဘူးပေါ့။ ဒီတော့ အရေးကြီးဆုံး အချိန်ဟာ သူ့ကိုသက်သာအောင် လုပ်နေတဲ့ အချိန်ပဲ။
အရေးကြီးဆုံးလူကတော့ လူနာပဲ။ အရေးကြီးဆုံးက သင့်ရဲ့ စာနာထောက်ထားပြီး ဒဏ်ရာသက်သာအောင် လုပ်လိုတဲ့စိတ်ဓာတ်ပဲ။ ဒီတော့ မှတ်သားထားဖို့က (၁) ဘယ်အချိန် အကောင်းဆုံးလဲ ဆိုရင် အခု ပစ္စုပ္ပန် လက်ရှိအချိန်ပဲ။
(၂) ဘယ်သူ အရေးကြီးလဲ ဆိုရင် သင်နဲ့ အနီးဆုံးသူပါပဲ။ (၃) ဘာ အရေးကြီးဆုံးလဲဆိုရင် သင်ဘာလုပ်ရမလဲ ဆိုတဲ့ စိတ်ဓာတ်နဲ့ အနီးဆုံးသူကို စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးခြင်း ပါပဲတဲ့။ Crd
0 Comments