အချိန်လွန်သွားသော အောင်မြင်မှု

တခါတုန်းက တောဘုရင် ခြင်္သေ့မင်းကြီးတကောင် ရှိပါသတဲ့။ သူ့မှာ အလွန် ယုံကြည်စိတ်ချရပြီး တာဝန်ကျေတဲ့ လူယုံတော်တယောက်လည်း ရှိတယ်။

သူကတော့ ရှဉ့်တကောင်ပဲ ဖြစ်တယ်။ ရှဉ့်ကလေးဟာ ခြင်္သေ့မင်းကြီး ခိုင်းသမျှကို မညဉ်းမညူဆောင်ရွက်ပေးလေ့ ရှိတယ်။

အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာလည်း မြန်မြန်ပြီးတဲ့ အပြင် အမှားအယွင်း မရှိသလောက်လည်း နည်းပါးတာကြောင့် ခြင်္သေ့မင်းကြီးက အင်မတန်မှပဲ သဘောကျတယ်။ ဒါကြောင့်လည်း ခြင်္သေ့မင်းကြီးက ရှဉ့်ကလေးကို ဆင့်ခေါ်လိုက်ပြီး ပြောတယ်။

"မင်းဟာ အင်မတန်တော်တဲ့ ကျေးကျွန်တယောက် ဖြစ်တဲ့အတွက် ငါကိုယ်တော် အင်မတန် သဘောကျသကွဲ့။ ဒါကြောင့်လည်း မောင်မင်း အသက်အရွယ် ကြီးရင့်လို့ အငြိမ်းစား ယူတဲ့အခါ မှာတော့ လှည်းတစီးတိုက် ရှိတဲ့ မက်မွန်သီးတွေကို ဆုတော် လာဘ်တော်အဖြစ် ဂုဏ်ပြုပေးမယ်လို့ ငါကိုယ်တော် ကတိထားပါတယ်" လို့ ပြောခဲ့တယ်။

ရှဉ့်ကလေးဟာ အရမ်းအံ့သြ ဝမ်းသာသွားခဲ့ရတယ်။ မက်မွန်သီးစေ့ ဆိုတာက အခြားသာမန် ရှဉ့်တကောင်အတွက် တသက်လုံးနေလို့မှ တလုံးတလေ ရဖို့တောင် ခက်ခဲမှာ ဖြစ်ပေမယ့် သူဟာ လှည်းတစီးတိုက် ကြီးများတောင် ပိုင်ဆိုင်ရမယ့် အရေးကို တွေးပြီး ပြုံးပျော်လာ ခဲ့တယ်။

ခြင်္သေ့ဘုရင်ကြီးဆီမှာ စစဦး တာဝန်ထမ်းဆောင်စဉ် ကတော့ အခြားသော ရှဉ့်တွေရဲ့ လွတ်လပ်တဲ့ ဘဝကို သူအားကျမိခဲ့တယ်။ သူလည်းပဲ အခြားသော ရှဉ့်တွေလို အပင်တွေပေါ် တက်လိုက် ဆင်းလိုက်နဲ့ ဆော့ကစား ပျော်မြူးချင်ခဲ့တယ်။

ဒါပေမယ့်လည်း ခြင်္သေ့ဘုရင်ကြီး ဘေးနားက ထီးဟန်နန်းဟန် ပါပါနဲ့ နေရတဲ့ ဘဝကိုလည်း ဂုဏ်သရေ ရှိတယ်လို့ သူထင်ခဲ့တယ်။

နောက်ဆုံးမှာတော့ သာမန်ရှဉ့်တကောင်ထက် ပိုပြီးထူးခြားတဲ့ ဘုရင့်အပါးတော်မြဲ အဖြစ်ကိုပဲ သူရွေးချယ်ခဲ့တာ ဖြစ်တယ်။ အခုတော့ ဂုဏ်ရှိတဲ့ ရာထူးကနေ အနားယူတဲ့ အခါမှာလည်း အင်မတန်ကြီးမားတဲ့ ဆုလာဘ်ကို သူရဦးမှာပဲ ဖြစ်တယ်။

ဒါကြောင့် ရှဉ့်ကလေးဟာ ပျော်နေခဲ့တယ်။ "တခြားရှဉ့်တွေက ငါ့ကို မနာလို ဖြစ်တဲ့အထိ ငါချမ်းသာတော့မယ်" လို့ သူတွေးနေခဲ့ပြန်တယ်။

အဲဒီလိုနဲ့ နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့တယ်။ ရှဉ့်ကလေးဟာလည်း အိုမင်းမစွမ်း ဖြစ်လာခဲ့တဲ့ အတွက် ခြင်္သေ့ဘုရင်ကြီးရဲ့ အမှုတော်ကို အရင်ကလောက် မြန်မြန်ဆန်ဆန် လုပ်နိုင်စွမ်းမရှိဘဲ ဖြစ်လာခဲ့တယ်။ ဒီအခါမှာတော့ သူဟာ အငြိမ်းစားယူဖို့ အတွက် ခြင်္သေ့မင်းကို လျှောက်တင်ခဲ့တယ်။

ခြင်္သေ့မင်းကြီးကလည်း သူ့ရဲ့ အပါးတော်မြဲ ရှဉ့်ကို ဂုဏ်ပြု ညစာစားပွဲ ပြုလုပ်ပြီး ဂုဏ်ပြုခဲ့တယ်။ သူ့ကတိစကား အတိုင်း မက်မွန်သီးကို လှည်းတစီးတိုက်စာ ပေးခဲ့ပြန်တယ်။

ရှဉ့်ကလေးဟာ သူအနှစ်နှစ် အလလ အိမ်မက် မက်ခဲ့တဲ့ ဆုလဒ် ဖြစ်တဲ့မက်မွန်သီးတွေကို ဝမ်းသာအားရ ပွေ့ဖက်ခဲ့တယ်။

ဒါပေမယ့် တစုံတခုကို သူသတိ ထားမိတဲ့အခါ မှာတော့ သူဟာဝမ်းနည်းခြင်းနဲ့ အတူ မျက်ရည် ဝဲလာပြန်တယ်။ ခုချိန်မှာ မက်မွန်သီးတွေကို စားဖို့ သူ့မှာ သွားတချောင်းမှ မကျန်တဲ့ အဖြစ်ကို သူသတိရသွားလို့ပဲ ဖြစ်တယ်။

ဒီအကြောင်းအရာလေးက ကျနော်တို့ကို ပြောပြထားတာတွေ ရှိပါတယ်။ ကျနော်တို့ဟာ တခါတရံမှာ ရည်မှန်းချက် တခုကို စွဲစွဲမြဲမြဲ ကြိုးစားတတ်ကြတယ်။

အဲဒီအပြင် အလုပ်တခုကိုလည်း စွဲမြဲစွာ လုပ်ကိုင်တတ် ကြတယ်။ အဲဒီလို ရည်မှန်းချက်ထား လုပ်ကိုင် ဆောင်ရွက်ခြင်းဟာ မှန်ကန်တယ် လို့လည်း ယျေဘုယျအားဖြင့် သုံးသပ်နိုင် ပါတယ်။

အဲဒီလို မှန်ကန်နေပေမယ့်လည်း ခြွင်းချက်တခုလည်း ရှိနေပြန်တယ်။ အဲဒါကတော့ ရည်မှန်းချက် ပြည့်မြောက်ချိန်မှာ ရှိတဲ့ ကိုယ့်ရဲ့ အသက်အရွယ်နဲ့ အခြေအနေကို ထည့်သွင်း သုံးသပ်သင့်တာပဲ ဖြစ်တယ်။

စုဆောင်းခြင်းကြောင့် ရရှိလာတဲ့ ကြွယ်ဝမှုတွေဟာလည်း အိုမင်းခြင်းနဲ့ ကပ်လျက်ပါလာတဲ့ ကျန်းမာခြင်း အကြောင်းကြောင့်ပဲ အချည်းနှီး ဖြစ်တတ်တယ်လို့ ဆိုလိုရင်းဖြစ်တယ်။

Succeed has time limits ဆိုတဲ့စကားလို အောင်မြင်မှုမှာလည်း အချိန်အကန့်အသတ်တော့ ရှိနေတတ် ပါသေးတယ်။ သတ်မှတ်ချိန်အတွင်း ပန်းဝင်နိုင်ကြပါစေ။ ဖြိုးသုတ

Post a Comment

0 Comments