တခါက ပင်လယ်ကမ်းစပ်မှာ ကလေးတသိုက်ဟာ "သဲအိမ်" ဆောက်တမ်း ကစားနေ ကြတယ်။ ရတဲ့ တုတ်ချောင်းလေးတွေ၊ သစ်သား အတို အစလေးတွေကို ကောက်ပြီး သဲလေးတွေကို ပုံလိုက် ကြတယ်။
ပြီးတော့ ခြေထောက် ကလေးကို ထိုးထည့်ပြီး အပေါ်က လက်ဖမိုးလေးနဲ့ ဖိလိုက်တယ်။ ခြေထောက်ကလေးကို ပြန်ဆွဲထုတ် လိုက်တော့ ဂူကလေး တလုံးနဲ့ တူသွားတယ်။
ကလေးတယောက်ကတော့ ပလတ်စတစ် ပုံးထဲမှာ သဲတွေကို အပြည့် ထည့်တယ်။ ဖိသိပ်ပြီးတော့ ပုံးကို မှောက်ချ လိုက်တယ်။ ပလတ်စတစ်ပုံး ပုံစံ သဲပုံကလေး ရလာတဲ့ အခါ တုတ်ချောင်းကလေးနဲ့ တိုက်ပုံစံ ဖြစ်အောင် ဖော်လိုက်တယ်။
တချို့ကလေးတွေလည်း သူ့နည်း သူ့ဟန်နဲ့ သဲအိမ် ကလေးတွေ ဆောက်ကြတယ်။ စိတ်ကူးကောင်းတဲ့ ကလေးတချို့ ဆိုရင် သူတို့ ဆောက်ထားတဲ့ သဲအိမ်ကို သဲလေးတွေနဲ့ပဲ ခြံစည်းရိုး ခတ်လိုက်ကြတယ်။
တချို့ သဲအိမ် လေးတွေဆိုရင် အရမ်းကို သပ်ရပ်တယ်။ လှတယ်။ ပြီးတော့ တယောက်ကို တယောက် သူ့သဲအိမ်က ငါ့သဲအိမ်လောက် မလှဘူး၊ ငါ့သဲအိမ်က မင်းသဲအိမ်ထက် ခိုင်တယ်၊ လှတယ် ဆိုပြီး ငြင်းကြတယ်။
စကားများကြတယ်။ ပါးစပ်ကလည်း စကားတွေ ပြောလိုက်၊ စိတ်ကူးထဲ ရှိတဲ့ အတိုင်း သဲသောင်ပြင်ပေါ်မှာ အိမ်ကလေးတွေ ဆောက်လိုက်နဲ့ ပျော်စရာကြီးပါ။
သူတို့ရဲ့ မလှမ်း မကမ်းမှာ သဲသောင်ပြင်ပေါ် ပြေးလွှား ဆော့ကစားနေတဲ့ ခွေးတအုပ်လည်း ရှိနေသေးတယ်။ သူတို့က ကလေးတွေ ဆောက်ထားတဲ့ သဲအိမ်တွေကို ဖျက်ဆီးဖို့ အမြဲ ကြည့်နေကြတယ်။ ပင်လယ်ထဲမှာလည်း လှိုင်းတွေက တဝုန်းဝုန်းနဲ့ ကမ်းကို ရိုက်ခတ်နေ ကြတယ်။
နေပူ ကျဲကျဲမှာ ပင်ပန်းရမှန်း မသိဘဲ သဲအိမ် ဆောက်နေလိုက် ကြတာ။ တချို့ ကလေးတွေက ပင်လယ်ထဲ ရေဆင်းကူးလိုက် သဲအိမ် ဆောက်လိုက်နဲ့ အပျော်ကြီး ပျော်နေကြတာပေါ့။
ပင်လယ်ဆိုတာ ညနေစောင်းရင် "ဒီရေ" တွေ တက်လာ တတ်တယ်။ တက်လာတဲ့ ဒီရေတွေ အောက်မှာ သဲအိမ် ကလေးတွေ အချိန်တန်ရင် ပျက်စီးသွားမယ် ဆိုတာ ကလေးလေးတွေ ဆိုတော့ မတွေးမိကြ ဘူးပေါ့။
နောက်တနေ့ မနက်လည်း ရောက်ရော သူတို့ ဆောက်ခဲ့တဲ့ သဲအိမ်တွေ အားလုံး သဲသောင်ပေါ်မှာ မရှိတော့ဘူး။ ဒီရေလှိုင်းတွေနဲ့ အတူ ပင်လယ်ထဲကို မျောပါ သွားခဲ့ပြီလေ။
နောက်တနေ့ မှာလည်း ဒီပင်လယ်ဘေးက ဒီသောင်ပြင် ပေါ်မှာပဲ ကလေးတွေဟာ သဲအိမ်ကလေးတွေ ထပ်ပြီး ဆောက်နေကြဦး မှာပါ။ မနေ့က သဲအိမ် တွေကို မတွယ်တာ တော့ဘူး။ နောက်ထပ် သဲအိမ် တလုံးကို မနေ့ကထက် ကောင်းအောင် ထပ်ပြီး ဆောက်ကြလိမ့် ဦးမယ်။ ထပ်ပြီး ပြိုင်ဆိုင်ကြ လိမ့်ဦးမယ်။
ကျွန်တော်တို့တတွေ ဟာလည်း သဲအိမ် ဆောက်နေကြ သူတွေပါ။ တချို့ သဲအိမ်တွေက နန်းတော်ကြီး၊ တချို့ သဲအိမ်တွေက ရာဇပလ္လင်၊ တချို့ သဲအိမ် တွေက ရာထူး အာဏာ ဂုဏ်ပါဝါ၊ တချို့ သဲအိမ်တွေက ဘွဲ့ထူး ဂုဏ်ထူး၊ တချို့ သဲအိမ်တွေက တချို့ သဲအိမ်တွေက တချို့ သဲအိမ်တွေက သဲအိမ်ခြင်း အလှပြိုင်လို့ မာန်ဝင့်နေကြ သူတွေပါ။ ဒါပေမယ့် ကိုယ်တည်ဆောက် နေရတဲ့ဘဝကို သဲအိမ်လို့ မတွေးမိကြဘူး။
သူ့ သဲအိမ်နဲ့ ငါ့သဲအိမ် နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျတဲ့ အခါလည်း ရှိပါရဲ့။ ဂုဏ်ယူ မော်ကြွားမိတဲ့ အခါလည်း ရှိရဲ့။ မာန်တက် မိတဲ့ အခါလည်း ရှိရဲ့။ ပြီးတော့ ဒီသဲအိမ် တွေကို ကိုယ်အမြဲ ပိုင်မယ် ထင်ပြီး အတ္တတွေ၊ လောဘတွေ၊ ဒေါသတွေနဲ့ နေပူလို့ ပူမှန်းမသိတဲ့ ပင်လယ်ပြင်ဘေးက ကလေးတွေ လိုပေါ့။
အပျော်ကြီး ပျော်နေကြတာ။ အချိန်တန်ရင် ပင်လယ်ပြင်ဘေးက သဲအိမ်ကလေးတွေ ဒီရေအောက် ရောက်ကြသလို ကျွန်တော်တို့ ဆောက်နေတဲ့ ဘဝရဲ့ သဲအိမ် တွေလည်း ပျက်စီးကြမှာပါ။
ဒါကို သတိမထားမိဘဲ ကိုယ့်ရဲ့ ဘဝသဲအိမ်ကို တွယ်တာ ကြတယ်။ ပြိုင်ဆိုင် ကြတယ်။ အနိုင်လိုချင် ကြတယ်။ ကိုယ့်ရဲ့ ဘဝသဲအိမ် ပျက်စီးသွားမှာကို ကြောက်ရွံ့ကြတယ်။ ကိုယ့်သဲအိမ်ကို ဘယ်သူများ လာပြီးဖျက်ဆီးမလဲလို့ အမြဲတွေးတောပြီး ပူပန်နေရတယ်။
ဒါပေမယ့် ပင်လယ်ပြင်ဘေးရဲ့ သဲသောင်ပြင်ပေါ်က သဲအိမ် ပျက်သွားတဲ့ ကလေးတယောက်က မငိုဘူး။ နောက်ထပ် သဲအိမ် တလုံးကို ပျော်ပျော်ပါးပါးကြီး ထပ်ဆောက်နေဦးမှာ။
ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ "ဘဝသဲအိမ်" ပျက်သွားရင် ငိုကြွေးကြမယ်။ နောက်ထပ် "ဘဝသဲအိမ်" တလုံး ထပ်ဆောက်ဖို့ ဇွဲမရှိကြဘူး။ ကလေးတွေဟာ သူတို့ "သဲအိမ်" ကို မတွယ်တာဘူး။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဘဝသဲအိမ်ကို တွယ်တာလွန်းတယ်။
ပြီးတော့ သူများ "ဘဝသဲအိမ်" ကို တန်ဖိုးမထားတတ် ကြဘူး။ နောက်ထပ် သဲအိမ် တလုံးကို တည်ဆောက်နိုင်စွမ်း ကိုယ့်မှာ ရှိတာ သတိမပြုမိ ကြဘူး။ သူများရဲ့ "ဘဝသဲအိမ်" ပျက်စီးသွားရင်လည်း အပျော်ကြီး ပျော်နေတတ် ကြတယ်။
ကျွန်တော်တို့ အားလုံးဟာ ပင်လယ်ပြင်ဘေးက သံသောင်ပြင်ပေါ်မှာ "သဲအိမ်" ဆောက်တမ်း ဆော့ကစားနေ ကြတဲ့ ကလေးလေးတွေနဲ့ တူပါတယ်။ ဒါပေမယ့် မတူတာ နှစ်ခု ရှိတယ်။ တခုကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ "ဘဝသဲအိမ်" ကို အတ္တစိတ်တွေနဲ့ တွယ်တာလွန်း ကြတယ်။
မာန်မာနတွေနဲ့ ပြိုင်ဆိုင်ချင် ကြတယ်။ နောက်တခု ကတော့ နောက်ထပ် "ဘဝသဲအိမ်" တလုံး တည်ဆောက်ဖို့ ဇွဲမရှိခြင်း ပါပဲ။ ဘာပဲဖြစ်ဖြစ် "ဒီရေ" တွေ တက်လာတဲ့ တနေ့မှာ သဲအိမ် အားလုံး ပင်လယ်ထဲကို ရောက်သွားကြရ မှာပါပဲ။ Phoomyatchel
0 Comments