ရှေးရှေးတုန်းက ရွာတရွာမှာ သစ်ခုတ်ပြီး အသက်မွေးဝမ်းကျောင်း လုပ်တဲ့ သစ်ခုတ်သမားတဦး ရှိတယ်။ သစ်ခုတ်သမားရဲ့ အိမ်ဘေးမှာ လက်သမားဆရာ တယောက် ရှိတယ်။ သူတို့နှစ်ဦးက အလွန် ရင်းနှီးကြသလို စီးပွားရေး မိတ်ဖက် လို့လည်း ပြောလို့ ရတယ်။
သစ်ခုတ်သမား ခုတ်လို့ ရတဲ့ သစ်တွေကို လက်သမားဆရာက ဝယ်ယူပြီး ခွဲခြမ်း စိတ်ဖြာတယ်။ ပြီးတော့ သူ့ရဲ့ အလုပ်မှာ အသုံး ပြုတယ်။
သုံးမရလို့ ထွက်လာတဲ့ ပကာတွေကို သစ်ခုတ်သမားကို ပြန်ပေးရပြီး သစ်ခုတ်သမားက ထင်းအဖြစ် ပြန်ရောင်းရင်း သူ့တို့ နှစ်ယောက် စီးပွားရေး မိတ်ဖက် ဖြစ်လာတယ်။
တနေ့မှာတော့ သစ်ခုတ်သမားရဲ့ မိန်းမကို လက်သမားဆရာရဲ့ မိန်းမက "တကယ်တော့ နင့်တို့ လင်မယားက ငါတို့ လင်မယားကို ကျေးဇူးတင်သင့်တယ်"
"ဘာလို့လဲဟ"
"ဟုတ်တယ်လေ ငါ့ယောက်ျားက နင့်ယောက်ျား ခုတ်လာတဲ့ ထင်းတုံးတွေကို သစ်ခွဲစက်မှာ ခွဲဖို့ ပိုက်ဆံ ပိုပေးပြီး ဝယ်တယ်။ ခွဲလို့ ပိုတဲ့ ပကာသားတွေ ကိုလည်း နင့်ယောက်ျားကို ပြန်ပေးတယ်လေ။
အဲ့ဒီတော့ နင့်တို့ မိသားစု အရင်ကထက် ပိုအဆင်ပြေလာတာ ငါ့ယောက်ျားကြောင့် မဟုတ်လို့ ဘယ်သူ့ကြောင့်လဲ"
အဲဒါနဲ့ သစ်ခုတ်သမားရဲ့ မိန်းမက ညရောက်တော့ ယောက်ျားဖြစ်သူကို အကျိုးအကြောင်း ပြောပြပြီး မေးတော့ သစ်ခုတ်သမားက ပြောပြတယ်။
"မိန်းမ၊ ရေ ရရှိဖို့ ရေတွင်း တူးရတယ်။ အဲဒီ ရေက မြေအောက်က တူးရပေမယ့် ရေဘယ်လောက် မြင့်မြင့် မြေဆိုတဲ့ ကြမ်းပြင် ရှိရပြန်တယ်။ အားလုံးဟာ အပြန်အလှန်ပဲ မိန်းမရယ်။ ဘာမဟုတ်တဲ့ မခံချင်စိတ်နဲ့ ခိုင်ခံ့တဲ့ အရာတွေကို မပျက်စီး ပါစေနဲ့" လို့ ပြောပြီး ထွက်သွားတယ်။
အဲဒီ အကြောင်းကို နောက်တော့ လက်သမားဆရာ သိသွားတယ်။ နောက်တနေ့ကြတော့ လက်သမားဆရာက သူ့အမျိုးသမီးကိုခေါ်ပြီး သစ်ခုတ်သမားဆီက ပျဉ်းကတိုးသားကို ယခင် သစ်တုံးတွေထက် ဈေးနှစ်ဆ ပေးပြီး ယူလိုက်တယ်။
ပြီးတော့ သစ်သားခွဲပြီး ဗီရိုကြီးကြီး တလုံး ရိုက်တယ်။ ကနုတ် ဖော်တာတွေ ပေါ်လစ် တင်တာတွေပါ လုပ်တယ်။ အားလုံးပြီးတော့ သူ့သွင်းနေကြ ဆိုင်ကို သွားတယ်။ ဆိုင်ရှင်က ဗီရိုရဲ့ အသားကို ကြည့်တယ်၊ လက်ရာကို ကြည့်တယ်။
ဆိုင်ရှင်က သဘောကျပြီး လက်သမားဆရာ ခေါ်တဲ့ ဈေးနဲ့ ယူလိုက်တယ်။ သူသစ်တုံးကို ဝယ်တုန်းက ဘယ်လောက်မှ မပေးရပေမယ့် သူရဲ့ အတတ်ပညာနဲ့ ပေါင်းစပ် ပုံဖော်ပြီးချိန် မှာတော့ သစ်တုံးကို သူပေးဝယ်ရတဲ့ ဈေးထက် ဆယ်ဆလောက် အမြတ် ကျန်တယ်။
"မိန်းမ၊ ငါ သစ်ခုတ်သမား ဆီက ဝယ်တုန်းက မင်းက ဈေးပိုပေးလို့ ဆိုပြီး ငါ့ကို ပြောတယ်။ အခု ငါရောင်းလို့ ပြန်ရတဲ့ ပိုက်ဆံနဲ့ တွက်ရင် သစ်ခုတ်သမားဆီက ငါဝယ်လိုက်တာ ဈေးမများ ဘူးလေ။ တကယ်တော့ သစ်ခုတ်သမားဟာ ငါ့အတွက် ကျေးဇူးရှင်ပဲ။
အဲဒီလိုပဲ မနက်ဖြန် အခုရောင်းလိုက်တဲ့ ဗီရိုကို ပြန်လာမေးကြည့်ပါ။ ငါတို့ရောင်းတဲ့ ဈေးထက် သုံးဆ ဖြစ်နေပါလိမ့်မယ် မိန်းမ။ ဘယ်လောက် တော်တဲ့ ပန်းပုဆရာ ဖြစ်ပါစေ ထုဆစ်စရာ မရှိရင် သူ့ပညာဟာ အလကားပဲ။
အဲဒီလိုပဲ ထုဆစ်စရာ သစ်တုံး ရှိပါရက်နဲ့ ထုဆစ်ပုံဖော်တဲ့ အတတ်ပညာ မရှိခဲ့ရင်လည်း သစ်တုံးဟာ တံတားတခု ထင်းတခုသာ ဖြစ်နေမှာပဲ။
အားလုံးဟာ အပြန်အလှန် ကျေးဇူး ပြုကြရတယ်။ အဲဒီလို အပြန်အလှန် မှီခိုကြရင်း ကိုယ့်အတတ်ပညာကို ပေါင်းစပ်ကြတယ်။ အဆင်ပြေအောင် လုပ်ကိုင်ကြ ရတယ်။ ဥပမာ မင်းဈေးသွားတယ် ရောင်းမယ့်သူ ရှိလို့ ဝယ်တဲ့သူ ရှိတာ။ အဲဒီ လိုပဲ ဝယ်တဲ့သူ ရှိနေလို့ ရောင်းတဲ့သူတွေ ရောင်းနေကြတာပါ။
မာနတခုကို အခြေခံပြီး ကိုယ့်ကိုယ်ကို အမြင့်ဆုံး မမှတ်ပါနဲ့။ ကျေးဇူးဆိုတာ လွယ်လွယ် ပြောရရင် ကိုယ့်ရဲ့ အကျိုးကို လိုလားသူ၊ ကိုယ့်ရဲ့ အကျိုးကို ဖြစ်ထွန်းစေသူ အားလုံးဟာ ကျေးဇူးရှိနေတာပါ" Crd
0 Comments