တန်ဖိုးရှိသော လူတယောက်

လောကမှာ ကိုယ့်ကို စိတ်ညစ်အောင် လုပ်တာလည်း ကိုယ်ပဲ။ ကိုယ့်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင် တာလည်း ကိုယ်ပဲ။ ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း ကိုယ်ပါပဲ။ ကိုယ့်ကို ကျရှုံးအောင် ပြန်လုပ်တာလည်း ကိုယ်ပဲ။ အဓိကက ကိုယ့်ရဲ့ စိတ် ပါပဲ။

စိတ်ဆိုတာ အရမ်းကြောက်ဖို့ ကောင်းပါတယ်။ စိတ်ကောင်း ထားတတ်ရင် တန်ဖိုးရှိတဲ့ ဆေးတခွက် ဖြစ်နိုင်ပြီး၊ မကောင်းတဲ့ စိတ်တွေ ထားမယ် ဆိုရင်တော့ ကြောက်စရာကောင်းတဲ့ ဘေး အန္တရာယ် တခု ဖြစ်သွားနိုင် ပါတယ်။ ကဲ အဲဒီတော့ အရေးအကြီးဆုံးက မိမိကိုယ်မိမိ စိတ်ချမ်းသာအောင် ထားဖို့နဲ့ တန်ဖိုးရှိအောင် နေထိုင်ဖို့ပဲ မဟုတ်လား။

ဥပမာ ရေနွေးပူ တခွက်ကို သင် ကြာကြာ ကိုင်ထားကြည့်လိုက်ပါ။ သင် ကိုင်ထားသ၍ ကတော့ အဲ့ဒီ အပူဒဏ်ကို ကြိတ်မှိတ်ပြီး ခံစားနေရ ဦးမှာပဲ။ သင် လွှတ်ချလိုက်မှသာ သင်အပူဒဏ်နဲ့ ဝေးသွားပြီး အဆင်ပြေသွားမှာ ဖြစ်တယ်။

ဒီလိုပဲ သင့်မှာရှိတဲ့ စိတ်ညစ်စရာတွေကို သင်တွေးနေသ၍ စိတ်ညစ်စရာတွေဟာ ပိုကြီးထွားလာပြီး သင်ဟာ ဆက်ပြီး စိတ်ဆင်းရဲ နေရဦးမှာပါ။ ဒါတွေကို မတွေးတော့ပဲ ဖြေရှင်းဖို့ နည်းလမ်း ရှာမှသာ အဆင်ပြေမှာပါ။

တချို့က အိမ်အတွက် စိတ်ညစ်ကြတယ်၊ တချို့က ချစ်သူရည်းစားအတွက်၊ တချို့က အလုပ်အတွက်၊ ငွေကြေးအတွက် အစရှိတဲ့ စိတ်ညစ်မှု မျိုးစုံပေါ့။ ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ ကိုယ်ကိုယ်ကို ပြစ်ဒဏ်ပေး အကျဉ်းချ နေတာပါ။

အဓိက ဘာလုပ်ရမှာလဲ၊ ဖြေရှင်းနိုင်မဲ့ နည်းလမ်း ရှာဖို့ပါပဲ။ အကျိုးရှိရင် အကြောင်းရှိသလို အခက်အခဲ ရှိရင် ဖြေရှင်းလို့ရမဲ့ နည်းလမ်းဆိုတာ ရှိစမြဲပါ။

သင်တို့လွန်ခဲ့တဲ့ ၂၊ ၃ နှစ်တုန်း ကလည်း စိတ်ညစ်ဖူးမှာပါ။ ဒါတွေက ခုချိန်မှာ ရယ်စရာ တခုသာသာ ဖြစ်သွားတာပဲလေ။ အတွေ့အကြုံနဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ။ အပျော်တွေနဲ့ပဲ နေပါ၊ အပျော်တွေကို ဖန်တီးပါ၊ စိတ်ကို တတ်နိုင်သလောက် ပျော်အောင် ထားပါ။

လောကကြီးက စိန်ခေါ်မှုတွေ အရမ်းများတယ်။ ဆုံးရှုံးမှုဒဏ်တွေ၊ ဝမ်းနည်းကြေကွဲမှု ဒဏ်တွေကို သင်မခံနိုင်ရင် စိန်ခေါ်မှုတွေ များတဲ့ လောကကြီးကို ဘယ်လို ဆက်ပြီး ရင်ဆိုင်မှာလဲ။ စဉ်းစားပါ။

ကိုယ့်ကိုယ်ကို သေကြောင်း ကြံတဲ့နည်းနဲ့ ဖြေရှင်းမှားလား။ ဒါဆို သင် လုံလောက်တဲ့ ရင့်ကျက်မှု မရှိသေးလို့ ဆိုတာ မမေ့ပါနဲ့။ လုံလောက်တဲ့ ရင့်ကျက်မှု ရှိသူတိုင်းဟာ ကိစ္စတိုင်းကို ထည့်တွက် မနေကြပါဘူး။

ပူလောင်မှုကို ခံစားနေရတယ် ဆိုတာ မေတ္တာစိတ် မရှိလို့ပါ။ ပြီးတော့ အတ္တစိတ် ကြီးနေတာ၊ မိမိကိုယ်ကို မိမိချစ်တာ၊ မိမိ လောဘကို မိမိ မြှောက်ပေးနေတာ၊ မိမိမာနကို ရှေ့တန်းတင် ပေးနေတာပါ။ ဒီတော့ ဒါတွေ မဖြစ်အောင် သင်စိတ်ညစ်စရာ တွေနဲ့ ဝေးသွားအောင် ဒီလိုစိတ်လေးတွေ ထားကြည့်ပါ။

(၁) ခွင့်လွှတ် နားလည်ပေး ကြည့်ပါ။ (၂) ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ပါ။ (၃) အကောင်းမြင်စိတ် လေးနဲ့ အကောင်းမြင် ပေးပါ။ အရင် ငြိမ်းချမ်းသွားမှာက သင်ပါ။ လူတယောက်ရဲ့ အမှားကို မေ့ပစ်ခြင်းဟာလည်း အကောင်းဆုံး ဂလဲ့စားချေခြင်း တမျိုးပါပဲ။

ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာတဲ့။ မိုးလည်း ၁၂ ရာသီလုံး လိုက်မရွာနိုင် ပါဘူး။ (သူလည်း အားချင်မှ အားမှာလေ) မုန်တိုင်း ပြီးရင်တော့ လေပြေ ရောက်လာ စမြဲပါ။

အကောင်းဆုံးတွေ လာဖို့ အဆိုးတွေ အရင် လာလည်တာပါ။ နေရိပ်ကို လိုချင်လို့ နေပူထဲ ရပ်စောင့်နေရပါလား လို့ အကောင်းမြင်စိတ်လေးနဲ့ တွေးကြည့်ပါ။

ငါက ပေ ဖြစ်နေလို့ ခံနေရတာ၊ တူ ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ် မွေးကြည့်ပါ။ လူဘဝ ဆိုတာ တကယ်တော့ ခဏလေးပါ။ အဲဒီထဲမှာ ကိုယ်က ထမင်းစားဖို့ အသက်ရှင်နေတာလား၊ အသက်ရှင်ဖို့ ထမင်းစား နေတာလား ဆိုတာ အရင်တွေးပါ။ ကာဗွန်ခြင်း တူရင်တောင် မီးသွေး အဖြစ် မခံပါနဲ့။ တန်ဖိုးရှိတဲ့ စိန် ဖြစ်အောင်ပဲ ကြိုးစားပါ။

အလုပ်တွေ လုပ်နေရင်းနဲ့ ပညာတွေ ဆက်ရှာပါ။ အမြဲမပြတ် လေ့လာပါ၊ သင်ယူပါ။ ပြီးတော့ လူသားတွေကို အကျိုးပြုနိုင်တဲ့ ပရဟိတတွေ များများလုပ်ပါ။ များများလှူပါ။

ကူညီပါ၊ ဖေးမပါ၊ စိတ်ကောင်းထားပါ။ ရိုးသားစွာ ကြိုးစားပါ။ ကဲ ဒါဆို သင် ဘဝတခုလုံးအတွက် တန်ဖိုးရှိစွာ နေထိုင်နိုင်တဲ့ လူတယောက် ဖြစ်သွားနိုင်ပါပြီ။ Crd

Post a Comment

0 Comments