ဝံပုလွေ၏ ကျေးဇူးဆပ်နည်း

တခါက ဝံပုလွေ တကောင်ဟာ သားကောင်ကို အငမ်းမရ စားရင်း လည်ချောင်းထဲမှာ အရိုးတချောင်း ကန့်လန့်ခံသွား ခဲ့တယ်။

အရိုးကို အန်ထုတ်လို့လည်း မရ၊ မျိုချလို့လည်း မရတာကြောင့် လည်ချောင်းမှာ နာကျင်တဲ့ဝေဒနာကို ခံစားနေရတဲ့ အပြင် နောက်ထပ် ဘာအစားအသောက်မှ ထပ်စားလို့ မရတော့တဲ့ အတွက် ဆာလောင်မှု ဝေဒနာကိုပါ ခံစားနေရတယ်။

အဲဒါနဲ့ ဝံပုလွေဟာ သူ့လည်ချောင်းထဲ ကန့်လန့် ခံနေတဲ့ အရိုးကို ထုတ်ပေးနိုင်မယ့် သတ္တဝါကို စဉ်းစားကြည့် လိုက်တော့ ကြိုးကြာငှက်ကို စဉ်းစားမိပါတယ်။

ကြိုးကြာငှက်ဟာ နှုတ်သီးကလည်း ရှည်၊ လည်ပင်းကလည်း ရှည်တာမို့ သူ့လည်ချောင်းထဲကို နှုတ်သီး ထိုးသွင်းပြီး အရိုးကို ဆွဲထုတ်ပေးလို့ ရနိုင်တယ်လို့ တွေးမိလိုက်တယ်။

အဲဒါနဲ့ သူဟာ ကြိုးကြာငှက် ရှိရာကို သွားပြီး တောင်းပန် အကူအညီ တောင်းတယ်။ "အဆွေ ကျွန်ုပ်ကို ကူညီပါ၊ ကျွန်ုပ်ရဲ့ လည်ချောင်းထဲမှာ အရိုးတရိုး ကန့်လန့် ခံနေတာမို့ မစားနိုင် မသောက်နိုင် ဖြစ်နေတာ ကြာပါပြီ။

သင့်ရဲ့ နှုတ်သီးနဲ့ ကိုက်ပြီး ဆွဲထုတ် ပေးရင် ရနိုင်ပါ တယ်။ အဲဒီ အရိုးသာ ထွက်သွားရင် ကျွန်ုပ် သင့်ကို ကျေးဇူးဆပ်ပါ့မယ်"

ဝံပုလွေရဲ့ တောင်းပန်မှုကြောင့် ကြိုးကြာငှက်က ဝံပုလွေကို ပါးစပ် ဟခိုင်းလိုက် ပါတယ်။ သူ့ရဲ့ ရှည်လျားတဲ့ နှုတ်သီးနဲ့ သေးသွယ်တဲ့ လည်ပင်းကို ဝံပုလွေရဲ့ အာခေါင်က တဆင့် လည်ချောင်းထဲ ထိုးသွင်းပြီး ကန့်လန့် ခံနေတဲ့ အရိုးကို ကိုက်ချီဆွဲထုတ်ပေး လိုက်တယ်။

ဝံပုလွေလည်း ဝေဒနာ ပျောက်ကင်း သွားတာမို့ ဝမ်းသာအားရ ဖြစ်သွားတယ်။ ပြီးတော့ ကြိုးကြာငှက်ကို ကျေးဇူးတင်စကား ပြောပြီး ပြန်လှည့်အထွက် ကြိုးကြာငှက်က နောက်ကနေ လှမ်းမေးတယ်။

"အဆွေ အသင် ပြောတော့ အရိုး ထွက်သွားရင် ကျွန်ုပ်ကို ကျေးဇူး ဆပ်မယ်ဆို။ ဘာဖြစ်လို့ လှည့်ထွက် သွားတာလဲ"

ဒီတော့ ဝံပုလွေက နောက်ကို ပြန်လှည့် ကြည့်ပြီး ပြောလိုက် ပါတယ်။ "အသင် ကျွန်ုပ် အသင့်ကို ကျေးဇူးဆပ်ခဲ့ပြီး ပါပြီ။ ကျွန်ုပ်ရဲ့ အာခံတွင်းထဲ ရောက်လာတဲ့ သင့်ဦးခေါင်းကို ကိုက်မဖြတ်ဘဲ ထားလိုက်တာ ကျေးဇူးဆပ်တာ ပဲပေါ့။ အသင့်ကို သတ်ဖြတ် မစားသွားတာ ကိုပဲ ဝမ်းသာပါတော့"

ကိုယ့်အကျိုးသာ ကြည့်ပြီး သူတပါးအတွက် ထည့်မစဉ်းစား ပေးတဲ့ ဝံပုလွေနဲ့ အလားသဏ္ဌာန် တူတဲ့ လူတွေ ပေါပါတယ်။

အဲဒီလို လူမျိုးတွေနဲ့ ကြုံရင် နောက်ထပ် ဒုက္ခပေး မသွားတာကိုပဲ ကိုယ်က ပြန် ဝမ်းသာရ ပါလိမ့်မယ်။ အဲဒီလို လူတွေကို နောက်ထပ် အထူး သတိထား ဆက်ဆံရမှာ ဖြစ်ပါတယ်။ Myint Soe

Post a Comment

0 Comments