တခါတုန်းက ဘုရင်ကြီးတပါးဟာ မြို့ထဲမှာ တိုင်းခန်း လှည့်လည်နေရင်း လမ်းဘေးမှာ ထိုင်ပြီး တောင်းစားနေတဲ့ သူတောင်းစား တယောက်ကို တွေ့လိုက်တယ်။ ဘုရင်ကြီးဟာ သူတောင်းစားကို မြင်ပြီး သနားတာနဲ့ ရွှေတုံးတွေ ပါတဲ့ အိတ်တလုံးကို စွန့်ကြဲလိုက်တယ်။
သူတောင်းစားလည်း အိတ်ကို ဖွင့်ကြည့် လိုက်တော့ အထဲမှာ ရွှေတုံးတွေ မြင်လို့ ဝမ်းသာသွားပြီး ဘုရင်ကြီးကို ကျေးဇူးတင်ကြောင်း အထပ်ထပ် အခါခါ ပြောလိုက်တယ်။ ပြီးတာနဲ့ သူ့ အိမ်ကို ဝမ်းသာအားရနဲ့ ပြန်သွားတယ်။
အိမ်ရောက်တာနဲ့ သူဟာ ရွှေအိတ်ကို သူနေတဲ့ တဲထောင့်မှာ မြေမြုပ် ထားလိုက်တယ်။ ညရောက်တော့ သူဟာ ပင်ပန်းလွန်းတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။
ဘုရင်ကြီးက သူတောင်းစားကို ရွှေအိတ် ပေးလိုက်တာကို မြင်တဲ့ သူခိုးတယောက်ဟာ သူတောင်းစား အိပ်ပျော်နေတုန်းမှာ သူ့တဲထဲကို ဝင်ပြီး မြေမြုပ်ထားတဲ့ ရွှေအိတ်ကို တူးဖေါ် ခိုးယူသွားတယ်။
မနက်ရောက်တော့ သူတောင်းစားဟာ သူမြေမြုပ် ထားတဲ့ ရွှေအိတ် ပျောက်ဆုံးနေကြောင်း သိလိုက်ရတယ်။ သူ့ကံကလည်း ဆိုးလိုက်တာလို့ ပြောပြီး အရင်ကနေရာမှာ တောင်းစားတဲ့ အလုပ်ကို ပြန်လုပ် ပြန်တယ်။
ဒီနေ့လည်း တိုင်းခန်း လှည့်လည်လာတဲ့ ဘုရင်ကြီးဟာ သူ မနေ့က ရွှေတွေ ပေးလိုက်တဲ့ သူတောင်းစားဟာ ပြန်တောင်းစားနေတာကို ပြန်တွေ့လို့ အံ့သြသွားတယ်။ သူတောင်းစားကို ရွှေတွေ ရလျက်သားနဲ့ ဘာကြောင့် တောင်းစားရ ပြန်တာလဲလို့ မေးတော့ သူတောင်းစားက သူ့ရွှေတွေကို သူခိုး ခိုးသွားလို့ ပြန်တောင်းစားရကြောင်း ပြောပြတယ်။
ဘုရင်ကြီးလည်း သူ့ကို သနားတာကြောင့် စိန်တုံးကြီး တတုံးကို ပေးလိုက်ပြန်တယ်။ သူခိုးလည်း ဝမ်းသာအားရနဲ့ အိမ်ပြန်သွားတယ်။ ဒီတခါတော့ သူဟာ စိန်တုံးကြီးကို မြေမှာ မမြုပ်တော့ဘူး။ သူခိုး သိနိုင်တယ်။ ဒါကြောင့် သူဟာ သူခိုး မရိပ်မိအောင် စိန်တုံးကြီးကို တဲထဲက ရေအိုး အလွတ်လုံးထဲမှာ ထည့်ပြီး အိပ်ပျော်သွားတယ်။
အပြင်သွားနေတဲ့ သူ့မိန်းမ အိမ်ပြန်ရောက်လာလို့ သောက်ရေအတွက် အဲဒီ ရေအိုးလွတ်ကို ခေါင်းမှာ ရွက်ပြီး မြစ်ဆိပ်မှာ ရေသွားခပ်တယ်။ ရေအိုးထဲမှာ စိန်တုံးကြီး ရှိနေမှန်း သူမ မသိပါဘူး။
မိန်းမဟာ မြစ်ဆိပ်ရောက်တော့ ရေအိုးကို စောင်းပြီး ရေဖြည့်လိုက်တယ်။ စိန်တုံးကြီးဟာ ရေအိုးထဲက ထွက်ကျပြီး မြစ်ရေထဲကို ကျသွားတယ်။
နောက်တနေ့ မနက်ကျတော့ သူတောင်းစားဟာ အိပ်ရာက နိုးနိုးချင်းပဲ ရေအိုးကို သွားကြည့်တယ်။ အိုးထဲက ရေတွေကို သွန်ကြည့်လိုက်တော့ စိန်တုံးကြီးကို မတွေ့တော့ဘူး။
သူ့မိန်းမက ရေအိုးနဲ့ ရေသွားခပ်တယ် ပြောလို့ စိန်တုံးကြီးဟာ မြစ်ထဲကို ကျသွားပြီဆိုတာကို သူတောင်းစား သိလိုက်ရတယ်။ သူ့ကံကလည်း ဆိုးလိုက်တာလို့ ပြောပြီး အရင်က နေရာမှာပဲ တောင်းစားတဲ့ အလုပ်ကို ပြန်လုပ်တယ်။
ဒီနေ့လည်း တိုင်းခန်း လှည့်လည်လာတဲ့ ဘုရင်ကြီးဟာ သူ တနေ့က ရွှေတွေနဲ့ မနေ့က စိန်တုံးကြီးကို ပေးလိုက်တဲ့ သူတောင်းစားကို ပြန်တောင်းစားတဲ့ ပြန်တွေ့ပြန်လို့ အံ့သြသွားတယ်။ သူတောင်းစားကလည်း သူ့အဖြစ်အပျက်ကို ပြန်ပြောပြတယ်။ ဘုရင်ကြီးလည်း သနားစိတ် ပေါ်လာပြန်တယ်။
ဒါပေမဲ့ ဘုရင်ကြီးရဲ့ စိတ်ထဲမှာ သူတောင်းစားဟာ တန်ဖိုးကြီးတဲ့ အရာတွေနဲ့ မထိုက်တန်ဘူးလို့ ယူဆတာကြောင့် ထမင်းတနပ်စာပဲ တန်တဲ့ ငွေဒင်္ဂါး တပြားကိုပဲ စွန့်ကြဲ ပေးသနားလိုက်တယ်။ သူတောင်းစားလည်း ဗိုက်ဆာတာနဲ့ ဘုရင်ကြီး ပေးလိုက်တဲ့ ငွေဒင်္ဂါးနဲ့ ထမင်းဝယ်စားဖို့ ထမင်းဆိုင်တခုကို လမ်းလျှောက်သွားတယ်။
လမ်းမှာ ငါးရောင်းနေတဲ့ လူတယောက်နဲ့ ဆုံတွေ့လိုက်တယ်။ သူ့မှာ ရောင်းဖို့ ငါးတကောင်ပဲ ကျန်တော့တယ်။ သူတောင်းစားဟာ ပုံးထဲမှာ ရေထဲမှာ ကူးခတ်နေတဲ့ ငါးကို ကြည့်ပြီး သနားလို့ မြစ်ထဲကို ပြန်လွှတ်ပေးဖို့ ရည်ရွယ်ချက်နဲ့ သူ့ငွေဒင်္ဂါးကို ပေးပြီး အဲဒီ ငါးနဲ့ ပုံးကို ဝယ်လိုက်တယ်။
သူ့တဲကို ပြန်ရောက်တော့ ရေပုံးထဲမှာ ငါးနဲ့ ဘုရင်ကြီး စွန့်ကြဲခဲ့တဲ့ စိန်တုံးကြီးကို တွေ့လိုက်ရတယ်။ မိန်းမ ရေခပ်တုန်းက ကျသွားတဲ့ စိန်တုံးကြီးကို မြိုချထားတဲ့ အဲဒီငါးက ပြန်အန်ထုတ် ပေးလိုက်တာပါ။ ကြင်နာသနားခြင်း ဆိုတာ ဘယ်တော့မှ အချည်းနှီး အကျိုးမဲ့ မဖြစ်စေရပါဘူး။ Crd
0 Comments