ဥပုသ်စောင့်ပြီး အသားရှာသူ

တခါတုန်းက သမင်တကောင်ဟာ သစ်ငုတ်တို တခုပေါ်မှာ ယုန်တကောင် မျက်စိမှိတ်ပြီး ထိုင်နေတာ တွေ့တော့ သူက မေးတယ်။

"ကိုယုန် ခင်ဗျား ဘာလုပ်နေတာလဲ"

"တရားထိုင်နေတာပါကွာ"

"တရားထိုင်တယ်ဆိုတာ ဘာလဲဗျာ"

"ချမ်းသာ သုခရှာတာ"

"ဘာတွေ ချမ်းသာသလဲ"

"ဘာတွေ ချမ်းသာသလဲ သိချင်ရင် ငါနေတဲ့ ဂူထဲ သွားကြည့်လိုက်"

သမင်က ဂူထဲဝင်သွားတယ်။ အသံတွေ ကြားလိုက်ရတယ်။ ပြန်ပြီး တိတ်ဆိတ် သွားတယ်။ အဲဒီအချိန်မှာ တောဝက်တကောင် ရောက်လာပြန်တယ်။

"ယုန် ဘာတွေ လုပ်နေသလဲ"

"တရားထိုင်နေတယ်"

"ဘာလဲကွ တရားထိုင်တယ် ဆိုတာ"

"ချမ်းသာသုခ ရအောင်ပါ"

"ချမ်းသာတော့ ဘာဖြစ်မှာလဲ"

"သိချင်ရင် ဂူထဲ သွားကြည့်လိုက်"

တောဝက် ဂူထဲ ဝင်သွားတယ်။ ဂူထဲမှာ အသံတွေ ကြားလိုက်ရ ပြန်တယ်။ တိတ်ဆိတ် သွားတယ်။ တနေ့တနေ့ ယုန်ထိုင်နေတာကို လာမေးတဲ့ သူတွေ အများကြီး။ လာမေးတိုင်း တရားထိုင်တယ် ပြောတယ်။

သူ့ကို ယုံကြည် လေးစားပြီး သူပြောတဲ့ အတိုင်း ဂူထဲ ဝင်သွားရင် ပြန်ထွက် မလာတော့ဘူး။ ဂူထဲမှာ ဘာတွေ ရှိသလဲ။ ဒါကို လိပ်တကောင်က အရမ်း စိတ်ဝင်စား သွားပြီး ယုန်ကို မမေးဘဲ ဂူထဲကို သွားကြည့်တယ်။ ဂူထဲမှာ အရိုးတွေ တောင်လို ပုံနေတယ်။

လိပ်ဟာ ထိပ်လန့်သွားတုန်း အမှောင်ထဲကနေ ကျားတကောင် ထွက်လာတယ်။ လိပ်ကို စားဖို့ပြင်တယ်။ လိပ်က ခေါင်းသွင်းလိုက်တော့ စားလို့ မရတော့ဘူး။

ကျားငစဉ်းလဲက "ဟေ့ကောင် ယုန်စုတ်။ မင်း ငါ့ဆီကို ဘယ်လို သတ္တဝါမျိုး ပို့လိုက်တာလဲ… စားမရ ဝါးမရတွေ မပို့နဲ့ကွာ" လို့ အော်ပြောလိုက်တယ်။

အချို့သော ကိစ္စတွေမှာ အသားစားရဖို့ ဆိုတာ အပြင်ထွက်ပြီး အမဲလိုက်စရာ မလိုဘူး။ တရားထိုင်ပြတဲ့ အကောင် တကောင် မွေးထားလိုက်ရင် သားကောင် ရတယ်။ ယုန်ဆိုတာကလည်း မြင်တာနဲ့ သနားစရာ ဆိုတော့ ယုန်မွေးစားတဲ့ သူတွေ အများကြီး။

ဂူထဲမှာ အပုပ်နံ့တွေက တထောင်းထောင်း ထနေတာတောင် ယုန်ပြောတာ ယုံပြီး ဝင်သွားတဲ့ ကောင်တွေကလည်း အများကြီး။ ယုန်ဆိုတာ အသားမစားဘူး လေ။ ဒါပေမဲ့ အသားစားနေတဲ့ ကောင်တွေကို အလုပ်အကျွေး ပြုနေတဲ့ ယုန်လိုကောင်တွေ လောကမှာ အများကြီး။

ခက်တာက ဖြူဖြူစင်စင်နဲ့ တရားထိုင်ချင်ယောင် ဆောင်လိုက်ရင် သူတော်စင်လို့ ထင်ကြတဲ့ လောကမှာ နောက်ကွယ်က ကျားငစဉ်းလဲလို ကောင်တွေက ကောင်းစားနေတာ။

လူ့လောက မှာလည်း တိရစ္ဆာန်လောက မှာလို ကိုယ်က ဥပုသ်စောင့်ပြီး သူများကို အသားရှာ ကျွေးနေတဲ့ သူတော်ကောင်းယောင် ဆောင်ထားတဲ့ သူတွေ အများကြီး ရှိနေကြပါတယ်။ Nanda Latt

Post a Comment

0 Comments