ကိုယ့်ဘဝကိုယ် တန်ဖိုးထားပါ

တခါတုန်းက ပုရွက်ဆိတ်၊ ခါချဉ်၊ နှံကောင်တို့ဟာ သူငယ်ချင်းတွေ ဖြစ်ကြသတဲ့။ ပုရွက်ဆိတ်လေးက ခါချဉ်ကို ပြောတယ်။

"ခါချဉ် မင်း ခန္ဓာကိုယ်က ငါ့ထက် ကြီးတယ်။ ငါ မင်းလို ခန္ဓာကိုယ် ကြီးပြီး သစ်ပင် အမြင့်ကြီးပေါ်မှာ နေချင်တယ်ကွာ။ ငါ့ ခန္ဓာကိုယ်ကို ကြည့်ပြီး ငါ့ ဘဝကို ငါ အားမရဘူးကွာ"

ပုရွက်ဆိတ်က ပြောတော့ ခါချဉ်က စဉ်းစားသွားတယ်။ ဒီကောင် ငါ့ကို အားကျနေတာ ပါလား။ ခါချဉ်ကလည်း နှံကောင်ကို ပုရွက်ဆိတ် သူ့ကို မေးခဲ့သလို မေးပြန်တယ်။

နှံကောင်ကလည်း သူ့ကို ပုရွက်ဆိတ် နှံကောင်က အထင်ကြီးနေပါလား ဆိုပြီး သဘောကျ နေပါတယ်။ ဒီလိုနဲ့ သူတို့ အဖွဲ့ထဲကို ပုတ်သင်ညို တကောင် ရောက်လာပြီး သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။

သူတို့ ၄ ကောင် တနေ့တော့ အတူတကွ ဆုံတွေ့ကြရင်း ပုတ်သင်ညိုကို ခွန်အားကြီးကြောင်း၊ မြန်ဆန်ကြောင်း ချီးမွမ်းကြ ပြန်တယ်။

ပုတ်သင်ညိုက "သူငယ်ချင်းတို့ လောကမှာ မိမိဘဝ မိမိရပ်တည်ချက်ကို စိတ်ပျက် အားငယ်ခြင်းက ကျရှုံးခြင်း ဖြစ်တယ်။

ပုရွက်ဆိတ်မှာ ရှိတဲ့ စွမ်းအား ငါ့မှာ မရှိဘူး။ ဒီလိုဘဲ နှံကောင်ရဲ့ အားသာချက် ကလည်း ငါ့မှာ မရှိပါဘူး။ တကောင်နဲ့ တကောင် အားသာချက် အားနည်းချက်တွေ မတူညီပါဘူး။ သူငယ်ချင်းတို့၊ မင်းတို့ကို ပုံပြင်လေးတပုဒ် ပြောပြမယ်။

အင်အားကြီးတဲ့ ခြင်္သေ့ တကောင်က ပိုက်ကွန်မှာ ဖမ်းမိနေခဲ့တာကို အင်အား နည်းပါးတဲ့ ကြွက်ကလေးက ပိုက်ကွန်ကို သူ့ရဲ့ ချွန်ထက်လှတဲ့ သွားများဖြင့် ကိုက်ဖြတ်၍ ကယ်တင်ပေး ခဲ့တာကို သူငယ်ချင်းတို့ ကြားဖူးတယ်နော်" "ဟုတ်ကြားဖူးပါတယ်"

ပုတ်သင်ညိုက ဆက်ပြီး "သူငယ်ချင်းတို့ ဒီနေ့ကစပြီး ကိုယ့်ဘဝကိုယ် တန်ဖိုးထားပါ။ မိမိရဲ့ အားနည်းချက် ကိုပဲ တွေးနေပြီး အားမငယ်ပါနဲ့။

မနက်ဖြန်တိုင်းကို မျှော်လင့်ချက်ဖြင့် အသက်ရှင်ပါ။ မိမိကိုယ်သာ အားကိုးရာ ဖြစ်ပါစေ။ သူများဘဝကို ကြည့်ပြီး မိမိဘဝကို အားမငယ်ပါနဲ့။ မိမိဘဝနဲ့ သူများဘဝကို မနှိုင်းယှဉ်ပါနဲ့။ မဖြစ်နိုင်ဘူး ဆိုတာကို ဘယ်တော့မှ မတွေးပါနဲ့"

သူငယ်ချင်းတွေကို ပုတ်သင်ညိုက အကြံပေးတော့ ပုရွက်ဆိတ်၊ ခါချဉ်၊ နှံကောင်တို့သည် နားလည် သဘောပေါက် သွားပြီး မိမိဘဝကို တန်ဖိုးထား ကြပါတော့တယ်။ ကိုယ့်ဘဝကို တန်းဖိုးထားတတ်သူများ ဖြစ်ကြပါစေ။ ဇင်းနစ် မကွေး

Post a Comment

0 Comments