မီးပုံဘေးက လူခြောက်ယောက်

တခါက တနှစ်မှာ ၁၀ လ လောက် ရေခဲ နေတတ်တဲ့ တောမကျ မြို့မကျ ရွာလေးတခု မှာပေါ့။ ဆောင်းတွင်း ရောက်လာတယ်။ နှင်းတွေကလည်း ကျလိုက်တာ။ ရေခဲမှတ်အောက်ကို အနှုတ် ၃၀ ဒီဂရီလောက် ရောက်နေပြီ။

ဒီနေရာလေးဟာ သုံးနှစ်ကို တကြိမ်လောက် နှင်းမုန်တိုင်းတွေ တိုက်ခတ် တတ်တယ်။ နှင်းမုန်တိုင်းတွေ ကျပြီ ဆိုရင် ရေခဲတောင်တွေ ပြိုတယ်။ အိုးအိမ်တွေ ပျက်စီးတယ်။

ဒါကြောင့် ဒီဒေသက လူတွေဟာ နှင်းမုန်တိုင်း ကျပြီဆိုရင် သူတို့ ဝတ်နေကျ လောင်းကုတ်အင်္ကျီ အရှည်ကြီးကို ဝတ်တယ်။ အဲ့ဒီ အင်္ကျီ အရှည်ကြီးထဲမှာ ထင်းရှူးဆီအခဲတခုရယ်၊ မီးခြစ်တလုံးရယ်၊ ထင်း သုံးလေးငါးချောင်းရယ်၊ အသားခြောက် ၅၀ ကျပ်သား လောက်ရယ် ထည့်ပြီး နီးစပ်ရာ တောထဲက ဂူတွေထဲမှာ နှင်းမုန်တိုင်း ခိုကြရတယ်။

ဒီလိုနဲ့ ဆောင်းတညမှာ နှင်းမုန်တိုင်းတွေ ရုတ်ချည်း ဆိုသလို ကျလာပါတော့တယ်။ အဲ့ဒီ ရွာကလေးထဲက လူတွေဟာ နီးစပ်ရာ ကျောက်ဂူတွေဆီကို ပြေးကြတယ်။ မုန်တိုင်း ခိုကြတယ်။

လူ ၆ ယောက်။ မှောင်မည်းနေတဲ့ ကျောက်ဂူကြီး တခုထဲကို ရောက်သွားကြတယ်။ လူတယောက်ဟာ သူ့ဆီမှာ ပါတဲ့ မီးခြစ်နဲ့ထင်းရှူးဆီကို သုံးပြီး မီးဖိုလိုက်တယ်။ အသားခြောက်ကို ကင်လိုက်တယ်။ မီးဖိုရဲ့ဘေးမှာ အသားခြောက်ကို စားပြီး လောင်းကုတ်ကြီးကို ခေါင်းမှာခြုံလို့ အိပ်ငိုက်နေ ပါတော့တယ်။

အဲ့ဒီလူ ဖိုထားတဲ့ မီးပုံလည်း မြင်ရော ကျန်တဲ့ လူတွေဟာ တယောက်ပြီး တယောက် မီးရောင်ရှိရာကို ရောက်လာကြတယ် ထင်းတွေ ထည့်လိုက်တယ်။ အသားခြောက်ကို ကင်လိုက်တယ်။ စားကြတယ်။ ပြီးတော့ မီးဖိုဘေး မှာပဲ အိပ်ငိုက်နေ ကြတယ်။

နှင်းမုန်တိုင်းဒဏ်က လွတ်အောင် ပြေးလာကြတာ ဆိုတော့ တယောက်ကို တယောက် မကြည့်အားကြဘူး။ မောမောပန်းပန်းနဲ့ မီးဖိုထဲကို ထင်း တချောင်းစီ ထည့်ပြီး နှင်းမုန်တိုင်း အစဲကို စောင့်နေကြတယ်။

ဆောင်းကလည်း အေးလိုက်တာ။ အရိုးကွဲမတတ်ပဲ။ အပြင်မှာလည်း မုန်တိုင်းသံတွေ ဆူညံလို့။ ထင်းထည့်ထားတဲ့ မီးဖိုဟာ တဖြည်းဖြည်းနဲ့ မီးအား နည်းလာတယ်။ မီးညွန့်ကလေးဟာ တုန်တုန်ယင်ယင်နဲ့ အားပျော့သွားတယ်။

မီးဖိုထဲကို ထင်းထပ်ထည့်ဖို့ လိုလာပြီ။ သိပ်အေးတော့ လူတယောက်က နိုးလာတယ်။ လောင်းကုတ်အင်္ကျီ အရှည်ကြီး ထဲကို နှိုက်လိုက်တယ်။ ထင်းတချောင်း ထည့်တော့မယ်ပေါ့။

အဲ့ဒီ အချိန်မှာ သူနဲ့ မျက်နှာချင်းဆိုင် လူတယောက် ကလည်း သူ့လိုပဲ သိပ်အေးတော့ နိုးလာတာပေါ့။ မီးဖိုရဲ့ မီးရောင်ပျပျအောက်မှာ တယောက်မျက်နှာကို တယောက် မြင်လိုက်ရတယ်။ အဲဒီတယောက်က သူတို့ရွာမှာ လူတိုင်းကို ငွေတိုး ချေးစားတဲ့ စီးပွားရေးသမား ပိုက်ဆံရှိ သူဌေး။ မြင်တဲ့ တယောက်က သူ့အိမ်မှာ မြေပေါင် အိမ်ပေါင်ပြီး မြေဆုံး အိမ်ဆုံး ထားတဲ့လူ၊ ငွေမရှိတဲ့သူ ဆင်းရဲသား။

ငွေတိုးချေးစားတဲ့ စီးပွားရေးသမားက စိတ်ထဲမှာ ဒီလိုတွေးလိုက်တယ်။ "ဟင်း ဒီဆင်းရဲသား အစုတ်ပလုတ်နဲ့ ဒီ မီးဖိုဘေးမှာ အတူလာပြီး နေရတယ်လို့ကွာ။ တောက် ငါ့နှယ်။ ဒီကောင့် မျက်နှာကြည့်ရတာ ကျက်သရေ ယုတ်လိုက်တာ။

တော်ပြီ ငါ့ထဲကထင်းကို မီးဖိုထဲ မထည့်ဘူး။ ငါ့ထင်း ထည့်ရင် ဒီကောင် နွေးထွေး သွားမှာ။ တော်ပြီ ထင်းမထည့်တော့ဘူး" အဲ့ဒီလိုလည်း ဆုံးဖြတ်ပြီးရော မီးဖိုကို ကျောပေးလိုက်တယ်။ ပြီးတော့ ဆက်ပြီး အိပ်ငိုက်နေ လိုက်တယ်။

မြေဆုံး အိမ်ဆုံးထားတဲ့သူ ကလည်း စိတ်ထဲမှာ ဒီလို ပြောနေတယ်။ "ဒီလို အမြတ်ကြီးစားတဲ့ အတ္တသမားနဲ့ မီးတဖိုထဲမှာ အတူတူလာပြီး မီးလှုံရတာ ငါ့နှယ် ကံဆိုး လိုက်တာ။ ငါတို့ ဘိုးဘွားတွေ ပိုင်ခဲ့တဲ့ မြေနဲ့အိမ်ကို အတိုးတွေ မတရား ယူပြီး သိမ်းထားတဲ့အကောင်။ ငါ ဒီမီးဖိုထဲကို ထင်းထည့်လိုက်ရင်။ တော်ပြီ ငါ့အိတ်ထဲက ထင်းကို မီးဖိုထဲ မထည့်တော့ဘူး" လို့ တွေးပြီး မီးဖိုကို ကျောပေးနေ လိုက်တယ်။

ဒီလိုနဲ့ နောက်ထပ် လူတယောက် နိုးလာပြန်တယ်။ ဆောင်းက တအား အေးတာကိုး။ ထင်းထည့်မယ်လို့ အလုပ် သူ့မျက်နှာချင်းဆိုင် ကလူလည်း သူလိုပဲ နိုးလာတယ်။ တယောက်က အလုပ်ရှင် တယောက်က အလုပ်သမား။ အလုပ်ရှင်က တွေးတယ်။

"အလကား အလုပ် မလုပ်ဘဲ ငွေကို အလကား လိုချင်နေတဲ့ အကောင်နဲ့မှ မီးတဖိုထဲမှာ အတူတူ ရှိနေရတယ် လို့ကွာ" အလုပ်သမား ကလည်း တွေးတယ်။ "ငါတို့ လုပ်အားတွေကို ခေါင်းပုံ ဖြတ်ပြီး ကြီးပွားနေတဲ့ အကောင်နဲ့ ဒီနေရာမှာ လာပြီး ဆုံရတယ်လို့။ တော်ပြီ ငါ့အိတ်ထဲက ထင်းကို မီးထဲ မထည့်တော့ဘူး"

နှစ်ယောက်စလုံးဟာ မီးဖိုကို ကျောပေးလိုက် ကြတယ်။ ဆက်ပြီး အိပ်ငိုက်နေ တော့တယ်။ မီးဖိုထဲမှာ မီးက နည်းသထက် နည်းလာပြီ။ အပြင်မှာလည်း နှင်းမုန်တိုင်းတွေက တဝုန်းဝုန်းနဲ့။ အေးလိုက်တာလည်း လွန်ရော။

အဲ့ဒီအချိန်မှာ ကျန်တဲ့လူနှစ်ယောက် နိုးလာတယ်။ ထင်းထည့်မယ်လို့ လုပ်တယ်။ မီးရောင်အောက်မှာ တယောက်မျက်နှာ တယောက် မြင်လိုက်ရ ပြန်တယ်။ နှစ်ယောက်လုံးရဲ့ စိတ်ထဲမှာ ဒီလိုတွေးမိ တယ်။

"ငါ့နှယ်နော် ဒီလို ဘာသာမတူတဲ့ မိစ္ဆာဒိဌိ အယူရှိတဲ့ သူနဲ့မှ မျက်နှာချင်းဆိုင် လာတွေ့ရတယ်လို့" သူတို့နှစ်ယောက်ဟာ ကိုးကွယ် ယုံကြည်မှုချင်း မတူကြဘူး။ ကိုယ့်အိတ်ထဲမှာ ပါတဲ့ ထင်းတွေကို ပြန်ပြီးသိမ်းလိုက် ကြတယ်။ မီးဖိုကို ကျောပေးလိုက် ကြတယ်။

နောက်တနေ့ မနက်မှာ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အဲဒီဂူထဲကို ရောက်လာတယ်။ မီးမရှိတော့တဲ့ မီးပုံဘေးမှာ အေးခဲပြီးသေဆုံးနေတဲ့ အလောင်း ၆ လောင်းကို သူတို့ တွေ့ရတယ်။ သူတို့ အလောင်းတွေကို စစ်ဆေးကြည့်တော့ လောင်းကုတ်အင်္ကျီထဲမှာ ထင်းကိုယ်စီနဲ့၊ မီးခြစ်ကိုယ်စီနဲ့ ၊ထင်းရှူးဆီ ကိုယ်စီနဲ့ စားစရာနဲ့ပေါ့။

"ထင်းတွေ၊ မီးခြစ်တွေ၊ စားစရာတွေ၊ ထင်းရှူးဆီ ကိုယ်စီနဲ့ ဘာကြောင့်များ အအေးမိပြီ သေဆုံး သွားကြရတာလဲနော်" လို့ တွေးတောရင် အလောင်း ၆ လောင်းကို သယ်သွားကြပါတော့တယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင် မှာလည်း မီးဖိုဘေးက လူ ၆ ယောက်လို အာဃာတ အဆိပ်ကို သောက်ပြီး သေဖို့ ကြိုးစားနေကြတဲ့ သူတွေ အများကြီးပါပဲ။ မီးဖိုဘေးက လူ ၆ ယောက်လို မင်းဘယ်သူလဲ၊ ငါဘယ်သူလဲ၊ မင်းဘာလဲ၊ ငါဘာလဲ ဆိုတဲ့ အတ္တစိတ်တွေ အတတ်နိုင်ဆုံး ပယ်နိုင်ကြရင် သိပ်ကောင်းမှာပဲဗျာ။ phoomyatchal

Post a Comment

0 Comments