သစ္စာဖောက်

ဆင်ရိုင်းတွေကို ဆင်ယဉ်နှင့် ဖမ်းလေ့ ရှိကြသည်။ ထိုဆင်ဖမ်းသည့် ဆင်ယဉ်တွေ ကလည်း တချိန်က ဆင်ရိုင်းများ ဖြစ်ကြသည်။ အရိုင်းတွေကို အယဉ်နှင့် ထောင်ဖမ်းကာ လူသားတွေက ဆင်တွေကို နှစ်ပေါင်းများစွာ ခိုင်းစားလာ ခဲ့ကြသည်။

မြေခွေးတကောင်က ဆင်ယဉ်တကောင် အနီးကို သွားကာ "ဒီမှာ မင်းမရှက်ဘူးလား" ဟု ဆိုလိုက်သည်။

"ဘာကို ရှက်ရမှာလဲကွ"

"မင်းကွာ ကိုယ့်အမျိုး အချင်းချင်း မျက်နှာကိုမှ မထောက်။ လူသားက မင်းထက် အများကြီး ငယ်တာကိုလည်း သတိမထား။ သူက ခိုင်းလိုက်ရင် ကြောင်လေးတကောင် လိုများ ဖြစ်သွားတာ အံ့ဩလွန်းလို့ပါ"

"ဟေ့ လူသားတွေ လက်ထဲမှာ ကိုင်ထားတဲ့ ကွေးကွေး ကောက်ကောက် အတံလေး တွေ့လား။ အဲဒါ ချွန်းလို့ ခေါ်တယ်။ အဲဒီ ချွန်းဆိုတာနဲ့ ငါတို့ကို ထိန်းထားတာ။ ငါတို့က လူသားကို ကြောက်တာ မဟုတ်ဘူး။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ချွန်း ဆိုတာကိုကြောက်ပြီး သူတို့ခိုင်းတာ လုပ်ပေးနေရတာ"

"ဘာဖြစ်ဖြစ်ပါကွာ မင်းကို မကြာခင် မင်းအမျိုးတွေ ဆီကို ပြန်လွှတ်လိမ့်မယ်။ မင်းက မင်းအမျိုးတွေထဲက တကောင်ကောင်ကို လူတွေဆီ ခေါ်ခဲ့မယ်။ မင်းစကားကို နားယောင်ပြီး လိုက်လာတဲ့ ကောင်ကတော့ မင်းလိုပဲ လူသားတွေ လက်ထဲမှာ ကျွန်ခံနေရတော့မယ်"

"ဘယ်တတ်နိုင်မှာလဲကွာ"

"ဘာလို့ မတတ်နိုင်ရ မှာလဲကွ။ ဒီတခါ လူသားတွေက မင်းကို မင်းအမျိုးတွေဆီ လွှတ်လိုက်ရင် မင်းအမျိုးတွေနဲ့ အတူတူ နေလိုက်ပေါ့။ လူတွေထံကို မပြန်နဲ့တော့လေ"

"ဟေ ဟုတ်သားပဲ ငါဘာကြောင့် အဲဒီလို မတွေးမိတာလဲ။ ငါ့အမျိုးတွေနဲ့ တွေ့ရင် ငါမပြန်ဘဲ တောထဲမှာ နေလိုက်လို့ ရတာပဲ"

"အေး အဲဒါကိုပြောတာ"

ဆင်ယဉ်က မြေခွေးပြောသည့် စကားကို နားထောင်ပြီး သူ့သခင်တွေ သူ့ကို တောထဲ ပြန်လွှတ်မည့် နေ့ကို စောင့်နေသည်။ တနေ့တွင် သူမျှော်လင့်ထားသလို ဖြစ်လာသည်။

လူသားတွေက သူ့ကို ဆင်ရိုင်းဖမ်းရန် အတွက် တောထဲကို လွှတ်လိုက်သည်။ တောထဲကို ရောက်လာသည့် ဆင်ယဉ်ကို ကြည့်ပြီး ဆင်ရိုင်းတွေက ပြောကြသည်။ "ဟေ့ ဟိုမှာ သစ္စာဖောက် လာပြီ"

ဆင်ယဉ်က တောထဲက ဆင်ရိုင်းတွေကို ပြောသည်။ "ငါ နောင်တ ရပါပြီကွာ ငါမင်းတို့ဆီကို ပြန်လာတာပါ။ မင်းတို့ကို သစ္စာဖောက်ဖို့ မဟုတ်ပါဘူး။ ခုဆိုရင် ငါက ငါ့ သခင်တွေကို သစ္စာဖောက်ခဲ့ တာပါ"

"ဟေ့ မလိုချင်ဘူးကွ။ မင်းကြောင့် ငါတို့ အဖမ်းခံလိုက်ရတာတွေ အများကြီး။ မင်းလို လူ့ကျွန်ကို ယုံစားလို့ မဖြစ်တော့ဘူး။ ပြန်တော့ မင်းကို ငါတို့ လက်မခံနိုင်ဘူး"

ဆင်ယဉ်သည် သူ့ကို အမျိုးချင်းကပင် လက်မခံသည့် အတွက် စိတ်ပျက်ကာ တောထဲတွင် တကောင်တည်း လှည့်လည်နေသည်။ သူ့သခင်ကလည်း အချိန်တန်သည့် အခါတွင် ဆင်တကောင်ကို ခေါ်မလာသည့်အတွက် သူ့နောက်က တကောက်ကောက် လိုက်နေသည်။

တောထဲတွင် သူ့ကို ပြန်တွေ့သည့် အခါတွင် သခင်ဖြစ်သူက ဆင်ယဉ်ကို ပြန်ဖမ်းသည်။ ဆင်ယဉ်က လိုက်ရန် ငြင်းဆန်သဖြင့် သူ့သခင်က ပါလာသည့် သူများနှင့် လှံ ချွန်းတို့ကို အသုံးပြုကာ အကြမ်းဖက် ခေါ်ပြီး သူ့ကို ထူးခတ် ထားလိုက်သည်။ ထို့နောက် သူ့နဖူးပေါ်တွင် သခင်ဖြစ်သူက ထုံးဖြင့် စာရေးလိုက်သည်။ "သစ္စာဖောက်"

ယခုတော့ ဆင်ကြီးမှာ လူသားတွေက သူ့ကို သစ္စာဖောက်ဟု သတ်မှတ်ပြီး မသုံးတော့။ ထို့အတူပင် တောထဲက သူ့အမျိုးတွေကလည်း သူ့ကို သစ္စာဖောက်ဟု သတ်မှတ်ကာ လက်မခံ။

နောက်ဆုံးတွင် ပင်ပန်း ဆင်းရဲစွာဖြင့် သစ်ဆွဲသည့် အလုပ်ကို လုပ်ရပေတော့မည်။ ယခုတော့ သူ့သခင်က ပေးသည့် ချွန်းဒဏ်ချက်ပေါင်း များစွာကို ခံစားရင်း မည်သည့် နေရာတွင်မျှ ဝင်၍ မရတော့သော သူ့ဘဝကို ရင်နာနေမိသည်။

ဆိုရိုးစကားတခု ရှိသည်။ Once a traitor, ever a traitor. တကြိမ် သစ္စာဖောက်ဖူးသူသည် ထာဝရ သစ္စာဖောက်ပင် ဖြစ်သည်။ ထိုသစ္စာဖောက်သည် သူ့အပြစ်ကို မည်မျှ ဖာထေးသည် ဆိုစေ

သူ့နဖူးပေါ်တွင် ရေးထားသည့် "သစ္စာဖောက်" ဆိုသော စာလုံးကြီးကို သေသည်အထိ ပျောက်အောင် ဖျက်သွားနိုင်မည် မဟုတ်ပေ။ သစ္စာဖောက် တယောက်သည် မိတ်ဆွေရော ရန်သူကိုပါ ဆုံးရှုံးတတ်သည်။ တင်ညွန့်

Post a Comment

0 Comments