ရေချိုးရင်းနဲ့ သီချင်းဆိုသင့်တဲ့အကြောင်းအရင်း (၆) ချက်

သီချင်းဆိုလို့အကောင်းဆုံးအချိန်တွေထဲက တစ်ချိန်ကတော့ ရေချိုးတဲ့အချိန်ပါ။ လူ ၅ ယောက်မှာ တစ်ယောက်က ရေချိုးတဲ့အချိန်မှာ သီချင်းဆိုတတ်ကြပါတယ်။ ရေချိုးရင်းနဲ့ သီချင်းဆိုတဲ့အခါမှာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရရှိလာမှာပါ။

၁။ သွေးဖိအားနည်းပါးစေခြင်း

ရေချိုးနေရင်းနဲ့ သီချင်းဆိုတဲ့အခါ စိတ်တည်ငြိမ်တာကြောင့် သွေးဖိအားတွေလည်း မတိုးလာပါဘူး။ ကော်တီဇောဟော်မုန်းလည်း လျော့ကျသွားပါတယ်။

ခန္ဓာကိုယ်ထဲမှာ ကော်တီဇောဟော်မုန်းများတဲ့အခါမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းတာ၊ ဖိအားများတာ၊ လေဖြတ်တာ၊ ဆီးချိုရောဂါတို့ ဖြစ်ပွားစေပါတယ်။

၂။ ကိုယ်ခံအားကောင်းစေခြင်း

ရေချိုးနေချိန်မှာ သီချင်းဆိုတာက ဗိုင်းရပ်စ်ပိုးတွေကို တိုက်ဖျက်နိုင်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ ရေချိုးတဲ့အချိန် သီချင်းဆိုတာက ကိုယ်ခံအားကောင်းလာစေတာကြောင့် ရောဂါပိုးတွေ လွယ်လွယ်နဲ့ ဝင်မလာနိုင်ပါ။ အဲဒါကြောင့် သင့်အကြိုက်သီချင်းတွေကို ရေချိုးတဲ့အချိန်မှာ ဆိုရင်းနဲ့ ကျန်းမာလာနိုင်ပါတယ်။

၃။ စိတ်ဖိစီးမှုများလျော့ကျခြင်း

ရေချိုးရင်းနဲ့သီချင်းဆိုတဲ့အခါ စိတ်က တည်ငြိမ်သွားပြီး မြန်နေတဲ့နှလုံးခုန်နှုန်းလည်း ပုံမှန်ဖြစ်သွားပါတယ်။ ဒါ့အပြင် ရေချိုးရင်းနဲ့ သီချင်းဆိုတာက အော်ဆီတိုစင်ဟော်မုန်းလည်း ထွက်လာစေပါတယ်။

အောက်ဆီတိုစင်ဟော်မုန်းက စိတ်ဖိစီးမှုတွေကို လျော့နည်းစေတာပါ။ အဲဒါကြောင့် အထီးကျန်နေတဲ့အခါ၊ စိတ်ဓာတ်ကျနေတဲ့အခါ၊ စိတ်တွေ ရှုပ်နေတဲ့အခါမှာ ရေချိုးရင်းနဲ့ သီချင်းဆိုလိုက်ပါ။

၄။ နာကျင်မှုတွေကို သက်သာစေခြင်း

ခန္ဓာကိုယ်မှာ တစ်ခုခု နာကျင်နေတဲ့အခါ ရေချိုးရင်းနဲ့ သီချင်းအော်ဆိုလိုက်ပါ။ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက ဆက်စပ်နေတာကြောင့် သီချင်းဆိုတာက နာကျင်မှုတွေကို သက်သာစေပါတယ်။ ကြွက်သားတင်းမာနေတာတွေကိုလည်း လျော့ကျသွားစေပါတယ်။

၅။ မျက်နှာက ကြွက်သားတင်းမာတာတွေကို ဖြေလျှော့ပေးခြင်း

သီချင်းဆိုတဲ့အခါမှာ မျက်နှာနဲ့ လည်ပင်းက ကြွက်သားတွေကို အသုံးပြုရပါတယ်။ ရေချိုးရင်းနဲ့ သီချင်းဆိုတဲ့အခါ မျက်နှာနဲ့ ကြွက်သားတင်းမာတာတွေ ပြေလျော့သွားပါတယ်။ မျက်နှာက အဆီပိုတွေ ကျစေဖို့ လေ့ကျင့်ခန်းလုပ်သလိုလည်း ဖြစ်စေမှာပါ။

၆။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာခြင်း

အများကြားထဲမှာ သီချင်းမဆိုရဲတဲ့အခါ ရေချိုးခန်းထဲမှာ သီချင်းဆိုလိုက်ပါ။ ရေချိုးခန်းထဲမှာ လွတ်လွတ်လပ်လပ်သီချင်းဆိုတာက သင့်ရဲ့အသံဘယ်လောက်ကောင်းကြောင်းကိုလည်း သိလာနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ သီချင်းဆိုဖို့ ရှက်ရွံ့တာတွေ လျော့လာမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments