ကျနော့်ရဲ့ အမေမှာ အကျင့်တခု ရှိပါတယ်။ TV ကို ၂၄ နာရီ ဖွင့်ထားတတ် တာပါ။ ထိုင်ကြည့်နေတာမျိုး မဟုတ်ဘဲနဲ့ ဖွင့်ထားပြီး လုပ်စရာ ရှိတာကို လုပ်နေတာ မျိုးပါ။
ကျနော် အိမ်ရောက်တဲ့ အခါ ကြည့်မယ့်သူ မရှိဘဲ ဖွင့်ထားတာမို့ ကျနော်က ပိတ်၊ အမေက ပြန်ဖွင့်နဲ့ မကြာခဏ စကားများလေ့ ရှိပါတယ်။
အဲဒါနဲ့ ပတ်သတ်ပြီး နောက်ဆုံး အမေ ပြောနေကျ စကားလုံးက "နင်တို့ နားမလည်ပါဘူး" တဲ့။ ကျနော် အဲဒီတုန်းက တကယ်ကို နားမလည်ခဲ့ တာပါ။
တရက် ကိစ္စတခုနဲ့ တယောက်ထဲ ခရီးထွက် ဖြစ်ခဲ့တယ်။ မိုင် (၄၀၀) လောက် ဝေးတဲ့ ခရီးကို အသွားမှာ မောင်းနေတုန်းက ဘာမှ မဖြစ်ပေမယ့် အပြန် ခရီးမှာတော့ တယောက်ထဲ ကားမောင်းရတာကို သိပ်ငြီးငွေ့လာ ပါတယ်။
အပျင်းပြေလို ပြေငြား ဆေးလိပ်သောက်၊ ပီကေ ဝါးပေမယ့်လည်း ကားမောင်း နေရတာဟာ သိပ် အထီးကျန် လွန်းပါတယ်။ နောက်ဆုံး FM တွေ ဖွင့်တယ်။
ဟုတ်တယ်။ FM က ဘာနေနေ ဘာသီချင်းသံပဲ လာလာ အနည်းဆုံး လူတယောက် အသံ ကြားနေရတယ်။ ကိုယ်တယောက်ထဲ အထီးကျန်သလို ဖြစ်နေတယ်လို့ မခံစားရ တော့ဘူး။
FM က ဘာပဲ လာလာ ကျနော့် အတွက် အရေးမကြီးဘူး။ ဘယ်လို အသံပဲ ထွက်နေနေ အနည်းဆုံး ကျနော့်မှာ အဖော် ရှိတယ်လို့ ခံစားစေ ရတယ်။
တွေးမိ စဉ်းစားနေရင်း ကျနော့် စိတ်ထဲမှာ ဖျတ်ခနဲ တယောက်ယောက်ကို အပြေးအလွှား သတိရသွား မိတယ်။ အ မေ။
မိုင်ပေါင်း ၄၀၀ လောက်လေးကို တယောက်ထဲ ဖြတ်နေရတဲ့ ကျနော်လို လူငယ်တောင် ငြီးငွေ့ အထီးကျန်လွန်း နေရင် နှစ်ပေါင်းများစွာ အိမ်ထဲမှာ တယောက်ထဲ နေရရှာတဲ့ အသက် ၆၀ ကျော် အမေဟာ ဘယ်လောက်များ အထီးကျန်ရှာ လိမ့်မလဲ။
TV က စကားသံတွေ နားထောင်ပြီး အဝတ်တွေ လျှော်နေတဲ့ အမေ၊ TV က ကြော်ငြာသံတွေ ကြားပြီး တံမြတ်စည်းတွေ လှည်းနေတဲ့ အမေ၊ TV က ဟာသတွေကို ကြည့်ပြီး ရယ်မနေတတ်တဲ့ အမေ။ TV က TV ထဲက။
အမေရယ်။ ဘယ်အချိန် ကတည်းက ဘယ်လောက်တောင် အထီးကျန် ဖြစ်နေခဲ့တာလဲ အမေရယ်။ Crd
0 Comments