ဆားမပါတဲ့ဟင်းက အရသာမရှိသလို ဆားများတဲ့ဟင်းကလည်း အရသာပျက်ပြီး စားမရဖြစ်သွားတတ်ပါတယ်။ ဆားတွေအများကြီး ထည့်မိတဲ့အခါ စိတ်ပူစရာမလိုပါဘူး။ ဟင်းတွေ ဆားငန်သွားတဲ့အခါ အရသာမပျက်အောင် ဒီနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။
၁။ ရေဆေးလိုက်ပါ။
ဟင်းသီးဟင်းရွက်, pasta တို့နဲ့ ချက်တဲ့ဟင်းတွေမှာ ဆားခပ်တာများသွားရင် ရေနဲ့ ဆေးချလိုက်ပါ။ ရေဆေးပြီးတော့မှ ပြန်ချက်ပါ။ ဒါမှမဟုတ် ရေထဲမှာ ခဏစိမ်ထားပြီးမှ ပြန်ချက်လည်း ရပါတယ်။
၂။ ရေ
ဟင်းထဲကို ဆားတွေအများကြီး ထည့်မိသွားလို့ ငန်သွားရင် ရေအနည်းငယ်ထပ်ထည့်ပြီး ပွက်အောင် တည်လိုက်ပါ။ မြည်းကြည့်ပြီးနောက် ငန်နေသေးတယ်ဆိုရင် ရေအနည်းငယ် ထပ်ထည့်ပါ။ ဆားက အရမ်းကို ငန်နေပြီဆိုရင်တော့ ရေထပ်ထည့်တဲ့နည်းကို အသုံးမပြုသင့်ပါဘူး။
၃။ သံပုရာသီး
သံပုရာသီးက အသားနဲ့ ငါးတွေမှာ ဆားငန်နေရင် အငန်သက်သာစေပါတယ်။ သံပုရာသီးတစ်လုံးကို အရည်ညှစ်ပြီးနောက် ဟင်းထဲကို ထည့်လိုက်ပါ။ သံပုရာသီးညှစ်ထည့်တဲ့အခါမှာလည်း နည်းနည်းချင်းစီ ထည့်သင့်ပါတယ်။ အချဉ်အရမ်းများသွားတဲ့အခါမှာလည်း ဟင်းက အရသာမရှိတော့ပါဘူး။
၄။ သကြား
သကြားက အငန်ဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။ ငန်နေတဲ့ဟင်းထဲကို သကြားနည်းနည်းချင်းစီ ထည့်ပြီး မြည်းကြည့်ပါ။ ငန်နေသေးတယ်ဆိုရင် သကြားထပ်ထည့်ပြီး သကြားတွေ ပျော်သွားတဲ့အထိ မွှေပေးပါ။
သကြားမထည့်ချင်တဲ့အခါ ပေါင်မုန့်အကာသားလေးကို ဟင်းထဲထည့်လို့ရပါတယ်။ ပေါင်မုန့်အကာသားက ငန်နေတာတွေကို စုပ်ယူပေးပါတယ်။
၅။ ဆန်၊ ပန်းဂျုံနဲ့ အာလူး
ဆန်၊ ပန်းဂျုံနဲ့ အာလူးတို့က ငန်နေတာတွေကို စုပ်ယူပေးနိုင်ပါတယ်။ စွပ်ပြုက် အရမ်းငန်နေတဲ့အခါမှာ ဆန်အနည်းငယ်၊ ပန်းဂျုံ သို့မဟုတ် အာလူးထပ်ထည့်ပါ။ အာလူးကို အငန်သက်သာအောင် ထည့်ပြီးတဲ့အခါ ဟင်းထဲကနေ မဖယ်ပစ်လည်း ရပါတယ်။ အာလူးထည့်လိုက်ရင် အရသာပိုရှိသွားပါတယ်။
၆။ အသီးအရွက်
ဆားတွေ အထည့်များလို့ ငန်သွားတဲ့အခါ အသီးအရွက်တွေကို ထပ်ထည့်ပါ။ ခရမ်းချဉ်သီးကို အတုံးလေးတွေဖြစ်အောင်လှီးပြီး ထည့်လို့ရသလို မုန်လာဥနီကိုလည်း ထည့်လို့ရပါတယ်။ အသီးအရွက်တွေကလည်း အငန်တွေကို စုပ်ပေးပြီး ဟင်းအရသာလည်း မပျက်၊ အရသာရှိနေမှာပါ။
၇။ ဆီ သို့မဟုတ် နို့ထွက်ပစ္စည်းများ
နွားနို့နဲ့ ချဉ်ပြုံးပြုံးခရင်မ်တွေကို ငန်သွားတဲ့ အသားငါးဟင်းလျာတွေမှာ အသုံးပြုနိုင်ပါတယ်။ ဟင်းအရမ်းငန်သွားတဲ့အခါမှာ ဟင်းသီးဟင်းရွက်ကိုလည်း ထပ်ထည့်နိုင်ပါတယ်။ အုန်းနို့၊ ထောပတ်သီးတို့ကိုလည်း နွားနို့အစား အသုံးပြုလို့ရပါတယ်။ အဲဒီအခါ ဟင်းက မငန်တော့ဘဲ အရသာရှိနေမှာပါ။
၈။ ပါဝင်ပစ္စည်းတွေကို ထပ်ထည့်လိုက်ပါ။
ဟင်းက အရမ်းငန်သွားတဲ့အခါမှာ ပါဝင်ပစ္စည်းတွေကို ထပ်ထည့်ပြီး ဟင်းများများချက်လိုက်ပါ။ ဂျုံနယ်တဲ့အခါ ငန်သွားရင်လည်း ဂျုံတွေ ထပ်ထည့်လိုက်လို့ရပါတယ်။
၉။ မငန်တဲ့ပါဝင်ပစ္စည်းတွေ ထပ်ထည့်ပါ။
ငန်နေတာတွေ လျော့ပါးသွားစေဖို့အတွက် လတ်ဆတ်တဲ့အသီးတွေ၊ အရည်တွေ ထပ်ထည့်နိုင်ပါတယ်။ ခရမ်းချဉ်သီးကို အနှစ်ကလည်း အငန်တွေကို စုပ်ယူပေးနိုင်ပါတယ်။
Zombie (lovemedia)
0 Comments