စင်္ကြဝတေးမင်း ဖြစ်ချင်သောသူ

ရှေးရှေးတုန်းက တိုင်းစွန်းပြည့်စွန်းက ရပ်ရွာဇနပုဒ် တခုမှာ သူခိုးတယောက်ဟာ ရွာသူဋ္ဌေးကြီးရဲ့ နေအိမ်ကို အုတ်တံတိုင်း အပြင်ဘက် ကနေ ခွကျော်ပြီး ဝင်ခိုးရာမှ အုတ်တံတိုင်း ပြိုကျလို ဖိမိပြီး သေသွားသတဲ့။

ဒါကို သူခိုးမိန်းမက မကျေနပ်ဘူး။ ရပ်ရွာအုပ်ချုပ်တဲ့ ရွာသူကြီးကို သွားတိုင်သတဲ့။

"အို ရွာသူကြီးရှင့် အကျွန်မျိုးမ ချစ်လင်သည် မယားကျွေးရန် ခိုး၍ စီးပွား ရှာခြင်းသာ ဖြစ်ပါသည်။ ယခု မတော်မတရား သေဆုံးခြင်းကို တရားမျှတမှု ရှိစေတော် မူပါ"

ရွာသူကြီးကလည်း ထွေထွေထူးထူး မစဉ်းစားတော့ပဲ ရွာသူဋ္ဌေးကြီးကို သေဒဏ် ပေးလိုက်သတဲ့။ သေဒဏ်ဆိုတာက ကြိုးပေးသတ်စေ ပေါ့။ ရွာသူဋ္ဌေးကြီက အယူခံ ဝင်တယ်။

"အုတ်တံတိုင်းကြီး ပြိုရခြင်းမှာ ပန်းရံဆရာ နှင့်သာ သက်ဆိုင်ပါသည်"

ဒါနဲ့ ပန်းရံဆရာ ကြိုးပေး ခံလိုက်ရရော။ ပန်းရံဆရာ ကလည်း လျှောက်ပြန်တယ်။ "ဘိလပ်မြေ ရောစပ်သူ အလုပ်သမား အသုံးမကျ မှုကြောင့် ဖြစ်ပါသည်"

အလုပ်သမားကလည်း လျှောက်တင် ပြန်တယ်။ "ရေထမ်းသမားက ရေပို ဖြည့်ထားသောကြောင့် ဘိလပ်မြေ ပျော့သွားရခြင်း ဖြစ်ပါသည်"

"ရေထမ်းသမားအား သေဒဏ်"

သူကလည်း မခေပါဘူး လျှောက်လိုက်တာ ကတော့ "အကျွန်ုပ် ရေဖြည့်ခြင်းမှာ ပုံမှန်သာ ဖြစ်ပါသည်။ ရေအိုးက ကြီးနေပါသောကြောင့် ရေပို ထည့်မိခြင်း ဖြစ်ပါသည်"

"အိုးထိန်းသည်အား သေဒဏ် ပေးစေ"

အိုးထိန်းသည်က ထပ်လျှောက်တင် ပြန်တယ်။ "ပုံမှန်အတိုင်း ဆိုရင် ရေအိုးက ကြီးစရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် အဲ့ဒီနေ့က အိုးလုပ်နေတုန်း အင်မတန် ချောမောလှပတဲ့ အမျိုးသမီးတယောက် အကျွန်ုပ် ရှေ့က ခဏခဏ ဖြတ်သွား ဖြတ်လာ လုပ်ပါတယ်။ အဲဒီအမျိုးသမီးအား ငေးကြည့်မိသောကြောင့် ရေအိုး ကြီးသွားရခြင်း ဖြစ်ပါသည်"

လာထား " ဖြတ်လျှောက်သော အမျိုးသမီးအား သေဒဏ်"

အမျိုးသမီးက ထပ်လျှောက် ပြန်တယ်။ အကျွန်မျိုးမ ဖြတ်လျှောက်ခြင်းမှာ အပ်ချုပ်သည်အား အဝတ် အပ်ထား၍ ချုပ်ပြီး မပြီး သွားရောက် စစ်ဆေး ခြင်းသာ ဖြစ်ပါသည်။ မပြီးသောကြောင့် အကြိမ်ကြိမ် သွားမေးရခြင်း ဖြစ်ပါသည်

ဒီလိုနဲ့ပဲ အပ်ချုပ်သည် သားအဖကို လှမ်းခေါ် လိုက်တယ်။

"သေဒဏ် ကြိုးပေး သတ်စေ"

ဒီတော့ အပ်ချုပ်သည် သားအဖလည်း ကြံဖန်ပြီး ကြိုးကွင်းထဲ သူအရင် ဝင်မယ်၊ ငါအရင် ဝင်မယ် လို့ လုနေလိုက် ကြသတဲ့။ ရွာသူကြီးလည်း အံ့သြသွားတာပေါ့။ "ဘယ့်နှယ် သူများတွေက သေဖို့ ကြောက်နေတဲ့ အချိန်မှာ ဒီနှစ်ယောက်က ကြိုးကွင်းကို ဘာလို့ ပြိုင်လုနေရတာတုန်း"

ဒီတော့မှ စက်ချုပ်သည် သားအဖလည်း "သူကြီးမင်း ယနေ့ဟာ နက္ခတ်၊ ခါးပတ်၊ ဂြိုလ်သွားတို့၏ တည်နေရာအား သေချာတိုင်းတာ၍ စစ်ဆေးကြည့်ရာ ယနေ့ ဒီအချိန် သေသောသူဟာ မလွှဲဧကံ မုချအမှန် စင်္ကြာဝတေးမင်း ဖြစ်လတ္တံ့။ သို့ဖြစ်ပါ၍ ကြိုးကွင်း လုနေခြင်း ဖြစ်ပါသည်"

ဒီတော့ ရွာသူကြီးလည်း အံကြိတ်ပြီး ရှေ့တိုးလာတယ်။ "ဘယ် ငါရှိပါလျက်နဲ့ သည်ငမိုက်သားတွေ စင်္ကြာဝတေးမင်းဆုကို ယူစရာ အကြောင်းမရှိ။ နင်တို့ ဘေးဖယ်ကြကွယ့်" ဟူသတည်း။ တင်ညွန့်

Post a Comment

0 Comments