ယုတ်မာသော မိတ်ဆွေမျိုး

တခါတုန်းက မိကျောင်းထီး တကောင်ဟာ အစာရှာထွက်လေ့ ရှိတဲ့ မြစ်ကမ်းနားက ရေသဖန်းပင် ပေါ်မှာ မျောက်တစ်ကောင်နဲ့ မိတ်ဆွေ ဖြစ်နေကြပါသတဲ့။

မျောက်ဟာ အစာရှာပြီး မြစ်ကမ်းနားမှာ အနားယူလေ့ရှိတဲ့ မိကျောင်းကို သူနေထိုင်ရာ သဖန်းပင်ပေါ်က သဖန်းသီးတွေကို မိကျောင်းအတွက် ခူးပြီး ချွေချပေးလေ့ ရှိပါတယ်။

မျောက်ချွေချပေးတဲ့ သဖန်းသီးတွေကို မိကျောင်းက ကျောပေါ် တင်သွားပြီး သူ့ရဲ့ မယားဖြစ်သူ မိကျောင်းမကို ကျွေးလေ့ ရှိပါတယ်။ မိကျောင်းမဟာ သဖန်းသီးတွေကို စားတိုင်း ချိုလိုက်တာ ဆိုပြီး အမြဲချီးကျူးလေ့ ရှိပါတယ်။

တနေ့မှာတော့ မိကျောင်းမဟာ မိကျောင်းထီးကို ပြောပါတယ်။ "ရှင်ယူလာတဲ့ သဖန်းသီးတွေက ချိုလိုက်တာနော် ဒါပေမယ့် ဒါလေးတွေကို စားရတာ နဲ့တင် မတင်းတိမ်နိုင်ဘူး။

သဖန်းပင်ပေါ်က သဖန်းသီးတွေကို နေ့တိုင်းစားနေတဲ့ မျောက်ရဲ့ အသည်းက ပိုတောင် ချိုအုံးမှာ။ ကျုပ်ကို သဖန်းပင်ပေါ်က မျောက်အသည်း စားရအောင် ယူလာခဲ့ပေးပါလား" ဆိုပြီး မျောက်သားစားဖို့ ပူဆာ ပါတော့တယ်။

မိကျောင်းထီးက မျောက်နဲ့ မိတ်ဆွေ ဖြစ်နေတာမို့ မျောက်ကို မစားစေချင် ပေမယ့် မိကျောင်းမက မကြာခဏ ပူဆာလေ့ ရှိတာမို့ နောက်ဆုံးမှာတော့ မငြင်းရက်ပဲ မျောက်ရဲ့အသည်းကို ယူလာပေးမယ်လို့ ကတိပေးခဲ့ ရပါတယ်။

အဲဒီလိုနဲ့ ပုံမှန်လို မိကျောင်းက အစာရှာထွက်ရင်း မြစ်ကမ်းနားမှာ အနားယူရင်း မျောက်ကို ဘယ်လို လိမ်ခေါ်သွားရမလဲ စဉ်းစားပါတယ်။

မိကျောင်းက မျောက်ကို စကားပြောလိုက် ပါတယ်။ "ကိုမျောက်ရေ မင်းပေးတဲ့ သဖန်းသီးတွေကို စားပြီး မိကျောင်းမက မင်းကို တွေ့ချင်လို့ အိမ်လည်လိုက်ခဲ့ပါ လို့ မှာလိုက်တယ်။ အဲဒါ မင်းငါ့ကျောပေါ်က နေပြီး အိမ်လည် လိုက်ခဲ့ပါအုံးလား" လို့ မေးလိုက်ပါတယ်။

မျောက်က ခင်မင်ရင်းစွဲ ရှိသူမို့ ယုတ်မာတဲ့ အကြံကို မရိပ်မိဘဲ ပြန်ဖြေလိုက်ပါတယ်။ "အော် မိကျောင်းရဲ့ အိမ်က ရေလည်မှာလား။ ကျုပ်က ရေမကူးတတ်တော့ ရေထဲ ပြုတ်ကျမှာတော့ ကြောက်သဗျာ"

အကြံရှိတဲ့ မိကျောင်းထီးဟာ "ဟာ စိတ်မပူပါနဲ့ အဆွေမျောက်ရဲ့ ကျုပ်ကျောပေါ် ကနေသာ လိုက်ခဲ့ပါ။ ခင်ဗျားရေထဲ မပြုတ်ကျအောင် ကျုပ်ထိန်းထား ပေးပါ့မယ်" လို့ အာမခံ လိုက်ပါတယ်။

ယုံကြည်သွားတဲ့ မျောက်ဟာ မိကျောင်းမဆီ လိုက်ဖို့ သဘောတူ လိုက်သတဲ့။ အဲဒီလိုနဲ့ မိကျောင်းကျောပေါ်မှာ မျောက်ဟာ လိုက်ပါလာရင်း ရေလည်ခေါင်ကို ရောက်လာပါတော့တယ်။

မျောက်ဟာ မသင်္ကာတာကြောင့် မိကျောင်းထီးကို လှည့်ပတ်မေးရင်း ရေလည်ခေါင် အရောက်မှာ မိကျောင်းထီးဆီက စကားနှိုက်လို့ ရသွားပါတယ်။

"ဟုတ်တယ် အဆွေမျောက်ရေ၊ ကျွန်တော့်မိန်းမ မိကျောင်းမဟာ ကိုယ်ဝန်ဆောင်မို့ သူက အဆွေမျောက်ရဲ့ အသည်းကို စားချင်စိတ် ဖြစ်နေတာမို့ မငြင်းရက်တာကြောင့် ခင်ဗျားကို ခေါ်လာရတာပါပဲ" လို့ ရေလည်ခေါင် အရောက်မှာ ပြန်မပြေးနိုင်တော့ဘူး အထင်နဲ့ ဝန်ခံလိုက် ပါသတဲ့။

အဲဒီအခါမှာ မျောက်ဟာ အကြံထုတ်ပြီး ချက်ချင်းပဲ မိကျောင်းကို ပြုံးရွှင်စွာ ပြန်ပြောလိုက်ပါတယ်။ "အော် အဆွေမိကျောင်းရယ် မိတ်ဆွေတွေချင်းပဲ အစောကြီးထဲက ခုလို ပွင့်ပွင့်လင်းလင်း ပြောခဲ့ရင် ရသားနဲ့။ ကျုပ်အသည်းကို စားချင်ရင် ကျုပ်ထည့်ပေးလိုက်မှာပေါ့ဗျာ။

ခုတော့ ရေလည်ခေါင်ကျမှ ပြောတယ်။ သဖန်းပင်ရှိရာ ပြန်လှည့်မှရတော့မယ်၊ ကျုပ်အသည်းကို ကျုပ်က ရေသဖန်းပင်ပေါ်မှာ ချိတ်ခဲ့တာဗျာ။ လာ ခုပဲ သဖန်းပင်ပေါ်က အသည်းကို သွားပြန်ယူကြရအောင်"

မျောက်ရဲ့ စကားကို အကြားမှာ တုံးအတဲ့ မိကျောင်းထီးဟာ "ဟာ တကယ်လား။ အဲလိုမှန်း သိရင် ကျုပ်အစောကတည်းက ပြောပါတယ်ဗျာ။ အခုဘယ်လို လုပ်မတုန်း" လို့ မေးပါတယ်။

အကြံပိုင်တဲ့ မျောက်ဟာ "အော် ဘယ်လိုလုပ်မတုန်း သဖန်းပင်ရှိရာ ပြန်လှည့်ပေးတော့ဗျိုး။ ကျုပ်ကို စောစောကပြောရင် ကျုပ်အသည်းချည်း သက်သက် ခင်ဗျားကို ထည့်ပေးလိုက်တာပေါ့။ ခုတော့ ပြန်ယူမှရတော့မယ်လေ"

မျောက်ရဲ့စကားကို အကြားမှာ မိကျောင်းထီးဟာ မျောက်ကို သဖန်းပင်ရှိရာဆီ ပြန်ပို့ပေးလိုက်ပါတယ်။ မျောက်ဟာ "မိတ်ဆွေကြီးရေ ခဏလေးစောင့်နော်၊ ကျုပ်အသည်းကို အပင်ပေါ် တက်ယူပြီး ပြန်ဆင်းလာခဲ့ပါ့မယ်" လို့ ပြောပြီး သဖန်းပင်ပေါ် ပြေးတက်သွားကာ ပြန်ဆင်းမလာ တော့ပါဘူး။

မိကျောင်းထီးဟာ သဖန်းပင်အောက်က နေပြီး မျောက်ကို "အဆွေမျောက်ရေ အသည်းယူပြီးရင် ပြန်ဆင်းလာခဲ့တော့လေ" လို့ အော်ခေါ်တဲ့အခါ မျောက်က ပြန်ပြောလိုက်ပါတယ်။

"ဟယ် မိကျောင်းယုတ် နင့်အပေါ်မှာ မိတ်ဆွေကောင်းအဖြစ် နေခဲ့တဲ့ ငါ့လို မိတ်ဆွေကိုတောင် ယုတ်မာတဲ့ စိတ်ထားတဲ့ နင့်လို မိတ်ဆွေမျိုးကို ငါက အကြံသုံးပြီး ကလိမ် ကျလိုက်တာဟဲ့။ ဒီတသက် နင့်လို မိတ်ဆွေယုတ်မျိုးကို ဘယ်တော့မှ အဆက်အဆံ မလုပ်တော့ဘူး" လို့ ပြတ်သားစွာ ပြန်ပြောလိုက် ပါတော့တယ်။

ဒီပုံပြင်လေးကနေ မိတ်ဆွေကောင်းအဖြစ် ကိုယ်က နေပေးပေမယ့် ကိုယ့်အပေါ် ပြန်ပြီး မိတ်ဆွေကောင်း မဖြစ်နိုင်တဲ့ သူမျိုးလည်း ရှိနိုင်တယ် ဆိုတာကို သင်ခန်းစာ ပေးထားပါတယ်။

လူ့လောကမှာ ကျင်လည်တဲ့အခါ လူအမျိုးမျိုး စိတ်အထွေထွေမို့ လူတိုင်းကို သံသယနဲ့ မဆက်ဆံသင့်ပေမယ့် လူတိုင်းကိုလည်း အလုံးစုံ မျက်လုံးမှိတ် ယုံကြည်လို့ မဖြစ်နိုင်ပါဘူး။ ဉာဏ်နဲ့ ယှဉ်ပြီး ယုံကြည်ဖို့ သင်ခန်းစာ ပေးထားတာပါ။ BAWA

Post a Comment

0 Comments