တခါတုန်းက မျိုးရိုးစဉ်ဆက် ပညာဉာဏ်ရော၊ ငွေကြေး စည်းစိမ်ဥစ္စာရော၊ ရာထူး ဂုဏ်ပကာရော အလွန်တရာ ကြီးမားပြည့်စုံပြီး ဘုရင်ကြီး အပါအဝင် တိုင်းသူပြည်သား အားလုံး အယုံကြည်ရဆုံး၊ အားအထားရဆုံး၊ အကြည်ညိုဆုံး၊ အလေးထားဆုံး ပညာရှိ အမတ်ကြီးတပါး ရှိလေသတဲ့။
တနေ့မှာ အဲဒီ အမတ်ကြီးက စဉ်းစားမိတယ်။ ငါ့ကို ဒီလိုမျိုး ကြည်ညို လေးစား ယုံကြည် အားထားကြတာ အဓိကက ဘာကြောင့်လဲ တွေးမိတယ်။
ပညာဉာဏ် ကြောင့် အဓိကလား၊ ငွေကြေး စည်းစိမ်ဥစ္စာကြောင့် အဓိကလား၊ ရာထူးဂုဏ် ပကာသန ကြောင့် အဓိကလား၊ စိတ်ဓါတ်၊ စာရိတ္တ၊ သီလ၊ သမာဓိ ကြောင့် အဓိကလား၊ စသဖြင့်ပေါ့။ စဉ်းစားရင်း အရမ်း သိချင်ခဲ့တယ်။
အဲဒါနဲ့ အမတ်ကြီးလည်း တိုင်းပြည်ရဲ့ လုပ်ငန်းတာဝန်တွေ လှည့်လည် စစ်ဆေးနေရင်းနဲ့ ရွှေပန်းထိမ် လုပ်တဲ့ နေရာကို ရောက်တော့၊ စမ်းသပ် အဖြေရှာချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်လာ ပါတော့တယ်။
တချိန်တည်းမှာပဲ အမတ်ကြီးက ဘာမပြော ညာမပြောနဲ့ ရွှေပန်းထိမ် လုပ်နေတဲ့ ပန်းထိမ်ဆရာကြီး ရှေ့က ရွှေတကျပ်သားတုံးကို ကောက်ယူပြီး အိတ်ထဲထည့်ကာ ခပ်တည်တည်နဲ့ ထွက်သွား ပါလေရော။
ပန်းထိမ်ဆရာကြီးက အံ့သြကာ မောကြည့်ပြီး ပြုံးနေတယ်။ ပန်းထိမ်ဆရာကြီး အတွေးထဲမှာ အမတ်ကြီးက တခုခု အကြောင်း ရှိလို့နေမှာ။
အမတ်ကြီးရဲ့ သိက္ခာဂုဏ်အရ ဘုရင်ကြီးတောင် ယုံကြည်တာ ဆိုပြီး ဘာမှ မပြောပဲ နေလိုက်တယ်။ ဒီလိုနဲ့ ဒုတိယနေ့လည်း ရှေ့ကနည်းအတိုင်း ရွှေ တကျပ်သားတုံးကို ဘာမှ မပြောပဲ ကောက်ယူ ပြန်တယ်။ ပန်းထိမ်ဆရာကြီးလည်း ဘာမှ မပြောပြန်ဘူး။
တတိယနေ့လည်း ရောက်ရော အမတ်ကြီးဟာ ရှေ့က အတိုင်း ရွှေတကျပ်သားတုံးကို ကောက်ယူချိန်မှာ ပန်းထိမ်ဆရာကြီးက ချက်ချင်းပဲ ဆိုသလို ဒါတော့ သဘောရိုး မဟုတ်တော့ဘူး၊ ဒါ သက်သက် ခိုးယူတာပဲ ဆို ပြီး ဘုရင်ကြီးထံ ဖြစ်ကြောင်းကုန်စင် လျှောက်လဲပြီး အမတ်ကြီးအား သက်သေနှင့် တကွ မင်းကြီးထံ အပ်နှံလိုက်ပါတယ်။
ဘုရင်ကြီးကလည်း တော်တော် အံ့သြပြီး မယုံနိုင်တဲ့ အတွက် အမှုကို စစ်ဆေးပါတယ်။ စစ်တဲ့ အချိန်မှာ အမတ်ကြီးကလည်း သူ့ရဲ့ လုပ်ရပ်တွေကို ဝန်ခံခဲ့ပါတယ်။
အဖြစ်မှန်ကိုလဲ သိရော ဘုရင်ကြီးက အမတ်ကြီးရဲ့ ဘွဲ့တွေ၊ ရာထူးတွေ ဂုဏ်တွေကို အကုန် ပယ်ဖျက်ပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ် မပေးခင် အမတ်ကြီးအား ဘာကြောင့် ယခုလို ပြုမူရတဲ့ အကြောင်း ရင်းကို မေးမြန်းတယ်။
ထိုအခါ ပညာရှိအမတ်ကြီးက "အရှင်မင်းမြတ်၊ ကျွန်တော်မျိုး ယခုလို လုပ်ခြင်းဟာ ဘုရင်ကြီးရော တိုင်းသူပြည်သားတွေပါ ကျွန်တော်မျိုးကို ဒီလိုမျိုး ကြည်ညို လေးစား ယုံကြည် အားထားကြတာ အဓိကက ဘာကြောင့်လဲ ဆိုတာ သိချင်လို့ပါ အရှင်မင်းကြီး။
ပညာဉာဏ်ကြောင့်လား၊ ငွေကြေး စည်းစိမ်ဥစ္စာ ကြောင့်လား၊ ရာထူးဂုဏ် ပကာသနကြောင့်လား၊ စိတ်ဓါတ် စာရိတ္တ သီလ သမာဓိကြောင့်လား" ဆိုတဲ့ အကြောင်းကို ရှင်းပြပါတယ်။
ဘုရင်မင်းကြီးလည်း အမတ်ကြီးရဲ့ အံ့ဖွယ် စမ်းသပ်မှုကို သိရတဲ့ အတွက် အမတ်ကြီးကို နဂို ရာထူး ဂုဏ်ဘွဲ့တွေ အပြင် ဆုလာဒ်တော်တွေကို ထပ်မံ ချီးမြှောက်သောအခါ အမတ်ကြီးက ဘာတခုမှ မယူတော့ပဲ ပြန်လည် လျှောက်ထားတာ ကတော့
"အရှင်မင်းကြီး ကျွန်တော်မျိုး ဘာမှ မလိုချင် တော့ပါ။ ကျွန်တော်မျိုး သိချင်တဲ့ အဖြေကို ရရှိ ပြီးပါပြီ။ လောကမှာ ကျွန်တော်မျိုးကို ဘုရင်ကြီး အပါအဝင် လူတွေ ကြည်ညို လေးစား၊ ယုံကြည် အားထားကြတာ အဓိကက စိတ်ဓါတ် စာရိတ္တ သီလ သမာဓိ ကြောင့် အဓိက ဆိုတာ သိပြီးသွားလို့ပါ။
ဒါကြောင့် ကျွန်တော်မျိုး အဲ့ဒီ ဂုဏ်ပကာသနတွေကို လက်မခံ ပါရစေနဲ့။ ကျွန်တော်မျိုး တောထွက်ပြီး တရားထူး တရားမြတ်ကိုပဲ ကျင့်ကြံ ပါရစေ" လို့ ခွင့်တောင်းလိုက် ပါတော့သတည်း။ လူတဦးမှာ စိတ်ဓါတ် စာရိတ္တမှ မချမ်းသာလျှင် တန်ဖိုးထားစရာ ဗလာနတ္ထိတည်း။ Phwe M
0 Comments