မည်သူက ဆင်းရဲသနည်း

တခါက ပီယဒဿ မင်းကြီးသည် တိုက်ပွဲက ပြန်လာသည်။ သူ့တွင် မြားထိ ထားသည်။ မင်းနေပြည်တော်ကို ရောက်ရန်လည်း ဝေးသေးသည်။ တိုက်ပွဲတွင် သူ၏ သမားတော်လည်း ကျဆုံးခဲ့သည်။ မင်းကြီးကို တပ်သား တဦးက ဘုန်းကြီး ကျောင်းဝင်းထဲကို ခေါ်လာသည်။

"အရှင်ဘုရား အရှင် ဘုရား"

"အလို ညကြီးမင်းကြီး ဘယ်သူတွေများ ပါလိမ့်"

"မှန်ပါ အရှင်ဘုရား၊ ပီယဒဿမင်းကြီး ဒဏ်ရာ ရလာလို့ပါ ဘုရား"

"အေး အေး၊ ဟို ကွပ်ပျစ်ပေါ် တင်လိုက်"

ဆရာတော်ဘုရားက ဒဏ်ရာကို ကြည့်ပေးသည်။ ရေဆေးပြီး ဆေးထည့်ကာ အဝတ်များနှင့် ဒဏ်ရာကို စည်းပေးသည်။ နနွင်းနှင့် ပျားရည်ကို တိုက်ပြီး အိပ်စေသည်။

နောက်တနေ့တွင် မင်းကြီးသည် ခွန်အားများပြည့်ပြီး ဒဏ်ရာများ ကလည်း သက်သာသွားသည်။ တပ်ကူများ ရောက်လာသဖြင့် မင်းကြီးကို ပြန်ခေါ်သွား ကြသည်။

"အရှင်ဘုရား တပည့်တော် ကျေးဇူး ပြန်ဆပ်ပါရစေ ဘုရား။ အရှင်ဘုရားမှာ အခက်အခဲများ ရှိလျှင် တပည့်တော်ထံ အချိန်မရွေး ရောက်လာကာ အကူအညီများ တောင်းနိုင်ပါတယ် ဘုရား"

"မင်းကြီး သင့်ထံမှ မည်သည့် အကူအညီမျှ မလိုပါ" မင်းကြီးလည်း တပ်ဖွဲ့နှင့် ပြန်သွားသည်။

နှစ်ကာလ ကြာသွားသည်။ ရဟန်း၏ ကျောင်းလည်း ပြိုလုလု ဖြစ်နေသည်။ ရွာသူ ရွာသားများ ကလည်း ဆင်းရဲလွန်း သောကြောင့် မည်သို့မျှ အထောက်အပံ့ မပေးနိုင်လောက်အောင် ဖြစ်နေသည်။ ဆရာတော်က ဆုံးဖြတ်လိုက်ပြီး နန်းတော်ကို ကြွသွားသည်။

အချိန်က နံနက်ခင်း စောစော ဖြစ်သည်။ နန်းတော်ထဲကို ကြွလာသည့် ဆရာတော်သည် နန်းတော်ရှေ့မှ ဘုရားဆင်းတု တဆူကို ဖြတ်စဉ် မင်းကြီးသည် ဆင်းတုတော်အား ရှိခိုးကာ ဆုတောင်းနေသည်ကို တွေ့လိုက်ရသဖြင့် ရပ်ပြီး ကြည့်နေသည်။ မင်းကြီးက

"ဘုရားတပည့်တော်သည် ဤသို့ ရှိခိုးပူဇော်ရသော အကျိုးအားကြောင့် နိဗ္ဗာန်ကို ရောက်ရပါလို၏ ဘုရား။ နိဗ္ဗာန် မရောက်မီ စပ်ကြား ဥစ္စာစည်းစိမ် ပြည့်စုံအောင် ခံစား စံစားနိုင်သူ ဖြစ်ရပါလို၏ ဘုရား။ ရတနာစိန်ကျောက် တောင်လို မောက်အောင် ပြည့်ဝစုံလင် ရှိရပါလို၏ ဘုရား။

တိုင်းနိုင်ငံ တန်ခိုး ပြည့်စုံဖြိုးပြီး တန်ခိုးရှိန်စော် ထက်ကာလွှမ်းမိုး အခြား တိုင်းနိုင်ငံများကို စိုးမိုး အုပ်ချုပ်ရပါလို၏ ဘုရား။ မင်းမှုထမ်း မောင်းမ ကျွန် အပြည့်အဝနှင့် သားမယားစုံလင် ကျန်းမာ ပျော်ရွှင်ပြီး နတ်မင်း၊ ဗြဟ္မာမင်း၊ သိကြားမင်း စည်းစိမ်မကျန် အားလုံး ရရှိခံစား စံစားရပါလို၏ ဘုရား"

ဆရာတော်က ပြန်လှည့်ထွက် သွားသည်။ ခြေသံ ကြားလိုက်ရသဖြင့် မင်းကြီးက နောက်လှည့် ကြည့်လိုက်သည်။ "အလို၊ အရှင်ဘုရား အရှင်ဘုရား ရပ်တော်မူပါဦး ဘုရား" ဆရာတော်က ရပ်လိုက်သည်။

"တပည့်တော်ထံ ရောက်လာပြီးမှ နန်းတော်ထဲ ဝင်ပါဦးဘုရား"

"မင်းကြီး ငါမဝင်လို"

"အဘယ်ကိစ္စ များကြောင့် တပည့်တော်ဆီ ကြွလာပါသနည်း ဘုရား"

"လာရင်းကိစ္စမှာ အလှူခံရန် ဖြစ်ပါသည်"

"တပည့်တော် လှူမှာပေါ့ ဘုရား၊ ပြောပါ ဘာများ လိုသနည်း"

"မင်းကြီး သင့်ထံမှ ငါဘာမျှ မလိုပြီ။ လောကတွင် ငါသည် လည်းကောင်း ငါ၏ ရွာသားများသည် လည်းကောင်း ဆင်းရဲလှပြီဟု ထင်ခဲ့သည်။ ယခု လောကတွင် အဆင်းရဲဆုံး သူတောင်းစား တယောက်ကို ငါတွေ့လိုက်ရပြီ။

သင်သည် အလွန်သနားစရာ ကောင်းသည့် သူတောင်းစား ဖြစ်သည်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံမှ သင်တောင်းနေသည်များ ငါကြားသည်။ အလိုအားကြီး သူတောင်းစားကြီးထံမှ ငါသည် တဆင့်ပြန်ကာ အလှူမခံ လိုတော့ပါ"

ဆရာတော်က နန်းတော် လှေကားများမှ တထစ်ချင်း ဆင်းသွားသည်။ မင်းကြီးက ဒူးထောက်ကာ ကျန်နေခဲ့သည်။ မည်သူဆင်းရဲသနည်း။ တင်ညွန့်

Post a Comment

0 Comments