ဟိုးရှေးရှေးတုန်းက ရသေ့ကြီး တပါးဟာ ရွာတရွာကို ရောက်လာပြီး တရားဟောသတဲ့။ အဲဒီမှာ ရွာသား တယောက်ဟာ ရသေ့ကြီး အပေါ် ကြည်ညို လေးစားပြီး ရသေ့ဝတ်ခွင့် တောင်းသတဲ့။
ရသေ့ကြီးကလည်း "အေး ငါကတော့ ဟိမဝန္တာကို သွားပြီး ၅ နှစ် တရား အားထုတ် လိုက်ဦးမယ်။ မင်းက ရသေ့လေး ဝတ်ပြီး ဒီရွာမှာ စောင့်နေ။
၅ နှစ် ပြည့်ရင် ငါ ပြန်လာ ခေါ်မယ်" လို့ မှာပြီး ဟိမဝန္တာကို ထွက်သွားခဲ့သတဲ့။ ဒီလိုနဲ့ ရသေ့လေးဟာ ဆရာ အလာကို စောင့်မျှော်ပြီး နေသတဲ့။
နောက်တနေ့မှာ ရွာထဲကို ဆွမ်းခံ ထွက်တဲ့အခါ ရွာသူရွာသားတွေက စားစရာတွေ သာမကပဲ ရသေ့လေး သီတင်းသုံးဖို့ ဆိုပြီး သစ်ခက်တဲ ကျောင်းလေး တခုပါ ဆောက်ပေးပြီး ပစ္စည်းလေးပါး ဒါယကာ ခံယူကြသတဲ့။
ဒီလိုနဲ့ တနေ့မှာ ရသေ့လေးရဲ့ ခါးပမ်းကြိုးကို ကြွက်ကိုက်သွား ပါလေရောတဲ့။ ဒါကို ရွာသူရွာသားတွေက မြင်တော့ ရသေ့လေးရဲ့ ကျောင်းမှာ ကြွက်တွေ ပေါနေတယ် ထင်ပါရဲ့။ ကြွက်တွေ ပြေးအောင် ဆိုပြီး ကြောင်တကောင်ကို လှူလိုက်ကြသတဲ့။
ရသေ့လေးမှာ ကြွက်ရန်က အေးသွားသော်လည်း ကြောင်လေးက အမ ဆိုတော့ ကြောင်ပေါက်စ လေးတွေ မွေးပါလေရော။
ဖြစ်ချင်တော့ ကြောင်အမေကြီးက နို့မထွက်ဘူးတဲ့။ အဲဒါနဲ့ ရွာထဲကို နွားနို့ အလှူခံရ ပြန်တယ်။ ကြောင်ပေါက်စလေးတွေ သောက်ဖို့အတွက်လေ။
ဒီတော့ ရွာသားတွေ ကလည်း ရသေ့လေး အဆင်ပြေအောင် ဆိုပြီး နွားမလေး တကောင်ကို လှူပြန်သတဲ့။ ဒီလိုနဲ့ နွေရောက်တော့ နွားအတွက် ကောက်ရိုးက လိုလာပြန်ရော။
ရွာသားတွေကလည်း ကောက်ရိုးအတွက် အဆင်ပြေအောင် ဆိုပြီး ကျောင်းရှေ့မှာ စပါးခင်လေး စိုက်ပေးကြသတဲ့။ ပြီးတော့ ကောက်စိုက်ဖို့ နွားစာကြွေးဖို့ အတွက် ဆိုပြီး ရွာထဲက လုံမပျို တဦးကို လစာနဲ့ ငှားပေးထား ကြသတဲ့။
ဒီလိုနဲ့ ၅ နှစ် ပြည့်လို့ ရသေ့ကြီး ရောက်လာတဲ့ အခါ အလွန်ပဲ အံ့သြ သွားခဲ့ရ ပါတယ်။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ ရသေ့လေးမှာကြောင်မိသားစုက တအုပ်၊ နွားအုပ်ကြီးက တအုပ်၊ လယ်ကွင်းပြင်ကြီးနဲ့။ ကလေး ငိုသံတွေ ကလည်း ဆူလို့၊ ညံလို့။
ရသေ့ကြီးက "ဒါက ဘယ်လို ဖြစ်တာလဲ" လို့ မေးတဲ့ အခါ သူ့တပည့် ဖြေလိုက်ပုံက "ခါးပမ်းကြိုး ကြွက်ကိုက်ရာက စတာပါဘုရား" ဟူသတည်း။ ဒါကြောင့် ခါးပမ်းကြိုး ကြွက်မကိုက်စေနဲ့ လူကြီးသူမတွေက ဆိုဆုံးမကြတာပေါ့။
0 Comments