တွေ့ဖန်များ တန်ဖိုးမေ့

တခါက နယ်စားမင်း တဦးဆီမှာ မောင်နီ ဆိုတဲ့ လုလင်တယောက်ဟာ နှစ်ပေါင်းများစွာ အမှုထမ်း ခစားနေခဲ့ ပါတယ်။ နှစ်ရှည်လများစွာ အမှုထမ်း ခစားနေပေမဲ့ မောင်နီဟာ မထင်မရှား ရာထူးကလေး မှာပဲ တာဝန် ထမ်းဆောင် နေရတာကြောင့် စိတ်ပျက်နေခဲ့ မိတာပေါ့။

ဒါကြောင့် မောင်နီဟာ သူ့သခင် နယ်စားမင်းကြီးအား လျှောက်တင်လိုက် ပါတယ်။ "အရှင်နယ်စားမင်းကြီး ကျွန်တော်မျိုးတော့ တောငန်းဖြူကြီးတွေလို ဟိုးအဝေးဆီ ပြန်တော့မယ် ခင်ဗျာ"

နယ်စားမင်း ကလည်း "ဟေ့ ဘာဖြစ်လို့လဲကွ၊ ရှင်းရှင်းလင်းလင်း ဆိုစမ်းပါအုံး" လို့ မေးပါတော့တယ်။ ထိုအခါ မောင်နီက

"နယ်စားမင်းကြီး ခင်ဗျာ၊ ခြံထဲက ကြက်ဖကို မြင်တယ် မဟုတ်လား" လို့ မောင်နီက ဆိုပါတယ်။ "သူ့ခေါင်းမှာ ဆောင်းထားတဲ့ အမောက်ဟာ ယဉ်ကျေးမှုကို ပြတဲ့ အမှတ်သင်္ကေတ တခု ဖြစ်ပါတယ်။

သူ့ခြေထောက်က မာကြောတဲ့ ခြေသည်းနဲ့ ချွန်ထက်တဲ့ အတက်တွေဟာ သူရဲ့ ခွန်အားတွေကို ပြသနေပါတယ်။ ဘယ်ရန်သူမဆို ခွတ်ဖို့ ဝန်မလေးခြင်းက သူ့ရဲ့ ရဲဝံ့မှုကို ပြနေပါတယ်။

အစာရှာတွေ့တဲ့ အခါတိုင်း အခြားတပါး ကြက်တွေကို တကွပ်ကွပ်နဲ့ ခေါ်ကျွေးတတ်ခြင်း ဟာလည်း သူရဲ့ ရက်ရော သဘောကောင်းမှုကို ထင်ဟပ် ပြသနေ ပါတယ်။

ညဉ့်ဦးယံ ကနေ မိုးသောက်ယံထိ အချိန်မှန်မှန် တွန်ကျူးတတ်ခြင်း ကတော့ အမှန်ကိုသာ ဆိုတတ်တဲ့ သူ့သဘောကို ထင်ရှားအောင် ပြသလို ရှိနေပါတယ်။

အဲဒီလို ဂုဏ်အရည်အသွေးကောင်း ငါးရပ်နဲ့ ပြည်စုံပါလျက် ကြက်ဖတွေဟာ အရှင် နယ်စားမင်းကြီးရဲ့ ပွဲတော်တည်ဖို့ အတွက် နေစဉ်နဲ့အမျှ သတ်ဖြတ် ခံနေရတယ်။ ဘာကြောင့် သူတို့ကို တန်ဖိုးမထား အလွယ်တကူ သတ်စားနေ ရသလဲ။

အကြောင်းအရင်းက လူနဲ့ လက်လှမ်းတမီမှာ ရှိနေတဲ့ အတွက်ကြောင့် ပါပဲ။ သူဟာ လူနဲ့ နီးစပ်လွန်းတယ် သူ့ကို အမြဲ မြင်နေရတယ် တွေ့နေရတယ်။ အဲဒီတော့ ရိုးသွားတယ်။ သူ့တန်ဖိုးတွေ ဘယ်လိုရှိတယ် ဆိုတာ မစဉ်းစားမိကြ တော့ဘူး။

ဟိုးအဝေးကြီးက မိုင်ထောင်ချီဝေးတဲ့ အရပ်က တခါတလေမှ နယ်ပြောင်းပယ်ပြောင်း ရောက်လာတတ်တဲ့ တောငန်းဖြူ ကြီးတွေကျတော့ ကြက်ဖရဲ့ ဂုဏ်အင်္ဂါနဲ့ ပြည်စုံကြတာ မဟုတ်ပေမယ့် ရှားပါတယ်၊ တွေ့ရခဲတယ် ဆိုတာ တခုတည်းနဲ့ နယ်စားကြီးက အင်မတန် တန်ဖိုးထားတယ်။

ဥယျဉ်ထဲ ရေကန်ထဲမှာ ငါးတွေစား လိပ်တွေစား၊ ကောက်ပင်တွေ ကိုက်ဖြတ်နဲ့ အမျိုးမျိုး ဖျက်ဆီးပေမယ့် သူတို့ကို လုံးဝ ပစ်ခတ် သတ်ဖြတ်ခြင်း မရှိ၊ ဒီအတိုင်း အလှ ကြည့်ထားတယ်။

ဒါကြောင့်မို့ ကျွန်တေ်ာမျိုးလည်း တောငန်းဖြူကြီး များလို ဝေးရာဆီပဲ ပျံသန်းသွားတော့မယ်လို့ လျှောက်တင်ကြောင်းပါ နယ်စားမင်း ခင်ဗျာ" လို့ လျောက်တင်လိုက် ပါတယ်။

မှန်ပါတယ်။ ဒါကြောင့် ပုံပြင်ထဲက လိုပဲ ကျွန်တော်တို့ တတွေဟာ တခါတလေမှာ ဆရာနဲ့ တပည့်၊ မိဘနဲ့ သားသမီး၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ စသည့်တို့ ကြားမှာ "နီးလွန်းသည့်အခါ မမြင်၊ တွေ့ဖန်များသော အခါ တန်ဖိုး မရှိ" ဆိုရိုးစကား ကဲ့သို့ နီးနီးနားနားမှာ ရှိတဲ့ သူရဲ့တန်ဖိုးကို မေ့လျော့နေတတ် ကြပါတယ်။

ဒီပုံပြင်ထဲကပေးတဲ့ သင်ခန်းစာ အတိုင်း အနီးဆုံးသူရဲ့တန်ဖိုးကို မြင်တတ်ကြပါစေ။ Crd

Post a Comment

0 Comments