တခါက ကင်းမြီးကောက် တကောင်ဟာ သူနေတဲ့ ကျွန်းကလေးတခု ကနေ မြစ်တဖက်ကမ်းမှာ ရှိတဲ့ နောက်ကျွန်းတခုကို သွားချင်တယ်။ ဒါပေမဲ့ ကင်မီးကောက်ဟာ ရေမကူးတတ်လို့ မြစ်ကို ဖြတ်ဖို့ရာ အခက်အခဲ ဖြစ်နေတယ်။
မြစ်ကမ်းဘေးမှာ လျှေက်သွားရင်း ဒီမြစ်ကို ဘယ်လို ကူးရပါ့လို့ အကြံထုတ်နေတုန်း ရုတ်တရက် မြစ်ရေစပ်မှာ စိမ်နေတဲ့ ဖားတကောင်ကို တွေ့လိုက်လို့ သွားစကား ပြောတယ်။
"ကိုရွှေဖါးရေ ကျနော့်ကို ခင်ဗျားရဲ့ ကျောပေါ် တင်ပြီး ဟိုဖက်ကမ်းကို ပို့ပေးပါလား။ ကျေးဇူး မမေ့ပါဘူးဗျာ" "ဟာ ဘယ်ဖြစ်မလဲ။ မင်းကို ကျောပိုးသွားရင်းနဲ့ ငါ့ကို မင်းရဲ့ အဆိပ်ရှိတဲ့ အစွယ်နဲ့ ထိုးလိုက်ရင် ငါရေနစ် သေသွားမှာပေါ့"
ကင်းမြီးကောက်က "ကိုရွှေဖါးရယ် ခင်ဗျားကို ကျနော် အစွယ်နဲ့ ထိုးပါ့မလားဗျာ။ ကျနော့်ကို ဟိုဖက်ကမ်း ပို့ပေးတဲ့ ကျေးဇူးရှင်ကို လုပ်ရက်ပါ့ မလားဗျာ။
နောက်ပြီး ခင်ဗျားကို အစွယ်နဲ့ ထိုးလိုက်လို့ ခင်ဗျား ရေနစ်ရင် ကျနော်လည်း ရေနစ် သေမှာပဲလေ။ကျနော် ရေမကူးတတ်ဘူး ဆိုတာ ခင်ဗျား သိပါတယ်ဗျာ"
ဖားလည်း စဉ်းစားတယ်။ ကင်းမြီးကောက် ပြောတာလည်း ဟုတ်သားပဲ။ သူ့ကိုယ်သူ ရေနစ် အသေခံပြီး ငါ့ကို အစွယ်နဲ့ ထိုးစရာအကြောင်း မရှိဘူးလေ။ အဲဒီတော့ ဖားလည်း ဟိုဖက်ကမ်းကို ပို့ပေးမယ်လို့ သဘောတူ လိုက်တယ်။
အဲဒါနဲ့ ဖားဟာ ကင်းမြီးကောက်ကို ကျောပေါ်တင်လို့ ရေစီးသန်တဲ့ မြစ်မှာ သူ့ကိုယ်ကို ရေပေါ် ပေါ်အောင် ကြိုးစားပြီး မြစ်ကိုဖြတ်ကူး ပါတော့တယ်။ မြစ်လယ် ရောက်တော့ ဖားဟာ သူ့ကျောမှာ စူးခနဲ တချက် ခံစားလိုက်ရတယ်။
နောက်ကို အသာ လှည့်ကြည့်လိုက်တော့ ကင်းမြီးကောက်ဟာ အစွယ်ကို သူ့ရဲ့ နောက်ကျောကနေ ဆွဲနူတ်လိုက်တာ တွေ့ရတယ်။ ဖားလည်း နာကျင်တဲ့ ဝေဒနာ ခံစားရင်း ပြောလိုက်တယ်။
"ဟာ မင်း ဘယ်လို လုပ်လိုက်တာလဲ။ မင်းပဲ စောစောက ပြောတယ်လေ။ ငါ့ကို အစွယ်နဲ့ မထိုးဘူးလို့။ အခု ငါ့မှာ အဆိပ်တက် နေပြီ။ ငါရေနစ်ပြီး သေရင် မင်းလည်း ရေနစ်သေမှာ မကြောက်ဖူးလား"
ထိုအခါ ကင်းမြီကောက်က ဘာပြန်ပြောသလဲ ဆိုတော့ "ခင်ဗျားသေရင် ကျနော်လည်း ရေနစ်သေမှာ သိပါတယ်။ ဒါပေမဲ့ တခြားသတ္တဝါ တကောင်ကို တွေ့ရင် အစွယ်နဲ့ ထိုးတတ်တဲ့ ကျနော့်ရဲ့ ဗီဇကို ဖျောက်မရလို့ ပါဗျာ" တဲ့
နောက်ဆုံးတော့ ဖားရော ကင်းမြီးကောက်ရော ၂ ကောင် စလုံးဟာ မြစ်ရေထဲ နစ်မြုပ် သေဆုံးသွား ကြပါတော့တယ်။ ဒီပုံပြင်လေးဟာ နိုင်ငံခြားမှာ အလွန် နာမည်ကြီးတဲ့ ပုံပြင်လေးပါ။ ကလေးပုံပြင် မဟုတ်ပါဘူး။
လူတွေရဲ့ အကျင့်စာရိတ္တနဲ့ ပတ်သက်တဲ့ လူကြီးတွေကို အသိပညာပေးတဲ့ ပုံပြင်ပါ။ သနားလို့ ကူညီပေမဲ့လည်း အဲဒီလို ဗီဇမဖျောက်နိုင်တဲ့ လူနဲ့ တွေ့ရင် ကူညီသူပါ ဒုက္ခရာက်တတ်တယ် ဆိုတဲ့ သတိပေး သင်ခန်းစာလေးပါ။ Crd
0 Comments