လူငယ်လေးတဦးသည် တောထဲရှိ တောင်ကုန်းလေး တခုပေါ်တွင် တဲလေးတလုံးကို တွေ့လိုက်ရသည်။ သူက ဝမ်းသာအားရဖြင့် တဲအနီးကို ချဉ်းကပ်သွားရာ ရဟန်းတပါး နေထိုင်သောတဲ ဖြစ်နေမှန်း သိလိုက်ရသည်။
ရဟန်းက တဲကျောင်းလေး ဘေးတွင် တံမြက်စည်း လှည်းနေသည်။ လူငယ်လေးက ရဟန်းကို ဦးချလိုက်ပြီး "ရေတခွက်လောက် စွန့်တော်မူပါဘုရား" ဟု ပြောလိုက်သည်။
ရဟန်းက "ဟို ဝါးကျည်တောက်ထဲမှာ သင်ကြိုက်သလောက် သောက်နိုင်ပါတယ်" ဟု မိန့်တော်မူသည်။
ရေကို အငမ်းမရ သောက်နေသော လူငယ်ကို ရဟန်းက ကြည့်နေသည်။ ရေသောက်ပြီးနောက် "ဒကာ ဘယ်က လာသနည်း" ဟု မေးလိုက်သည်။
လူငယ်က "တပည့်တော် မသိပါဘုရား" ဟု ပြန်လျှောက်သည်။ ရဟန်းက ကွပ်ပျစ်ပေါ်တွင် ထိုင်လိုက်သည်။
"ဆာလာသလား" "တင်ပါ့ဘုရား"
"ဟိုမှာ ချိတ်ထားတဲ့ ငှက်ပျောသီးတွေ စားနိုင်ပါတယ် ဒကာ" လူငယ်လေးက ငှက်ပျောသီးတလုံးကို ဖြုတ်ပြီး စားလိုက်သည်။
"ကျေးဇူးတင်ပါတယ်ဘုရား"
"ထပ်စားပါဦးလား"
"တော်ပါပြီဘုရား"
"ကောင်းပြီ သင့်သလို နေနိုင်တယ်"
"အရှင်ဘုရား"
"ပြောပါဒကာ"
"ဒီကနေ ရွှေပြည်ကြီးကို ဘယ်လို သွားရမှာလဲဘုရား"
"ရွှေပြည်ကြီးက နီးနီးလေးတော့ မဟုတ်ဘူး။ ဟိုက မြင်နေရတဲ့ လမ်းအတိုင်း တည့်တည့်သာ လျှောက်သွား"
"ဖြတ်လမ်း မရှိဘူးလားဘုရား"
"လမ်းသိသူတွေအတွက် ဖြတ်လမ်း ရှိပေမယ့်။ လမ်းမသိသူတွေ အတွက် ဖြတ်လမ်းမရှိပါ ဒကာ။ ဒါနဲ့ မေးစမ်းပါရစေ သင်ဘယ်သူလဲ"
"တပည့်တော်လည်း တပည့်တော် ဘယ်သူဆိုတာ သိချင်နေပါတယ် ဘုရား။ တပည့်တော် ကိုယ့်ကိုယ်ကိုလည်း အမြဲ မေးနေမိပါတယ်။ ငါဘယ်သူလဲ"
ရဟန်းက လူငယ်ကို သေချာစွာ ကြည့်လိုက်သည်။ ထို့နောက်တလုံးချင်း ပြောလိုက်သည်။ "သင့် အဖေနဲ့ အမေအတွက် ဆိုရင်တော့ သင်ဟာ ချစ်စရာသားလေး တယောက်ပေါ့။ ရောင်းကုန်တခုအနေနဲ့ ကြည့်ရင် သင်ဟာ ငွေရလွယ်တဲ့ ပစ္စည်းတခု။
ခြင်္သေ့တကောင်အတွက်တော့ သင်ဟာ ချိုမြိန်ဖွယ် အသား။ ချောမောတဲ့ မိန်းမငယ်လေး တယောက် အတွက်တော့ သင်ဟာ လက်ထပ်ဖို့ အကောင်းဆုံး ကြင်ဖက်။ ပုရွက်ဆိတ်တွေ အတွက်တော့ သင်ဟာ သူတို့ရဲ့ ရန်သူ။ အိမ်မွေးတိရစ္ဆာန်တွေ အတွက်တော့ ချစ်စရာအဖော်။
သင့်အတွက် ဆိုရင်တော့ သင်ဟာ တန်ဖိုးရှိတဲ့လူ။ သင့်မှာ ဇနီးရှိရင်တော့ ချစ်ခင်ဖွယ်ရာ ခင်ပွန်းကောင်း။ မြေကြီးထဲက တီကောင်တွေ အတွက် ကတော့ မျှော်လင့်စရာ အစာ။ ကပ်ပါးကောင်လေးတွေ အတွက် မှီတွယ်စရာနေရာ။ အလုပ်အကိုင်ထဲ မှာတော့ လက်တွဲဖော် လက်တွဲဖက်။
စကြဝဠာကြီးနဲ့ ယှဉ်ရင် သင်ဟာ ဘာမျှ မဟုတ်တဲ့ မြူမှုန်လေးတမှုန်။ လူတွေ အများကြီးထဲ မှာတော့ သင်ဟာ သာမန်လူတယောက်။ မျှော်လင့်သူတွေ အတွက်ကတော့ သင်ဟာ မျှော်လင့်ချက်။ အခြားသူတွေ အတွက်လည်း သင်ဟာ အနာဂတ် ဖြစ်ကောင်း ဖြစ်နိုင်တယ်။
သင်ဘယ်သူလဲ ကျွန်ုပ် မသိပါဘူး။ သင်ဟာ ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးပြီး ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်လမ်း ကိုယ်လျှောက်ရမယ့် လူတယောက် ဆိုတာတော့ သိပါတယ်"
"တပည့်တော် သွားလိုက်ပါဦးမယ် ဘုရား"
"နောက် လမ်းကြုံတဲ့အခါ သင်ဘယ်သူဆိုတာ သိရင် ဝင်ပြောနိုင်ပါတယ်"
"တပည့်တော် ဘယ်သူဆိုတာ သိတဲ့တနေ့ အရှင်ဘုရားဆီကို အရောက် ပြန်လာပြောပါ့မယ်" တင်ညွန့်
0 Comments