ကံဆိုးတာလား ကံကောင်းတာလား

တခါက လယ်သမားအိုကြီး တယောက်မှာ သူ့လယ်ကို ထွန်ယက်ပေးဖို့ မြင်းအိုကြီး တကောင် ရှိပါတယ်။ တနေ့မှာ သူ့မြင်းကြီးဟာ တောင်တန်းတွေ ရှိတဲ့ ဘက်ဆီကို ထွက်ပြေးသွား ပါလေရော။

အဲဒီတော့ လယ်သမားကြီးရဲ့ အိမ်နီးချင်းတွေက လယ်သမားကြီး ကံဆိုးလိုက်တာ ဆိုပြီး သနားနေ ကြသတဲ့။ လယ်သမားကြီးက "ကံဆိုးတာလား ကံကောင်းတာလား ဘယ်သူက သိမှာလဲ" လို့ ပြောသတဲ့။

တပတ်လောက်လည်း ကြာရော မြင်းအိုကြီးဟာ တခြား မြင်းရိုင်းအုပ်ကြီးကို ခေါ်လာပြီး ပြန်ရောက်လာသတဲ့။ အဲဒီအချိန်မှာတော့ အိမ်နီးချင်းတွေက လယ်သမားကြီးရဲ့ ကံကောင်းမှုကို ချီးကျူး ဂုဏ်ပြုကြ ပြန်တယ်။

လယ်သမားကြီးကတော့ "ကံဆိုးတာလား ကံကောင်းတာလား ဘယ်သူက သိမှာလဲ" လို့ပဲ ပြောသတဲ့။

ရက်နဲနဲလည်း ကြာလေရော။ လယ်သမားကြီးရဲ့ သားဟာ မြင်းရိုင်းတွေကို ယဉ်ပါးအောင် လုပ်ရင်းနဲ့ တကောင်ကို တက်အစီးမှာ ပြုတ်ကျပြီး ခြေထောက်သွင်သွင် ကျိုးသွားပါလေရော။

အားလုံးကတော့ ကံဆိုးလိုက်လေခြင်း ဆိုပြီး ပြောကြသတဲ့။ လယ်သမားကြီး ကတော့ သူ့ရဲ့ ထုံးစံအတိုင်းပါပဲ "ကံဆိုးတာလား ကံကောင်းတာလား ဘယ်သူက သိမှာလဲ" တဲ့။

ရက်သတ္တပတ် အနည်းငယ် အကြာမှာ စစ်တပ်တခုဟာ အဲဒီရွာလေးဆီကို ချီတက် လာလေသတဲ့။ ကျန်းမာသန်စွမ်းတဲ့ လူငယ်ယောက်ျားလေး မှန်သမျှ စစ်မှုမထမ်း မနေရ စနစ်ကြောင့် ဒီရွာမှာ စစ်သားသစ်တွေ လာရှာကြတာတဲ့။

အဲဒီအချိန်မှာ လယ်သမားကြီးရဲ့ သားဟာ ခြေထောက် ကျိုးနေတဲ့ အတွက် ကင်းလွတ်ခွင့် ရသွားခဲ့တယ်။ ဒါကြောင့် အကြောင်း တစုံတရာ ဖြစ်ပေါ်လာခြင်းဟာ "ကံဆိုးဖို့ ဖြစ်လာတာလား၊ ကံကောင်းဖို့ ဖြစ်လာတာလား ဘယ်သူက သိနိုင်မှာလဲ"

လောကကြီးနဲ့ လူတွေဟာ ဒီအတိုင်း တသမတ်တည်း တည်ရှိနေတာ မဟုတ်ဘဲ နိမ့်လိုက်မြင့်လိုက် ကောင်းလိုက် ဆိုးလိုက် လောကဓံရဲ့ မတည်မြဲတဲ့ ဆူကျုံနိမ့်မြင့် သဘောတရားတွေ အလိုက် ဖြစ်ပျက်နေရတယ် ဆိုတာ ဒီပုံပြင်လေးက ပြောပြနေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကံကောင်းတယ် ကံဆိုးတယ် ဆိုတာထက် တွေ့ကြုံ ရင်ဆိုင်ရတဲ့ လောကဓံကို အကောင်းမြင်စိတ်နဲ့ လက်တွေ့ကျကျ ရင်ဆိုင်ကျော်ဖြတ် ရှင်သန်ရဲဖို့ သာလျှင် ပဓာနကျတယ်လို့ ဆိုချင်ပါတယ်။ Crd

Post a Comment

0 Comments