တခါတုန်းက ဟတ်ဆန်လို့ ခေါ်တဲ့ ဆရာကြီးတဦး ရှိခဲ့တယ်။ တနေ့ သူသေဆုံးခါနီးမှာ လူတယောက်က "ဆရာကြီးခင်ဗျား၊ ဆရာကြီးရဲ့ ဆရာက ဘယ်သူပါလဲ" လို့ မေးလိုက်တယ်။
အဲဒီအခါ သူက "အခုတော့ နောက်ကျသွားပြီ။ ငါက သေတော့မယ်၊ ပြောဖို့ အချိန် မရှိတော့ဘူး" လို့ ဖြေတယ်။ ဒါပေမဲ့ မေးသူက လက်မလျှော့ဘူး။
"နာမည်လေးပဲ ပြောပါ ရပါတယ်။ ဆရာကြီးက အသက်ရှင်နေ ပါသေးတယ်၊ အသက်လည်း ရှူနေသေးတယ်၊ စကားလည်း ပြောနေပါသေးတယ်။ နာမည်လေးတော့ ပြောနိုင်မှာပါ" လို့ ဆိုပြန်တယ်။
"ဒါက ပြောဖို့ မလွယ်ဘူး။ ဘာလို့လဲ ဆိုတော့ ငါ့မှာ ဆရာတွေက ထောင်သောင်းချီ ရှိတယ်။ နာမည်လေးပဲ ပြောရင်တောင် လတွေ နှစ်တွေ ချီပြီး ကြာလိမ့်မယ်" လို့ ဆရာကြီးက ပြောလိုက်တယ်။
ဒါပေမဲ့ မေးသူက နောက်မဆုတ်ဘူး။ ဒါဆိုရင် ဆရာကြီးရယ် သုံးယောက်လောက်တော့ ပြောပြပါ" လို့ ဆိုပြန်တယ်။ အဲဒါနဲ့ ဆရာကြီးက "ကဲ ဒါဆိုလည်း ငါ ပြောပြမယ်။ ငါ့ရဲ့ ပထမဆုံး ဆရာကတော့ သူခိုး တယောက်ကွဲ့။
တခါတုန်းက ငါဟာ ကန္တာရထဲမှာ လမ်းပျောက်သွားတယ်။ ဒီလိုနဲ့ ခြေဦးတည့်ရာ သွားရင်း ရွာတရွာကို ရောက်သွားတယ်။ ငါရောက်တဲ့အချိန်က နောက်ကျနေတော့ ဆိုင်တွေလည်း အကုန်ပိတ်နေပြီ။ တည်းခိုခန်းတွေလည်း ပိတ်ကုန်ပြီ။ လမ်းမပေါ်မှာ လူတယောက်မှ မတွေ့တော့ဘူး။
ငါလည်း လူတယောက်တလေများ တွေ့မလားလို့ လိုက်ရှာတာပေါ့။ တနေရာမှာ အိမ်တအိမ်ကို မြေအောက်ကနေ ဖောက်ထွင်းဝင်ဖို့ ကျင်းတူးနေတဲ့ လူတယောက်ကို တွေ့ခဲ့တယ်။ ငါလည်း တညလောက် တည်းခိုဖို့ ဘယ်မှာ ရနိုင်မလဲ လို့ မေးလိုက်တာပေါ့။
ဒီတော့ သူက ကျွန်ုပ်က သူခိုးတယောက်ပါ။ သင်က သူတော်စင် ဆရာကြီးတဦးနဲ့ တူတယ်နော်။ သင်ရဲ့ အဝတ်အစားနဲ့ အနေအထားကို ကြည့်တာနဲ့ သိပါတယ်။ အင်း ဒီည တည်းခိုဖို့တော့ ဘယ်မှာမှ မရနိုင်တော့ဘူး။ ဒါပေမဲ့ သင်သာ သူခိုးတယောက်နဲ့အတူ နေနိုင်မယ် ဆိုရင် ကျွန်ုပ်အိမ်မှာ လိုက်နေပါလို့ ပြောတယ်။
ခဏတော့ ငါလည်း တွေဝေသွားတယ်။ နောက်တော့လည်း ပြန်တွေးလိုက်တယ်။ သူခိုးကတောင်မှ ငါ့ကို မကြောက်ရင် ငါလိုလူက သူခိုးကို ဘာဖြစ်လို့ ကြောက်နေသင့်သလဲ ပေါ့။ တကယ်တော့ သူဟာ ငါ့ကို ကြောက်သင့်တာလေ။
ဒီလိုနဲ့ ငါလည်း သူခိုးနဲ့ လိုက်သွားပြီး သူ့အိမ်မှာ တလလောက် နေဖြစ်သွားတယ်။ သူက သူခိုးဆိုပေမဲ့ အရမ်း ခင်မင်စရာ ကောင်းပါတယ်။ အဲဒီမှာ ညတိုင်း ညတိုင်း ငါ့ကို လာပြောတဲ့ စကားရှိတယ်။ အဲဒါကတော့
"ကဲ အခု ကျွန်ုပ် အလုပ် သွားပါတော့မယ်၊ ကောင်းကောင်း အနားယူလိုက်ပါဦး။ တရားထိုင်၊ ဆုတောင်း၊ သင်လည်း သင့်အလုပ် သင်လုပ်နေပေါ့" လို့ ပြောတာပါ။ သူ ပြန်လာပြီ ဆိုရင်လည်း ငါက "ဒီနေ့ည ဘာတွေ ရခဲ့လဲ" လို့ မေးတတ်တယ်။ အဲဒီအခါတိုင်းမှာ သူပြောတာလေးကို ငါ သဘောကျတယ်။
"ဒီနေ့ညတော့ ဘာမှ မရခဲ့ပါဘူး။ ဒါပေမဲ့ မနက်ဖြန် ထပ်ကြိုးစားကြည့်ရ သေးတာပေါ့" တဲ့။ သူ့ပုံစံက ခိုကိုးရာ မဲ့တဲ့ မျှော်လင့်ချက် မဲ့တဲ့ အနေအထား တခါမှ မတွေ့ရဘူး။ တလလုံးလုံး ဘာမှ မပါဘဲနဲ့ သူ ပြန်ပြန် လာရတယ်။ ဒါပေမဲ့ သူက ပျော်နေတာပဲ။
"အင်း မနက်ဖြန် ထပ်ကြိုးစားလိုက် ပါဦးမယ်။ မနက်ဖြန် ကျရင်တော့ အဆင်ပြေသွားမှာပါ၊ ကျွန်ုပ်ကိုလည်း ဆုတောင်းပေးပေါ့။ ဒီလောက် သနားစရာလူကို အကူအညီ ပေးဖို့ မြတ်စွာဘုရားထံ ဆုတောင်းပေးပေါ့" လို့ ပြောလေ့ ရှိတယ်။
ဒီလိုနဲ့ ငါဟာ သူခိုးနဲ့ တွေ့ပြီး နောက်ပိုင်းမှာ တရားကို နှစ်ပေါင်းများစွာ တရစပ် အားထုတ်တယ်။ ဒါပေမဲ့ ဘာအသိအမြင်မှ မရဘူး။ ဘာတရားထူးမှ ပေါ်မလာဘူး။ ငါ အကြိမ်ကြိမ် ကြိုးစားတိုင်း မအောင်မမြင် ဖြစ်လာတဲ့အခါ စိတ်ဓာတ်တွေ အကြီးအကျယ် ကျလာတယ်။ မျှော်လင့်ချက် မဲ့သလိုလည်း ဖြစ်လာခဲ့တယ်။
ဒီအသုံးမကျ အဓိပ္ဗာယ်မရှိတဲ့ တရား အားထုတ်နေတာတွေ အားလုံးကို စွန့်လွှတ်ပစ် လိုက်တော့မယ် လို့လည်း တွေးမိခဲ့တယ်။ ဘုရား ဆိုတာလည်း မရှိဘူး။ ဒီဆုတောင်းခြင်း ဆိုတာတွေလည်း အရူးအနှမ်း အလုပ်တွေပဲ။ တရားအားထုတ်တယ် ဆိုတာလည်း မှားနေတဲ့ အရာကြီးပဲ။ ငါ အဲဒီလိုတွေ တွေးလာခဲ့တယ်။
အဲဒီလိုနဲ့ တနေ့မှာတော့ ငါဟာ သူခိုးပြောခဲ့တာလေး တွေကို သွားအမှတ်ရမိတယ်။ "မနက်ဖြန် ကျရင်တော့ အရာရာ အဆင်ပြေသွားမှာပါ" ဆိုတဲ့ စကားလေးပါ။ ဒီလိုနဲ့ ငါ တရက် ထပ်ပြီး ကြိုးစားကြည့် လိုက်တယ်။ သူခိုးလို လူမှာတောင်မှ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ ပြည့်ဝနေသေးရင် ငါလည်း အနည်းဆုံးတော့ တရက်လောက် ထပ်ကြိုးစားကြည့်သင့်တယ်ပေါ့လေ။
ဒါပေမဲ့ တရက် ကြိုးစားလိုက်တယ်။ မရဘူး။ ဒါပေမဲ့ သူခိုးပြောသလို မနက်ဖြန်တော့ ရမှာပါ၊ ထပ်ကြိုးစားကြည့်တာပေါ့ ဆိုတဲ့ စကားလေးကို ကြားယောင်ပြီး တရက်ပြီး တရက် ယုံကြည်ချက်တွေနဲ့ ဆက်လက် ကြိုးစားဖြစ်ခဲ့တယ်။ ဒီလိုနဲ့ တနေ့မှာတော့ ငါ လိုချင်တဲ့ တရားထူးကို ရရှိလာခဲ့တယ်။ တရားထူး ရလိုက်တာနဲ့ ငါ ရှိတဲ့ နေရာကနေ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ သူခိုးရှိရာ အရပ်ကို မှန်းဆပြီး ငါ ဒူးတုပ် အရိုအသေ ပြုလိုက်တယ်။ အဲဒီသူခိုးဟာ ငါ့ရဲ့ ပထမဆုံး ဆရာသခင်ပါပဲ။
ငါ့ရဲ့ ဒုတိယဆရာကတော့ ခွေးတကောင်ပါ။ တနေ့မှာ ပေါ့လေ။ ငါ ရေအရမ်း ဆာနေခဲ့တယ်။ ဒါကြောင့် မြစ်ကမ်းဘေးကို သွားခဲ့တယ်။ ငါ ရေသောက်မယ် လုပ်တော့ ခွေးတကောင် ငါ့နားကို ရောက်လာတယ်။ အဲဒီခွေးကလည်း ရေအလွန် ဆာနေပုံပဲ။ သူက ဆာဆာနဲ့ ရေသောက်မယ် ဆိုပြီး မြစ်ထဲကို ခေါင်းငုံ့လိုက်တယ်။
ရေထဲမှာ ခွေးနောက်တကောင် ပေါ်လာတယ် ထင်ပြီး သူ့အရိပ်ကိုသူ ကြောက်သွားတယ်။ ဟောင်တယ် ဟောင်တယ် ဆက်တိုက်ကို ဟောင်တော့တာ။ သူ ဟောင်လိုက်ရင် မြစ်ထဲက ခွေးကလည်း လိုက်လိုက်ဟောင်နေ တာကိုး။ ဒါကြောင့် သူကလည်း ဆက်ဟောင်နေတော့တာ။
ဒါပေမဲ့ သူ တခုခုကို ဆုံးဖြတ်လိုက်ပုံ ရတယ်။ ရေကလည်း အလွန် ဆာနေပြီကိုး။ ဒါနဲ့ သူဟာ ရေထဲကို ခုန်ချပစ် လိုက်တယ်။ သူ ခုန်ချလိုက်တော့ နောက်ခွေးတကောင်လို့ ထင်တဲ့အရာက ပျောက်ကွယ် သွားတာပေါ့။ သူဟာ ရေကို အဝ သောက်တယ်။ ရေကူးတယ်။ ရာသီဥတုကလည်း နွေရာသီကိုး။ ဒါကို ငါက ကြည့်နေခဲ့တယ်။
ငါ အသိတခု ရလိုက်တယ်။ တခုခုကို သိပ်ကြောက်နေရင် အဲဒီထဲကို ခုန်ချပစ်လိုက်ဖို့ ဆိုတဲ့ အသိအမြင်ပဲ။ ငါ တရားအားထုတ်တော့ အသိရ ခက်တဲ့ နက်နဲတဲ့ သိမှုနယ်ပယ်ရဲ့ အလွန် (မသိမှု နယ်ပယ်) ကို ရောက်တော့မယ် ဆိုတာကို ငါ သိတယ်။ မြင်တယ်။
ဒါပေမဲ့ အဲဒီအခါတိုင်းမှာ ခွေးက သူ့အရိပ်သူ ကြောက်နေသလို ငါလည်း ကြောက်ခဲ့တယ်။ အဲဒီနယ်ပယ်ကို သွားဖို့ တည်းတည်းလေးပဲ ရှိတော့တာ။ ဒါပေမဲ့ ကြောက်အားလန့်အားနဲ့ နောက်ပြန် ဆုတ်ပစ် ခဲ့တယ်။ နောက်ပိုင်းမှာ ငါ ခွေးရဲ့ ဖြစ်ပုံလေးကို သွားသတိရမိတယ်။
ခွေးတောင်မှ အကြောက်တရားကို ဖြေရှင်းနိုင်သေးတာ ငါက ဘာကြောင့် မဖြေရှင်းနိုင်ရမှာလဲ။ ဒါနဲ့ တနေ့မှာ မသိမှု နယ်ပယ်ထဲကို ခုန်ချပစ် လိုက်တယ်။ ခုန်ချလိုက်တာနဲ့ မသိမှု နယ်ပယ်က ပျောက်ကွယ်ပြီး နောက်မှာ ကျန်ရစ်နေခဲ့ တော့တယ်။ ဒါကြောင့် ခွေးက ငါ့ရဲ့ ဒုတိယဆရာ သခင်ပါ။
တတိယမြောက် ဆရာသခင်ကတော့ ကလေးငယ် တယောက်ပါ။ တခါက ငါ မြို့တမြို့ကို ရောက်တော့ ကလေးတယောက်ကို တွေ့တယ်။ သူက မီးညှိထားတဲ့ ဖယောင်းတိုင်လေးကို ကိုင်လို့ပေါ့။ သူက ဗလီကို သွားနေတာ။ ငါလည်း ကလေးကို စနောက်ချင်တာနဲ့ "ဖယောင်းတိုင်ကို မင်းကိုယ်တိုင် ထွန်းတာလား" လို့ မေးလိုက်တော့ သူက "ဟုတ်ကဲ့" တဲ့။
"ဖယောင်းတိုင်က မထွန်းခင်မှာ မီးက မရှိဘူး။ မင်းကိုယ်တိုင် ထွန်းကာမှ မီးကပေါ်လာတာ ဆိုတော့ အဲဒီမီး ဘယ်က လာသလဲဆိုတာ မင်းသိရမှာပေါ့၊ ဒါကြောင့် ဆိုပါဦး ဖယောင်းတိုင်မီးက ဘယ်က ရောက်လာတာလဲ" လို့ မေးလိုက်တယ်။
အဲဒီမှာ ရုတ်တရက် ကလေးက ရယ်မော လိုက်ပြီး ဖယောင်းတိုင်မီးကို မှုတ်ငြိမ်းပစ်လိုက်တယ်။ ပြီးတော့ "ကဲ ခင်ဗျားပြော၊ အခု ခင်ဗျားကြည့်နေတုန်း ပျောက်သွားတဲ့ မီးက ဘယ်ရောက်သွားတာလဲ" လို့ မေးတယ်လေ။ အဲဒီမှာ ငါလည်း အံ့သြသွားတယ်။
ငါ့အတ္တတွေ ရုတ်တရက် တစစီ ကွဲကြေ ပျက်စီးကုန်တော့တယ်။ ငါ့အသိစိတ် အလျဉ်တွေလည်း ကွဲကြေကုန်သလို ခံစားလိုက်ရတယ်။ ငါ ရှာဖွေဆည်းပူးထားတဲ့ အသိဉာဏ် ဗဟုသုတတွေလည်း လွင့်ပြယ် ကုန်တော့တယ်။ ဒါကြောင့် ဒီကလေးက ငါ့ရဲ့ တတိယဆရာသခင် ဖြစ်လာတော့တာပဲ။
(၂) ဇာတ်လမ်းက စဉ်းစားစရာတွေ အများကြီးပါ။ လေးနက်တဲ့ အရာတွေလည်း ပါပါတယ်။ ဒါပေမဲ့ အဲဒီ လေးနက်တာတွေကို စာဖတ်သူကိုယ်တိုင် အတွေးပွားဖို့ အတွက်ပဲ ထားလိုက်ပါမယ်။ အားလုံး လက်လှမ်းမီနိုင်မယ့် သင်္ခန်းစာလေးကိုပဲ ယူရအောင်။ အထက်ပါ ဇာတ်လမ်းလေးကို ဖတ်ပြီး အဲဒီဆရာကြီးလို စိတ်ထားမျိုးရှိရင် တလောကလုံး ဆရာတွေချည်း ပါပဲလား။ ရိုးသားခြင်း၊ နှိမ်ချခြင်း၊ အကောင်းမြင်ခြင်း ဒါတွေက လူ့လောကကြီးကို သာယာ လှပစေပါလား ဆိုတာ နားလည် မိတယ်။
(၃) ဆရာကြီးရဲ့ လေးစားကြည်ညိုဖွယ် စိတ်ဓာတ်အပြင် သူခိုး နေ့စဉ်ပြောလေ့ ရှိတဲ့ "မနက်ဖြန် ကျရင်တော့ အရာရာ အဆင်ပြေသွားမှာပါ" ဆိုတဲ့ စကားလေးကလည်း နားထဲမှာ စွဲကျန်နေရစ်တယ်။ မနက်ဖြန်ကျရင် အဆင်ပြေမယ်လို့ ယုံကြည်နေတဲ့ စိတ်က နေ့သစ်တိုင်းအတွက် အားအင်တွေ ဖြစ်နေမှာ အသေအချာပါပဲ။
မနက်ဖြန်တွေကို မကြောက်ဖို့၊ မနက်ဖြန်တိုင်းမှာ ကိုယ့်အတွက် ပျော်ရွှင်ခြင်းတွေ ရှိနေတယ် ဆိုတာကို ယုံကြည်လိုက်ဖို့ပါ။ မနက်ဖြန်တိုင်း အတွက် မျှော်လင့်ခြင်းလေးတွေ ကိုယ်စီ ရှိနေကြမယ် ဆိုရင် ဘဝမှာ တွေဝေနေစရာ ဘာများ ရှိဦးမလဲ။ အရှင်ကုသလသာမိ (အတည်မဲ့) မူရင်းဇာတ်လမ်း အိုးရှိူး
0 Comments