တခါတုန်းက အလွန်အိပ်ချင်နေတဲ့ ခွေးတကောင်ဟာ အလွန် အိပ်ချင်လှတာမို့ သူအိပ်လို့ ရမယ့် သက်သောင့်သက်သာ အိပ်စရာနေရာ တနေရာကို လိုက်ရှာနေတယ်။
"နွားတင်းကုပ်ထဲမှာ ကောက်ရိုးပုံ ရှိတာပဲ။ ငါ ကောက်ရိုးပုံပေါ် သွားအိပ်ရမယ်" လို့ ခွေးက တွေးမိသွားတယ်။
ဒီလိုနဲ့ ခွေးဟာ နွားတင်းကုပ် ရှိရာကို ခပ်သော့သော့ လမ်းလျှောက်သွားပြီး နုညံ့ချိုမြတဲ့ ကောက်ရိုးတွေ ပြည့်နေတဲ့ နွားစာခွက်ထဲ ခုန်တက် လိုက်တယ်။ ခွေးဟာ ကောက်ရိုးတွေပေါ် လှဲရင်း အိပ်မောကျ သွားတော့တယ်။
အဲဒီ အချိန်မှာပဲ နွားတကောင်ဟာ သူ့ရဲ့အစာ ဖြစ်တဲ့ ကောက်ရိုးကို စားဖို့ နွားစာခွက် ရှိရာ ရောက်လာခဲ့တယ်။
နွားစာခွက်ထဲက ကောက်ရိုးတွေကို နွားက ဆွဲစားတော့ ခွေးကို နှိုးသလို ဖြစ်သွားတဲ့ အတွက် ခွေးဟာ ဒေါသတကြီးနဲ့ ဝုန်းကနဲ ခုန်ထလိုက်ပြီး
"ထွက်သွားစမ်း။ ကျုပ်ဒီမှာ ရှိနေတာကို ခင်ဗျား မမြင်ဘူးလား။ ဒီကောက်ရိုးတွေကို ခင်ဗျား လာမထိနဲ့" လို့ ခွေးက ခပ်စွာစွာပြောလိုက်တယ်။
နွားကလည်း "ဒီကောက်ရိုးတွေဟာ မင်းအတွက် အသုံးမလို ပါဘူးကွာ။ မင်းက ကောက်ရိုးတွေကို စားတာမှမဟုတ်ဘဲ" လို့ နွားက ပြောလိုက်တယ်။
ထိုအခါ ခွေးက "အဲဒါ ဘာဖြစ်လဲဗျာ။ ကျုပ်ခင်ဗျားကိုလည်း စားခွင့် မပေးနိုင်ဘူး" လို့ ဆိုပြီး တကိုယ်ကောင်း ဆန်လှတဲ့ ခွေးသတ္တဝါငယ်ဟာ ကောက်ရိုးတွေ ပေါ်မှာ ခွေခေါက်ပြီး ပြန်အိပ်တယ်။
ဒီတော့ နွားဟာ ကျန်တဲ့နွားတွေ ဘက်ကို လှည့်ပြီး "ဒီခွေးဟာ တော်တော် တကိုယ်ကောင်း ဆန်တဲ့ ခွေးပဲ။ သူကိုယ်တိုင်လည်း ကောက်ရိုးစားလို့ မရဘဲနဲ့ တပါးသူတွေ ကိုလည်း စားခွင့်မပေးဘူး" လို့ ဆိုလိုက်တယ်။
ထိုအခါ နွားတွေ အားလုံးဟာ စက်ဆုပ်ရွံရှာတဲ့ အကြည့်နဲ့သာ ခွေးကို ကြည့်နေရ ရှာတော့တယ်။
ကျွန်ုပ်တို့ လူမှုနယ်ပယ် ပတ်ဝန်းကျင်မှာလည်း တချို့သော လူတွေဟာ ကိုယ်လည်း ခေါင်းမဆောင်တတ် ခေါင်းဆောင်တတ်တဲ့ လူကိုလည်း နေရာမပေးချင်၊
ကိုယ်လည်း အများအတွက် မဆောင်ရွက်နိုင် ဆောင်ရွက်နိုင်သူ ကိုလည်း ဦးဆောင်ခွင့် မပေးတဲ့ လူမျိုးတွေကို တွေ့နေရတော့ သြော် ဒီလူတွေဟာ နွားစာခွက်ထဲက ခွေးလို မကျင့်ကြံရင် အရမ်းကောင်းမှာပဲလို့ တွေးမိရုံမှ တပါး။ phoomyatchal
0 Comments