ဘုရင်ဖြစ်မည့်သူ

တရံရောအခါ ဗာရာဏသီပြည်တွင် ထင်းခွေယောက်ျား တဦးရှိသည်။ တနေ့တွင် သူသည် မြို့ပြင်သို့ ထွက်၍ ထင်းခွေသည်။ ညနေစောင်းသော် ထင်းစည်းကို ထမ်းလျက် မြို့သို့ ပြန်လာသည်။

နောက်ကျသဖြင့် မြို့တံခါး ပိတ်ထားရာ မြို့ထဲသို့ မဝင်နိုင်တော့ပေ။ ထိုအခါ ထင်းခွေယောက်ျားသည် မြို့တံခါးဝ အနီးရှိ နတ်ကွန်းတခု ဘေး၌ ထင်းစည်းကို ချ၍ အိပ်လေသည်။

နတ်ကွန်းတွင် ဘေးမဲ့ လွှတ်ထားသော ကြက်များရှိသည်။ ထိုကြက်များသည် နတ်ကွန်းအနီးရှိ သစ်ပင်တပင်ပေါ်၌ တက်၍ အိပ်သည်။ မိုးလင်းခါနီး အချိန်တွင် သစ်ပင်အပေါ် ကိုင်း၌ အိပ်သော ကြက်တကောင်သည် မစင် စွန့်ချသည်။ ထိုမစင်သည် အောက်ကိုင်း၌ အိပ်သော ကြက်ပေါ်သို့ ကျလေသည်။

ဤတွင် အောက်ကိုင်းက ကြက်သည် မခံမရပ်နိုင် ဖြစ်ကာ အပေါ်ကိုင်းက ကြက်ကို လှမ်း၍ ပြောဆိုသည်။ သို့ပြောဆိုရာမှ ကြက်နှစ်ကောင် စကားများ၍ ရန်ဖြစ်ကြသည်။ ဂုဏ်ပြိုင်ကြသည်။

"သင်သည် ငါ့တန်ဖိုးကို မသိသလော။ ငါ့ကိုသတ်၍ မီးကျီးခဲ၌ ကင်စားသူသည် နံနက်စောစောမှာပင် အသပြာတထောင် ရမည်" ဟူ၍ အောက်ကိုင်း ကြက်က ဆို၏။

"သင့်တန်ဖိုး ဤမျှသာလော။ ငါ၏ တန်ဖိုးထား သင့်ထက် အဆအရာမက ကြီးမြတ်သည်။ ငါ့ကိုသတ်၍ ဦးခေါင်းကို စားသူသည် မင်းဖြစ်မည်။ အပြင်က အသားကို စားသူသည် ယောက်ျားဖြစ်လျှင် စစ်သူကြီး ဖြစ်မည်။

မိန်းမဖြစ်လျှင် မိဖုရား ဖြစ်မည်။ အရိုး အနား၌ ကပ်နေသော အသားကို စားသူသည် ရဟန်းဖြစ်လျှင် မင်းဆရာ ဖြစ်မည်။ လူဝတ်ကြောင်ဖြစ်လျှင် ဘဏ္ဍာစိုး ဖြစ်မည်" ဟူ၍ အထက်ကိုင်း ကြက်ကလည်း ပြန်ပြော၏။

ထိုကြက်နှစ်ကောင်၏ စကားကို ထင်းခွေယောက်ျား ကြားသွားသည်။ ဤတွင် သူသည် သစ်ပင်ပေါ်သို့ ဖြည်းညင်းစွာ တက်၍ အထက်တိုင်းက ကြက်ကို ဖမ်းယူသတ်သည်။

ထို့နောက် မိုးလင်း၍ မြို့တံခါး ဖွင့်သောအခါ သတ်ယူထားသော ကြက်ကို ယူဆောင်ပြီးလျှင် အိမ်သို့ ပြန်လာသည်။ လမ်းတွင် "ငါ မင်းဖြစ်တော့မည်" ဟူ၍ စိတ်တွင်းမှ ဆိုကာ ဝမ်းမြောက်မဆုံး ဖြစ်နေသည်။

အိမ်သို့ရောက်သောအခါ မယားအား "သည်ကြက်ကို ကောင်းစွာချက်ပါ" ဟု ဆို၍ ပေးသည်။ မယားလည်း ကြက်ကို ချက်ပြီးလျှင် ထမင်းနှင့်အတူ ထင်းခွေယောက်ျားကို ပေးအပ်သည်။ ထင်းခွေယောက်ျားသည် ချက်ချင်း မစားသေး။

"ရှင်မ၊ သည်ကြက်သားသည် သာမန် မဟုတ်။ ထူးခြားသော တန်ခိုးရှိသည်။ ကြက်ဦးခေါင်းကို ငါစားမည် မုချမသွေ မင်း ဖြစ်လိမ့်မည်။ သင်ကမူ ကြက်၏ အပြင်သားကို စားပါ။ မိဖုရား ဖြစ်လိမ့်မည်။ သို့ရာတွင် ငါတို့ ယခု မစားသေး။ ဂင်္ဂါမြစ်သို့ သွား၍ ရေချိုးကြဦးမည်။ ရေချိုးပြီးမှ မြစ်ကမ်းဘေးတွင် အတူစားကြစို့" ဟု ဆိုသည်။

သို့ဖြင့် သူတို့လင်မယားသည် ကြက်သားအိုးနှင့် ထမင်းအိုးကို တောင်းတခု၌ ထည့်ကာ ဂင်္ဂါမြစ်သို့ သွားကြသည်။ ရောက်လျှင် တောင်းကို မြစ်ကမ်း၌ထား၍ မြစ်သို့ ရေဆင်း ချိုးကြသည်။

ထိုစဉ် ရုတ်တရက် လေထန်လာသည်။ ရေလှိုင်းတို့ တက်လာသည်။ ကြက်သားဟင်း ထည့်ထားသော တောင်းအထိ ရေများ ရောက်လာသည်။ ဤတွင် တောင်းသည် မြစ်ရေတွင် မျောပါသွားလေသည်။

ထင်းခွေယောက်ျား လင်မယားသည် ရေစီးနောက်သို့ မျောပါ မသွားအောင် ကြိုးစား ကူးခပ်ပြီးလျှင် ကမ်းသို့ တက်ပြေးရလေသည်။ ထိုစဉ် ကြက်သားဟင်းတောင်းသည် မြစ်ရေတွင် မျောပါသွားသည်။

မကြာမီ အောက်ဆိပ်၌ ဆင်ကို ရေချိုးပေးနေသော ဆင်ဆရာ အနီးသို့ ရောက်သွားသည်။ ဆင်ဆရာသည် တောင်းကို ဆယ်ယူ၍ ကြည့်သည်။ ထမင်းနှင့် ကြက်သားဟင်း ဖြစ်နေသဖြင့် ဆယ်ယူထားသည်။ ထို့နောက် အိမ်သို့ ယူဆောင်သွားလေသည်။

ထိုအချိန်တွင် ဆင်ဆရာ ကိုးကွယ်သော ရှင်ရသေ့သည် ဆင်ဆရာ၏ အိမ်သို့ ကြွရောက်နေ နှင့်သည်။ ရှင်ရသေ့သည် အကြားအမြင် ရသူ ဖြစ်သည်။ ဆင်ဆရာ ကြက်သားဟင်း ရလာသည် ကိုလည်း သိမြင်သည်။

ထိုကြက်သားဟင်း မည်မျှ ထူးခြားသော သတ္တိနှင့် ပြည့်စုံသည် ကိုလည်း သိရှိသည်။ ထို့ကြောင့် ဆင်ဆရာ့အိမ်သို့ ကြွရောက်လာခြင်း ဖြစ်သည်။

ဆင်ဆရာ ရောက်လာသော် ရှင်ရသေ့သည် အရိုး၌ ကပ်နေသော အသားကို မိမိအား ဆက်ကပ်စေ၍ ဘုဉ်းပေးတော် မူသည်။ ကြက် ဦးခေါင်းကိုမူ ဆင်ဆရာအား စားစေသည်။ အပြင်သား ကိုကား ဆင်ဆရာ၏ မယားအား စားစေသည်။

ထို့နောက် ဆင်ဆရာအား "သင်သည် မကြာမီ မင်းဖြစ်လိမ့်မည်။ သင့် ဇနီးသည်လည်း မိဖုရား ဖြစ်လိမ့်မည်။ မမေ့မလျော့နှင့်" ဟူ၍ ဆိုကာ ကြွသွားလေသည်။

ရက်အနည်းငယ် ကြာသော် အခြားတိုင်းပြည် တပြည်မှ မင်းတပါးသည် ဗာရာဏသီပြည်ကို လာရောက် တိုက်ခိုက်သည်။ ထိုအခါ ဗာရာဏသီမင်းက ဆင်ဆရာကို မင်းအသွင် ဝတ်ဆင်စေသည်။ "မင်းအသွင်ဖြင့် ဆင်စီး၍ စစ်ထိုးလော့" ဟု ဆို၍ စစ်ထိုးစေသည်။

မိမိမူကား ရဲမက်ဗိုလ်ပါများ အကြားတွင် မထင်မရှားသော အသွင်ဖြင့် သွားလာ၍ စီမံကွပ်ကဲ၏။ ထိုစဉ် ရန်သူများ ပစ်လွှတ်လိုက်သော မြားတစင်းသည် ဗာရာဏသီမင်းကို လာရောက် ထိမှန်သည်။ မင်းသည် နေရာမှာပင် နတ်ရွာစံသွားလေသည်။

သည်တွင် ဆင်ဆရာသည် ဘဏ္ဍာတိုက်တွင်းမှ ရွှေငွေတို့ကို ထုတ်ယူစေကာ "ဥစ္စာလိုသူတို့ ရန်သူကို ရွပ်ရွပ်ချွံချွံ တိုက်ကြလော့" ဟု ဆို၏။ ဆိုသည့်အတိုင်းလည်း ရွှေငွေများ ပေး၏။

ရွှေငွေရသူတို့လည်း ဆင်ဆရာနှင့် အတူ ပူးပေါင်း၍ ရွပ်ရွပ်ချွံချွံတိုက်ခိုက်သည်။ ရန်သူတို့ အရေးနိမ့်၍ ဆုတ်ခွာ ပြေးကြလေသည်။ စစ်ပွဲပြီးသောအခါ မှူးမတ်တို့သည် ဘုရင့်အလောင်းကို ကောင်းစွာ သဂြိုဟ်ကြသည်။

ထို့နောက် "ငါတို့ အရှင်မင်းမြတ် သက်တော် ထင်ရှားရှိစဉ် ကပင် ဆင်ဆရာကို မင်းအသွင် ပြုစေသည်။ ယခုလည်း ဆင်ဆရာ ဦးဆောင် စီမံသဖြင့် ရန်သူတို့ကို ချေမှုန်းနိုင်ခဲ့သည်။ ဆင်ဆရာကိုပင် မင်းမြှောက်ထိုက်သည်" ဟု ဆိုကြသည်။

ဆင်ဆရာ ကိုပင် တညီတညွတ်တည်း မင်းမြှောက် ကြလေသည်။ ဤတွင် ဆင်ဆရာ၏ မယားသည် မိဖုရား ဖြစ်လာသည်။ ဆင်ဆရာ၏ ဆရာ ရှင်ရသေ့ သည်လည်း မင်းဆရာ ဖြစ်လာလေသည်။

ထင်းခွေယောက်ျားသည် ရှေးကောင်းမှုကံ မရှိသောကြောင့် ကြက်သားဟင်းနှင့် ကြံဖန်လွဲသည်။ ဘုရင် မဖြစ်။ ဆင်ဆရာကား ရှေးကောင်းမှုကံ ရှိသောကြောင့် ကြက်သားဟင်းကို မကြံရွယ်ဘဲ ရရှိသွားသည်။ ဘုရင် ဖြစ်သွားလေသည်။ လူဆိုတာ သူ့ကံနှင့်သူ လာပြီးသားပါ။ phoomyatchal

Post a Comment

0 Comments