တခါတုန်းက နာမည်ကြီး တက္ကသိုလ်မှ ဆရာတဦးသည် ချောင်ကျသော ရွာတရွာသို့ သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ ရောက်သော် လှေတစီးငှားပြီး မြစ်တလျှောက် လည်ပတ်ခဲ့သည်။ လှေ စတင် ထွက်သောအခါ ဆရာက လှေသမားအား
"ခင်ဗျား သင်္ချာဗေဒ တတ်သလား"
"ကျွန်တော် မတတ်ပါဘူး"
"ရူပဗေဒ တတ်သလား"
"အဲဒါလည်း မတတ်ပါဘူး"
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာ သုံးတတ်လား"
"စိတ်မကောင်းပါဘူး အဲဒါကိုလည်း ကျွန်တော် မတတ်ပါဘူး"
ဆရာမှာ ခေါင်းခါပြီး "သင်္ချာ မတတ်ရင် လူ့ဘဝရဲ့ ၆ ပုံ ၂ ပုံကို ခင်ဗျား ဆုံးရှုံးမယ်။ ရူပဗေဒ မတတ်ရင် လူ့ဘဝရဲ့ ၆ ပုံ ၁ ပုံကို ဆုံးရှုံးမယ်။ ကွန်ပြူတာ မတတ်ရင် လူ့ဘဝရဲ့ ၆ ပုံ ၁ ပုံ ဆုံးရှုံးမယ်။ ခင်ဗျားရဲ့ ဘဝ ၆ ပုံ ၄ ပုံ ဆုံးရှုံးသွားပြီ"
ထိုခဏ အတွင်း ရာသီဥတု ပြောင်းပြီး ကောင်ကင်းတွင် တိမ်ညိုများ တတ်လာသည်။ မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား "ခင်ဗျား ရေကူးတတ် သလား" ဟု မေးလိုက်သည်။
ဆရာက ခဏမျှ ဆွံ့အပြီး "ကျွန်တော် မကူးတတ်ဘူး။ တခါမှ မသင်ဖူးဘူး" ဟု ဖြေလေသည်။ လှေသမားမှာ ခေါင်းကို အသွင်သွင် ရမ်းပြီး "ဒါဆိုရင်တော့ ခင်ဗျားရဲ့ ဘဝ ၆ ပုံ စလုံးဟာ ဆုံးရှုံးရ တော့မယ်" ဟု ပြန်ဖြေလိုက် ပါတော့သည်။
လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့ အခြားလူတယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲကဆရာဟာ ပညာရှင်တဦးပါ။ သူ့ဘဝမှာ သင်္ချာ၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။
ဒီပညာတွေ မတတ်ရင် လူ့ဘဝဟာ အဓိပ္ပါယ် မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။ လှေသမား အတွက်ကတော့ သူ့အတွက် ဒီပညာမတတ်လည်း ဘာမှမဖြစ်ဘူး။ အရေးကြီးတာက သူ့အတွက် "ရှင်သန်ဖို့" အားအင်တွေ ရှိနေဖို့ ပါပဲ။
ဒါပေမယ့် အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမဝင် ခဲ့ဘူး။ လှေမှောက်သွားရင် ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့် ရမှာပါ။ တပါးသူကို အထင်မသေးပါနဲ့။ "ငါ" ဆိုတဲ့ ကိုယ့်စံနှုန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ တီထွင်ဉာဏ် မရှိဘူး၊ ဒါပေမယ့် သူဟာ ရိုးသားတယ်၊ မကောင်းတာကို မကြံစည် တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး၊ ဒါပေမယ့် သူဟာ အလုပ်ကို ကြိုးစားတယ်၊ ဖြောင့်မတ်တယ်၊ မခိုမကပ်ဘူး။
ငါ့ရဲ့ "အရည်အချင်း" သူ့မှာ မရှိသလို သူ့ရဲ့ "အရည်အချင်း" လည်း ငါ့မှာမရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။ အဓိက ကတော့ ကိုယ့်စံနှုန်းနဲ့ သူများကို တိုင်းတာဖို့ မကြိုးစားပါနဲ့တဲ့။ ဘဝတလျှောက်မှာ ကိုယ်နဲ့ သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ ဆိုတာ တကယ်တမ်းတော့ တော်တော် မလွယ်လှ ပါဘူး။ Crd
0 Comments