တခါတုန်းက ကျီးကန်းတကောင် ရှိတယ်။ သူက သူ့ကိုယ်သူ "လောကမှာ ငါဟာ အပျော်ဆုံး ငှက်တကောင်ပဲ" ဆိုပြီး ဘဝကို သာယာနေတယ်။ တနေ့ သူဟာ ဗျိုင်းတကောင်ကို တွေ့တယ်။
"သူ့တကိုယ်လုံးက ဖြူဖွေးနေတာပဲ။ ငါကတော့ မည်းနက်နေတယ်။ သူဟာ လောကမှာ အပျော်ဆုံးငှက် ဖြစ်လိမ့်မယ်" လို့ တွေးမိတယ်တဲ့။
ဒီလိုနဲ့ သူဟာ ဗျိုင်းကို သွားပြောတယ်။ "ကိုဗျိုင်းရာ ခင်ဗျားအရောင်က ဖြူဖွေးနေတာပဲ လှလိုက်တာ။ ဧကန္တ ခင်ဗျားဟာ လောကမှာ အပျော်ဆုံးငှက်ပဲ မဟုတ်လား"
ဒီတော့ ဗျိုင်းက ပြန်ပြောတယ်။ ကျွန်တော်လည်း အစက ဒီလို တွေးမိတာ ကြက်တူရွေးကို မတွေ့ခင်အထိ ကပဲဗျာ။ ကျွန်တော်ကသာ အဖြူရောင် တခုတည်းရှိတာ သူမှာက အရောင် ၂ မျိုး ရှိတယ် သိပ်လှတယ်ဗျ"
ဒီလိုနဲ့ ကျီးကန်းလည်း ကြက်တူရွေးဆီ သွားတယ်။ "ခင်ဗျားက အရောင် ၂ မျိုးနဲ့ သိပ်လှတယ်ဗျာ။ ခင်ဗျားက ကမ္ဘာပေါ်မှာ အ ပျော်ဆုံးငှက်ပဲ မဟုတ်လား"
ထိုအခါ ကြက်တူရွေးက "ဟား ကျွန်တော်က ဘာဟုတ်သေးလဲဗျာ။ ကျွန်တော့်မှာ အရောင် ၂ မျိုးပဲ ရှိတာ။ ဒေါင်းမှာ အရောင်တွေ အများကြီးနဲ့ဗျ။ ခင်ဗျားသူ့ကို သွားမေးပါလား" လို့ ဖြေလိုက်တယ်။
ဒီလိုနဲ့ ကျီးကန်းလည်း ဒေါင်းကို လိုက်ရှာရင်း တိရစ္ဆာန်ရုံ တခုထဲမှာ လူတွေ အများကြီး ဝိုင်းကြည့်နေတဲ့ ဒေါင်းကို တွေ့လိုက်တယ်။ "အား ပါးပါး လှလိုက်တာ။ သူက သေချာပေါက် အပျော်ဆုံးငှက်ပဲ" လို့ တွေးလိုက်တယ်။
ဒီလိုနဲ့ တိရစ္ဆာန်ရုံ ပိတ်ချိန်အထိ စောင့်နေပြီး ညနေ လူရှင်းတော့ ဒေါင်းဆီ သွားပြောတယ်။ "ကိုဒေါင်း ခင်ဗျား ဒီလောက်လှတာ ခင်ဗျားက လောကမှာ အပျော်ဆုံးငှက်ပဲဗျာ။
လူတွေက ခင်ဗျားရဲ့ အလှကို ဒီလို တကူးတက လာကြည့်တယ်။ ကျုပ်ကို မြင်ရင်ဖြင့်တော့ မောင်းလွှတ်တာပဲဗျို့။ တခါတလေ ခဲနဲ့တောင် ပေါက်လို့ မနည်းရှောင်ရတယ်ဗျာ" လို့ ပြောတယ်။
ထိုအခါမှာ ဒေါင်းက "အင်းဗျာ ကျွန်တော်က အလှဆုံးငှက် ဆိုတာ မှန်ပါရဲ့။ ဒါပေမယ့် ကျွန်တော့ရဲ့ အလှတရားကြောင့် ကျွန်တော်ဟာ လှောင်အိမ်ထဲ ချုပ်နှောင် ခံထားရတယ်။
ဒီမှာ မိတ်ဆွေကျီး ကျွန်တော် တိရိစ္ဆာန်ရုံ တခုလုံးကို သေချာ စူးစမ်းပြီးပြီ လှောင်အိမ်ထဲ ထည့်ထား မခံရတာဆိုလို့ ကျီးကန်းပဲ ရှိတယ်ဗျ။
ကျွန်တော် တခါတလေ တွေးမိတယ်။ လောကမှာ အပျော်ဆုံး ငှက်ဟာ ကျီးကန်းပဲ ဖြစ်မယ် လို့ပေါ့။ လွတ်လွတ်လပ်လပ် ပျံသန်းနေတဲ့ ကျီးကန်းတွေကို မြင်ရင် ကျွန်တော် အရမ်း အားကျတယ်ဗျာ" လို့ ကျီးကန်းကို ပြန်ပြောလိုက်တာသတဲ့။
ကိုယ့်ဘဝ အခြေအနေနဲ့ ပြဿနာတွေ အပေါ်မှာ မကျေမနပ် ဖြစ်ပြီး သူများဘဝ တွေကို အားမကျပါနဲ့။ ဘယ်လို ဘဝမျိုး ဖြစ်ဖြစ် လူတိုင်းမှာ အခက်အခဲတွေ ရှိနေတတ် ပါတယ်။
ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ ကိုယ့်ဘဝကိုကိုယ် ကျေနပ်နိုင်သူသာ လောကမှာ အပျော်ဆုံး လူသား ဖြစ်ပါလိမ့်မယ်။ Crd
0 Comments