တခါက လင်မယား နှစ်ယောက် ရှိတယ်။ ယောက်ျား ဖြစ်သူက အစား စားရင်း TV ကြည့်နေတယ်။ မိန်းမက မီးဖိုချောင်မှာ အလုပ်ရှုပ် နေတယ်။
ရုတ်တရက် မိန်းမက အော်တယ်။
"ယောက်ျားရေ မီးသီး ကျွမ်းသွားလို့ လာလဲပေး ပါဦး"
"ငါက မီးပြင်ဆရာမှ မဟုတ်တာ" လို့ ယောက်ျားဖြစ်သူက စိတ်မရှည်စွာနဲ့ ပြန်အော်တယ်။
တအောင့် နေတော့ မိန်းမဖြစ်သူက အော်ပြန်တယ်။
"ယောက်ျားရေ ရေခဲသေတ္တာက မအေးဘူး။ လာကြည့်ပေးပါဦး"
"ငါက လျှပ်စစ်ပြင်သူမှ မဟုတ်တာ" လို့ ယောက်ျားဖြစ်သူက ဖြေပြန်တယ်။
"ယောက်ျားရေ တံခါးဂျက် ချမရလို့ လာကြည့်ပေးပါဦး" ဆိုတဲ့ မိန်းမ အော်သံကို
"ငါက လက်သမားမှ မဟုတ်တာ" လို့ ယောက်ျားဖြစ်သူက စိတ်မရှည်စွာ ပြန်အော်တယ်။
ခဏနေတော့ ယောက်ျားဖြစ်သူက စိတ်ရှုပ်တယ် ဆိုပြီး အပြင် ထွက်သွားတယ်။ သူငယ်ချင်းတွေနဲ့ စားသောက်ပြီး အတန်ကြာမှ အိမ်ကို ပြန်လာတယ်။
အိမ်ရောက်တော့ ပျက်နေတဲ့ အရာတွေ အားလုံးက ပြင်ပြီးသား ဖြစ်နေတာကို တွေ့တော့ မိန်းမဖြစ်သူကို တအံ့တသြနဲ့ မေးတယ်။ ထိုအခါ မိန်းမဖြစ်သူက ပြောတယ်။
"ရှင်ထွက်သွားတော့ ကျွန်မလည်း စိတ်ညစ်ညစ်နဲ့ အိမ်အပြင်မှာ ထွက်ထိုင်နေတုန်း လူတယောက် ရောက်လာပြီး ဒါတွေ အား လုံးကို သူပြင်ပေးမယ်။ သူ့ကို ကိတ်မုန့်တလုံး လုပ်ကျွေးမလား၊ ဒါမှမဟုတ် နမ်းမလား လို့ ပြောတယ်လေ"
ထိုအခါ ယောက်ျားဖြစ်သူက ပြာပြာလဲလဲနဲ့ "ဒါနဲ့ မင်းက သူ့ကို ကိတ်မုန့် လုပ်ကျွေ လိုက်လား" လို့ မေးတယ်။
ထိုအခါ မိန်းမဖြစ်သူက "အို ကျွန်မက ကိတ်မုန့်ဖုတ် ဆရာမှ မဟုတ်တာ" လို့ ပြန်ဖြေတယ်။
"ဟင်" ဆိုတဲ့ စကားလုံး တလုံးပဲ ယောက်ျားဖြစ်သူ နှုတ်မှ ထွက်နိုင်ရှာ ပါတော့တယ်။
အိမ်ထောင်ရေး ဆိုတဲ့ တာဝန်ကို ထမ်းပိုးထားရပြီ ဆိုရင် မိန်းမရော ယောက်ျားပါ ဘယ်အိမ်မှုကိစ္စကို မဆို လက်တွဲညီညီ ကြိုးစားပြီး လုပ်ဆောင်ကြည့် သင့်ပါတယ်။ ကိုယ်တိုင် မလုပ်နိုင်ရင်တောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှာသင့်ပါတယ်။
ငါမလုပ်တတ်ဘူး ဆိုတဲ့ စကားတခွန်းနဲ့ ကိုယ့်တာဝန်ကို တွန်းချပစ်လို့ မရပါဘူး။ အိမ်ထောင်ရေး ဆိုတာ နှစ်ယောက်ပေါင်းတဲ့ ဘဝပါ။
တယောက်တည်းနဲ့ သာယာ ပြီးပြည့်စုံအောင် တည်ဆောက်လို့ မရနိုင်ပါဘူး။ မောင်တထမ်း မယ်တရွက် တွဲလက်ညီနိုင် ကြပါစေ။ phoomyatchal
0 Comments