မှန်တာပြောရင် မယုံကြဘူး

တနေ့သ၌ ရွာသူကြီး သားအဖ နှစ်ယောက်သည် တဖက်ရွာမှ အိမ်အပြန် တောထဲ တနေရာ၌ ဆင်ကြီးကို ဂဠုန် ချီသွားသည်ကို တွေ့လိုက် လေ၏။ ထိုအခြင်းအရာကို သားဖြစ်သူက "အဖေ ဆင်ကြီးကို ချီသွားတာ ဘာငှက်ကြီးလဲ" ဟု မေးသည်။

အဖေဖြစ်သူက "ဂဠုန်ငှက်လို့ ခေါ်တယ် ငါ့သားရ" ဟု ပြန်ပြောလေသည်။ သားဖြစ်သူက "အဖေ ဂဠုန် ဆိုတာ တကယ်ရှိလို့လား" ဟု ဆက်မေးရာ

"တကယ် ရှိလို့ အခု ဆင်ကြီးကို ချီသွားတာ ငါ့သား တွေ့လိုက်တာပေါ့" ဟု ပြောပြီး အိမ်ပြန်ခဲ့ ကြလေသည်။

ရွာအနီးသို့ ရောက်လျှင် ဖခင်က "ငါ့သား ဆင်ကြီးကို ဂဠုန် ချီသွားတယ် ဆိုတာ ဘယ်သူ့ကိုမှ လိုက်မပြောနဲ့" ဟု ကတိတောင်းလေရာ သားဖြစ်သူကလည်း "ဟုတ်ကဲ့ အဖေ" ဟု ပြောလိုက်လေသည်။

နောက်တနေ့တွင် သားဖြစ်သူသည် လူငယ်ပီပီ ထူးထူးဆန်းဆန်း တွေ့လျှင် မပြောရ မနေနိုင်သည် ဖြစ်ရာ သူ၏ သူငယ်ချင်းကို ထိုအကြောင်းကို ပြောပြလေသည်။ ထိုသူမှာ မယုံသည် ဖြစ်၍ ငြင်းခုန်ရင်း အလောင်းအစား လုပ်ကြလေသည်။

သူကြီးသားက မယုံရင် "ငါ့အဖေကို သွားမေးမယ်။ ငါ့အဖေက လူကြီး ဆိုတော့ ညာမှာ မဟုတ်ဘူး။ တကယ်လို့ မဟုတ်ဘူးဆိုရင် နွားတကောင်ကြေး" ဟု ဆိုလျက် သူကြီးထံသို့ သွားကြလေသည်။

သူကြီးထံသို့ ရောက်လျှင် သူကြီးသား၏ သူငယ်ချင်းဖြစ်သူမှာ အကြောင်းစုံ ပြောပြလျက် မဖြစ်နိုင်ကြောင်း ပြောလေရာ သူကြီးကလည်း

"ဂဠုန်ဆိုတာ ဘယ်မှာ ရှိမှာလဲ ငါ့သားက ရူးလို့ ပြောတာ နေမှာပါ" ဟု ပြန်ပြောလိုက်သည် ဖြစ်ရာ သူကြီးသားမှာ နွားတကောင် ရှုံးသွားလေသည်။

ထိုအခြင်းအရာကို သားဖြစ်သူက မကျေမနပ်နှင့် "အဖေဗျာ မမိုက်ဘူးဗျာ။ ဆင်ကြီးကို ဂဠုန် ချီသွားတာ အဖေရော ကျနော်ရော မြင်လိုက်တာပဲ။ ဘာလို့ မဟုတ်ဘူးလို့ ပြောလိုက်ရတာလဲ" ဆိုရာ

အဖေဖြစ်သူက "ငါ့သား လူတွေက မှန်တာ ပြောရင် မယုံတာများတယ်။ မမှန်တာ ပြောရင်တော့ ယုံတတ်ကြတယ်။

ငါ့သား အခု လူတွေကို ငါ့အဖေ သမင်တကောင်ကို မြားနဲ့ ပစ်လိုက်တာ မြားတစင်း ထဲနဲ့ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် သုံးခုလုံးကို ဖောက်ပြီး မှန်သွားတယ်လို့ လိုက်ပြောချေ" ဟု စေခိုင်းလေသည်။

သူကြီးသားလည်း သူ၏ သူငယ်ချင်းတွေကို ထိုအခြင်းအရာကို ပြောပြသည်ဖြစ်ရာ "ဘယ်လို ဖြစ်နိုင်မှာလဲ၊ ယုတ္တိ မရှိတာ ဘာညာ" နှင့် ငြင်းခုန်ကြ ပြန်လေသည်။

ထိုအခါ သူကြီးသားက နွားနှစ်ကောင် ကြေးလောင်းထပ် ကြပြန်လျက် သူကြီးထံသို့ လာခဲ့ကြ ပြန်သည်။ "သူကြီး၊ သူကြီး သမင်ကို မြားတစင်းနဲ့ ပစ်လိုက်တာ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် သုံးခုလုံးကို ဖောက်ဝင်သွားတယ်ဆို" ဟု မေးကြလေရာ

"ဟုတ်တယ်လေ" ဟု သူကြီးဖြစ်သူက ပြန်ပြောလျှင် "သူကြီး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဟု ပြောကြလေရာ

"ကိုင်း၊ ငါ သမင်ကို သွားပစ်တော့ သမင်က ရေသောက်နေတယ်။ ရေသောက်နေရင်း နားရွက်ယားလို့ ဆိုပြီးတော့ ရှေ့ခြေနဲ့ ကုတ်လိုက်ရာ မြားတစင်းနဲ့ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် ဖောက်ဝင်သွားတာပေါ့" ဟု ပြောလိုက်လေရာ သူကြီးသား သူငယ်ချင်း တသိုက်လည်း ဟုတ်ပေသည် ဟု လက်ခံကြလေသည်။

သူကြီးသားလည်း နွားနှစ်ကောင် နိုင်လိုက်လေသည်။ ထိုကြောင့် ပြောစမှတ် တခု တွင်သွားသည်။ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် တချက်တည်း မှန်အောင် ပစ်တတ်ဖို့ လိုတယ်တဲ့ ဗျာ။ phoomyatchal

Post a Comment

0 Comments