တခါက မြို့တမြို့မှာ သူတောင်းစားလေး တယောက် ရှိတယ်။ သူတောင်းလို့ ရတဲ့ မုန့်ပဲ သရေစာကို မြို့ဈေးရဲ့ ပလက်ဖောင်းလေးမှာ စားလေ့ ရှိတယ်။
အဲဒါကို ဈေးသူ ဈေးသား ဈေးဝယ်လာသူတွေ အားလုံး သိတယ်။ ဘယ်သူကမှ ဂရုတစိုက် ရှိမနေဘူး။
တနေ့ ကြတော့ ပိုက်ဆံချမ်းသာတဲ့ မိသားစု တစုက သူ့တို့ ကလေးနဲ့ မတော်တော့တဲ့ အဝတ်တချို့ကို သူတောင်းစားလေး ဝတ်ဖို့ ပေးလိုက်တယ်။
သူတောင်းစားလေး ကလည်း နေ့စဉ်ရက်မျှ နဂိုအတိုင်း ဝတ်မြဲ အစုတ်အပြဲတွေ နဲ့ပဲ တောင်းစားတယ်။ အရင်နေရာမှာသာ ထမင်း အမြဲစားတယ်။
ဒါကို သတိထားမိတဲ့ တရက်မှာ အဝတ်တွေ စွန့်ကြဲလိုက်တဲ့ သူဌေးက ခေါ်မေးတယ်။ "မင်းကို ဝတ်စေချင်လို့ ပေးလိုက်တဲ့ အဝတ်တွေ ဘာလို့ မဝတ်တာလဲ။ မင်း ရောင်းစားလိုက်တာလား။
မင်းကို ပေးလိုက်တာ မင်းပိုင်တယ် ဆိုပေမယ့် မင်းကို နွေးထွေးစေချင်လို့ ဝတ်စေချင်လို့။ မင်း အဲဒီလို တခါသုံးစိတ်ဓာတ် ရှိရင် မင်းကို တကူးတက ပေးနေစရာ မလိုဘူးလေ"
"ဟုတ်ကဲ့ ဦး။ ပေးကမ်းတာ ကိုလည်း ကျေးဇူးတင် ပါတယ်။ ဦးပေးတဲ့ အဝတ်တွေ ကိုလည်း သား မရောင်းစားပါဘူး။ ညဆို ဝတ်အိပ်ပါတယ်။
ညဘက်တွေ အေးစိမ့်လာတိုင်း ကျွန်တော့်ကို နွေးထွေးစေတဲ့ အဝတ်အကောင်းတွေကို ဝတ်တိုင်း ဦးတို့ကို ဆုတောင်းပေးနေ မိပါတယ်"
"ဒါဆို ဘာလို့ နေ့တိုင်း အစုတ်ကို ဝတ်နေတာလဲ"
"ဦးရယ် သားက သူတောင်းစားလေ။ လယ်သာဂျာကင် ကိုဝတ် ဂျင်းဘောင်းဘီ လှလှလေးနဲ့ သနားကြပါ ဆိုပြီး တောင်းနေရင် ဘယ်သူက ယုံကြည်စွာ ပေးကမ်းမှာလဲ။
ကျွန်တော့်လို သူတောင်းစား လမ်းဘေးမှာ ထမင်းထုတ် ဖြေစားတာ မထူးဆန်း ပါဘူး။ သူဌေးသားတယောက် လမ်းဘေးမှာ ထမင်းထုတ် ဖြေစားရင် ထူးဆန်းသွားကြတယ်။
ဦးရဲ့ စေတနာကို နားလည် ခံစားမိပေမယ့် ကျွန်တော့် ရပ်တည်မှု ဘဝကံတရားကို မတွန်းလှန်နိုင် ချိန်မှာ အဝတ်စုတ်က ထမင်းရှင် ဖြစ်နေတာမို့ ဦးရဲ့ ကျေးဇူးကို ရင်ထဲကသာ ဆပ်နေခွင့်ပြုပါ ဦးရယ်"
ဘဝဆိုတာ သူ့နေရာနဲ့သူ ဖြတ်သန်းနေ ကြရတာပါ။ ကိုယ့်ရဲ့ အမှန်တရား ကလည်း ဆန့်ကျင်ဖက် ဖြတ်သန်းနေရသူ အတွက် အမှန်တရား မဖြစ်နိုင်ပါဘူး။ တခါတလေ ကိုယ်က ပေးအပ်ပြီး ကိုယ်က ရှုံးနိမ့်တာတွေ ရှိပါတယ်။
တခါတလေ ကိုယ့်က ရယူလိုက်ပြီး ရှုံးနိမ့်တာတွေ ရှိပါတယ်။ တကယ်တော့ အနိုင်အရှုံး ဆိုတာ ကိုယ်က သတ်မှတ်တာ။ ရယူခြင်း၊ ပေးအပ်ခြင်း ဆိုတာ နှလုံးသားက သတ်မှတ်တာပါ။ phoomyatchal
0 Comments