ဒုတိယတန်း ဖတ်စာအုပ်၌ ပါရှိသော ပထမဆုံး ပြိုင်ပွဲတွင် ယုန်က ရှုံးနှိမ့်သွားတဲ့အတွက် နောင်တရပြီး နောက်တကြိမ် ထပ်ပြိုင်ဖို့ လိပ်ကို ကမ်းလှမ်း လိုက်ပါတယ်။
လိပ်ကလည်း ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် သော်လည်းကောင်း၊ အနိုင်နဲ့ မပိုင်းချင်တဲ့ အတွက် ယုန်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါတယ်။
ဒုတိယအကြိမ် ပြိုင်ပွဲမှာ ယုန်က သူ့အမှားကို သင်ခန်းစာ ယူပြီး၊ အပျင်း မကြီးဘဲ၊ မရပ်မနား ပြေးဖို့ရယ်၊ တဖက်သားကို အထင်မသေး လိုက်ဖို့ရယ်၊ ပြင်ဆင် လာခဲ့ပြီး၊ ဒုတိယအကြိမ် ပြိုင်ပွဲမှာ ယုန်က နိုင်လိုက် ပါတော့သည်။
ဒါပေမယ့်၊ ပြိုင်ပွဲက အဆုံးမသတ် သေးပါဘူး။ ဒုတိယအကြိမ်မှာ လိပ်က ချန်ပီယံဆုကြီးကို ယုန်ကို လွဲပေးလိုက်ရတဲ့ အတွက် တတိယအကြိမ် ထပ်ပြိုင်ဖို့ ယုန်ကို ကမ်းလှမ်းလိုက်ပါတယ်။
ဒီတခါ လိပ်က ပြေးလမ်းကြောင်းကို သူကိုယ်တိုင် ရွေးချယ်လိုက် ပါတယ်။ ယုန်ကလည်း ချန်ပီယံဆုကို ကာကွယ်ဖို့ စိတ်လှုပ်ရှားနေ ပါတယ်။ မရပ်မနား၊ အပျင်းမကြီးပဲ ပြေးရင် သူပြန်နိုင်မယ်လို့ ယုန်က သူ့ကိုယ်သူ ယုံကြည်နေ ပါတယ်။
တတိယအကြိမ် ပြိုင်ပွဲလည်း လုပ်ရော၊ ယုန်က မထင်မှတ်ပဲ ရှုံးပွဲနဲ့ ကြုံတွေ့လိုက်ရ ပါတော့သည်။ အကြောင်းက လိပ်ရွေးချယ်ထားတဲ့ ပြေးလမ်းမှာ မြစ်တခု ပါနေလို့ပဲ ဖြစ်ပါတယ်။
အဲ့ဒီမြစ်ကို လိပ်က ကူးခတ်နိုင် ပေမယ့် ယုန်က မကူးနိုင် ခဲ့ပါဘူး။ အဲ့ကြောင့်၊ ယုန်က ရှုံးခဲ့ရတာ ဖြစ်ပါတယ်။ လိပ် ရွေးချယ်တဲ့ပြေးလမ်းဟာ သူနဲ့ မကိုက်ညီတဲ့ အတွက် သူ ရှုံးရတယ်လို့ ယုန်က မကျေနပ် ပြန်ပါဘူး။
၄ ကြိမ်မြောက် ထပ်ပြိုင်ဖို့ လိပ်ကို ထပ်စိန်ခေါ်လိုက် ပြန်ပါတယ်။ ဒီတခါတော့ ပြေးလမ်းကို ယုန်ပဲ ရွေးချယ် လိုက်ပါတယ်။ ၄ ကြိမ်မြောက် ပြိုင်ပွဲမှာ ကျပြန်တော့လည်း လိပ်က ထပ်ရှုံးပြန်ပါတယ်။
ယုန် ရွေးချယ်တဲ့ ပြေးလမ်းမှာ ကျောက်တောင်ကုန်း တခု ပါလာလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်၊ လိပ်အတွက် ရှုံးကိန်း ဆိုက်တဲ့ ပြေးလမ်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲက မပြီးသေးပါဘူး။
နောက်ဆုံး ချန်ပီယံ အစစ်ကို အဆုံးအဖြတ် ပေးမယ့် ၅ ကြိမ်မြောက် ပြိုင်ပွဲကို စီစဉ်လိုက် ပါတယ်။ ၅ ကြိမ်မြောက် ပြိုင်ပွဲမှာတော့ ပြေးလမ်းကြောင်းဟာ မျှမျှတတ ဖြစ်သွားအောင်၊
မြစ်တခုရယ်၊ ကျောက်တောင်ကုန်း တခုရယ်၊ ပါလာပါတယ်။ နှစ်ဦးစလုံးအတွက်တော့ အရေးပါတဲ့ ပြိုင်ပွဲဖြစ်လို့ နေပါတယ်။
ပြိုင်ပွဲလည်း စရော၊ နှစ်ယောက်စလုံး အတွက် ပြေးလမ်းဟာ အကြပ်အတည်း ဖြစ်လို့ နေပါတယ်။ ဒီအတိုင်းသာ ဆိုရင် ဘယ်သူမှ ပန်းတိုင်ရောက်ဖို့ အလား၊ အလာ မရှိပါဘူး။
အဲဒါကြောင့်၊ ၅ ကြိမ်မြောက် ပြိုင်ပွဲမှာတော့ တယောက်ကို တယောက် ဖေးမရင်း၊ ကူညီရင်းနဲ့ ပန်းတိုင်ကို အတူတူ ရောက်သွားပါတော့သည်။ နှစ်ယောက်စလုံးလည်း မောကြလို့။ ရင်မှာ ပိတိကိုယ်စီနဲ့ အတူတကွ ချန်ပီယံ ဖြစ်သွားပါတယ်။
ပြောချင်တဲ့ ရည်ရွယ်ချက်က လူတိုင်းမှာ အားနည်းချက် အားသာချက်တွေ ကိုယ်စီ ရှိကြပါတယ်။ တယောက်ကို တယောက် သူသာတယ်၊ ကိုယ်သာတယ် မတွေးဘဲ ပူးပေါင်း ဆောင်ရွတ်ခြင်းဟာ လုပ်ငန်းကို ပိုမိုအောင်မြင်စေတယ် လို့ မြင်မိပါသည်။ ပြောရရင်၊ win win သီအိုရီပေါ့ကွယ်။ phoomyatchal
0 Comments