ရှေးသရောအခါ တောအုပ်တခုတွင် ပညာရှိ ဇီးကွက်တကောင် နေထိုင်၏။ တိရစ္ဆာန်များသည် အချင်းချင်း အငြင်းပွားသည့် အခါတိုင်း ထိုပညာရှိ ဇီးကွက်ထံသို့ သွား၍ အဆုံးအဖြတ်ကို နာခံလေ့ ရှိ၏။
တနေ့သောအခါ ဆင်တကောင်သည် မျောက်တကောင်အား "မိမိသည် သစ်ပင်များကို ချိုးနိုင်သည်၊ သစ်တုံးကြီးများကို ဆွဲနိုင်သည်။ ထို့ကြောင့် ခန္ဓာကိုယ် ကြီးမား၍ ခွန်အားကောင်းခြင်းသည် အလွန် အသုံးဝင်သည်" ဟု ဆို၏။
မျောက်ကလည်း "မိမိသည် မည်သည့် သစ်ပင်ကိုမဆို မည်မျှပင် မြင့်စေကာမူ အလွယ်တကူ လျင်မြန်စွာ တက်နိုင်သည်။ ထို့ကြောင့် ခန္ဓာကိုယ် သေးငယ်ပေါ့ပါးသော သူသည် ခန္ဓာကိုယ် ကြီးမား၍ ခွန်အား ကောင်းသူထက် ပို၍ အသုံးကျသည်" ဟု ဆိုလေသည်။
ထိုသို့ အငြင်းအခုံ ဖြစ်ကြသဖြင့် နှစ်ဦးစလုံးသည် အဆုံးအဖြတ် ခံယူရန် ပညာရှိ ဇီးကွက်ထံသို့ သွားကြသည်။ ဇီးကွက်ထံသို့ ရောက်သောအခါ အကျိုးအကြောင်း ပြောပြပြီးနောက်
"ပညာရှိ ဇီးကွက်၊ ကျွန်ုပ်တို့ နှစ်ဦးအနက် မည်သူက ပို၍ အသုံးကျသည်ကို ဆုံးဖြတ်ပေးပါ" ဟု ဆိုကြလေသည်။
ဇီးကွက်က သူ၏နေရာ သစ်ပင်နှင့် မနီးမဝေးတွင် ရှိသော ချောင်းကို ညွှန်ပြ၍ "အဆွေတို့ နှစ်ဦးစလုံး ထိုချောင်းကို ဖြတ်ကူးပါ။ ချောင်းတဘက်ကမ်းတွင် သစ်ပင်ကြီး တပင်ကို တွေ့ပါလိမ့်မည်။ ထိုသစ်ပင်မှ အသီးကို ခူးယူခဲ့ပါ" ဟု ဆိုလေသည်။
ဆင်ကြီးက "ထိုသစ်ပင်နှင့် ကျွန်ုပ်တို့ ပြဿနာ မည်သို့ သက်ဆိုင်ပါသနည်း" ဟု မေး၏။ ဇီးကွက်က "အလွန် သက်ဆိုင်ပါသည်။ ကျွန်ုပ် စေခိုင်းသမျှကိုသာ ဆောင်ရွက်ပါ" ဟု ပြော၏။
ဆင်နှင့် မျောက်တို့သည် ဇီးကွက် ညွှန်ပြသော ချောင်းသို့ သွားကြ၏။ မျောက်သည် ချောင်းကို တခါမျှ မကူးဘူးသောကြောင့် လည်းကောင်း၊ ချောင်းရေ၏ အတိမ်အနက်ကို မသိသောကြောင့် လည်းကောင်း ချောင်းကို မကူးရဲဘဲ ရှိလေသည်။
ဆင်ကြီးက "ကျွန်ုပ် ခန္ဓာကိုယ်နှင့် ခွန်အားအစွမ်းကို သင် သိရတော့မည်။ ဤချောင်းကို သင် မကူးဝံ့လျှင် ကျွန်ုပ်၏ ကျောက်ကုန်းပေါ်သို့ တက်ပါ" ဟု ဆိုပြီးလျှင် မျောက်ကို သယ်ဆောင်ကာ တဘက်ကမ်းသို့ ကူးလေ၏။
တဘက်ကမ်းရှိ သစ်ပင်ကြီးသည် လုံးပါတ်လည်း ကြီး၏။ မြင့်လည်း မြင့်၏။ အသီးကလည်း ထိပ်ဖျားတွင်သာ ရှိ၏။ ထိုကြောင့် ဆင်ကြီးသည် အသီးကို လှမ်းဆွတ်ရန်လည်း မမီ။ သစ်ပင်ကြီးကို လှဲရန်လည်း မဖြစ်နိုင်။ သစ်ပင်ပေါ်သို့လည်း မတက်နိုင်သဖြင့် ငေးမှိုင်၍ နေ၏။
ထိုအခါ မျောက်က ကြွားဝါသော အမူအရာဖြင့် "အဆွေ ဆင်ကြီး။ သင့်ခန္ဓာကိုယ်နှင့် သင့်ခွန်အားတို့သည် အချည်းနှီးသာတည်း။ ဤကိစ္စတွင် ကျွန်ုပ်၏ ပေါ့ပါး ဖျတ်လတ်ခြင်းသည် သာလျှင် အသုံးကျ၏။
သစ်သီးကို ကျွန်ုပ် ခူးမည်" ဟု ဆိုကာ သစ်ပင်ပေါ်သို့ လျင်မြန်စွာ တက်၍ သစ်သီးကို ခူး၏။ ထို့နောက် နှစ်ဦးသား ဇီးကွက်ထံ ပြန်လာကြ လေသည်။
ဇီးကွက်ထံ ရောက်သောအခါ ဆင်နှင့် မျောက်တို့က "အသင် ပညာရှိ၊ အသင် အလိုရှိသော သစ်သီးကို ယူခဲ့ပါပြီ။ ကျွန်ုပ်တို့၏ ပြဿနာကို အဆုံးအဖြတ် ပေးပါလော့" ဟု ဆိုလေ၏။
ထိုအခါ ဇီးကွက်က "အသင်တို့ ပြဿနာအတွက် အဖြေကို သင်တို့ ကိုယ်တိုင် လက်တွေ့ ရှာပြီး ဖြစ်သည်" ဟု ပြော၏။ ဆင်နှင့် မျောက်တို့က "အဘယ်သို့ ရှာပြီး ဖြစ်ပါသနည်း" ဟု မေး၏။
ထိုအခါ ဇီးကွက်က "ခွန်အားကြီးသော ဆင်ကြီး မပါလျှင် အသင် မျောက်သည် ချောင်းကို ကူးနိုင်မည် မဟုတ်။ ပေါ့ပါး၍ သစ်ပင်တက်ခြင်း၊ သစ်သီးခူးခြင်း တို့၌ ကျွမ်းကျင်သော မျောက် မပါလျှင် သစ်သီးကို အသင် ဆင်ကြီးသည် ခူးနိုင်မည် မဟုတ်။
သတ္တဝါတိုင်း၌ ကိုယ်ပိုင် အရည်အချင်း တခုစီ ရှိသည်။ သတ္တဝါ အားလုံး၏ အရည်အချင်း အားလုံးသည် သူ့နေရာနှင့်သူ အသုံးကျ ကြသည်ချည်း ဖြစ်သည်။
တဦး၌ မရှိသော အရည်အချင်းကို ရှိသူက ဖြည့်စွက် ကူညီလိုက်လျှင် အရာခပ်သိမ်း ပြီးမြောက် အောင်မြင်နိုင်သည်ကို အသင်တို့ လက်တွေ့ သိမြင် ခံစား ခဲ့ကြရပြီ မဟုတ်ပါလော။ အငြင်းပွားနေမည့် အစား ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်သင့်ပေသည်" ဟု အဆုံးအမ ပေးလိုက်လေသတည်း။ Crd
0 Comments