နွားကို ချောက်ထဲကို တွန်းချလိုက်ပါ

တခါတုန်းက ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ လူတယောက်ဟာ တပည့်တယောက်နဲ့အတူ ခရီးကြမ်းတခုကို ထွက်ခွာခဲ့ပါသတဲ့။ အဲဒီလို ဆရာတပည့် နှစ်ယောက်ဟာ ခြေကျင်ခရီး ထွက်လာရင်းမှာပဲ ညဉ့်အမှောင်ဟာ တဖြည်းဖြည်း ဝင်ရောက်လာပါသတဲ့။

ညရဲ့အမှောင်ထုဟာ ပိုမိုပြီး ကြီးစိုးလာပြန်တာကြောင့် ဆရာက တပည့်ကို ပြောတယ်။

"တပည့် ငါတို့ တည်းခိုဖို့ နေရာလေးဘာလေး ရှာမှာဖြစ်မယ်၊ ဒီအတိုင်း အိပ်လို့တော့ မဖြစ်ဘူး။ ဟိုဟိုဒီဒီ သွားပြီး တည်းဖို့ခိုဖို့ နေရာလေး ရှာစမ်းပါဦး"

အဲဒီအခါ တပည့်လုပ်သူလည်း အနီးအပါး လှည့်လည်သွားလာပြီး တည်းခိုနေနိုင်တဲ့ နေရာကို လိုက်ရှာတယ်။ အဲဒီလိုနဲ့ ဖုန်းဆိုးမြေတခုရဲ့ အစပ်မှာတော့ အင်မတန် သေးငယ် စုတ်ချာလှတဲ့ တဲပုပ်တလုံးကို တွေ့ခဲ့တယ်။

အဲဒါကြောင့် သူဟာ ဆရာကို ပြန်လည်ခေါ်ဆောင်ပြီး သူတွေ့ခဲ့တဲ့ တဲပုပ်လေးဆီကို ဆရာတပည့်နှစ်ယောက် သွားရောက်ခဲ့ ကြတယ်။

အဲဒီလို စုတ်ချာလှတဲ့ တဲပုပ်လေးမှာ အင်မတန် ဆင်းရဲ နုံချာလှတဲ့ မိသားစုတစု နေထိုင်တယ်။ အဖေ၊ အမေနဲ့ ကလေးငယ်တွေအကုန်လုံးဟာ အရောင်မွဲ လွန်းလှပြီး အဖာရာတွေ ဗရပွနဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားရ ရှာတယ်။

ပညာရှိရဲ့ တပည့်ဟာ ဆင်းရဲလှတဲ့ မိသားစုကို အားနာလှပေမယ့် ဒီတညအဖို့ ဒီမှာအိပ်မှသာ ဖြစ်မှာမို့ သူက တည်းခိုခွင့် တောင်းခဲ့တယ်။ "ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက် ဒီတညတော့ ဒီမှာအိပ်ပါရစေ" လို့ တပည့်က ခွင့်တောင်း လိုက်တယ်။

အဲဒီအခါ သူဆင်းရဲမိသားစုရဲ့ ဖခင်က "အိုး ခရီးသွား ဧည့်သည်တွေ ပဲဗျ။ ဧည့်သည်လာတာကိုပဲ ကျွန်တော်က အင်မတန်ဝမ်းမြောက် လှပါတယ်။ တည်းပါဗျာ။ တည်းပါ။ အိမ်ထဲကို ကြွကြပါ" လို့ ပြုံးရွှင်စွာပဲ ဆီးကြိုလိုက်တယ်။

အဲဒီနောက်မှာတော့ ဆင်းရဲမွဲတေလှတဲ့ မိသားစုဟာ ဆရာတပည့်နှစ်ယောက်အတွက် ညစာအဖြစ် အစားအသောက်တွေနဲ့ ကျွေးမွေး ဧည့်ခံခဲ့တယ်။ သူတို့ကျွေးမွေးတဲ့ အစားအသောက်ထဲ မှာတော့ သူတို့ဟာ ဒိန်ခဲတွေ၊ နို့မလိုင်တွေ၊ နွားနို့တွေကို အကောင်းဆုံး ပြင်ဆင်ကျွေးမွေး ကြရှာတယ်။

အဲဒီလို ပျူငှာဖော်ရွေလွန်းတဲ့ သူဆင်းရဲမိသားစုကို မြင်ရတဲ့အခါ တပည့်လုပ်သူဟာ အင်မတန်မှ သနားမိတယ်။ သူတို့ဟာ ဆင်းရဲနုံချာ လှပေမယ့် သဒ္ဒါတရားမှာတော့ ဇောတိက၊ အနာထပိဏ် တို့ထက် မနည်းဘူးလို့ သူတွေးတော နေမိတယ်။

အဲဒီလို ညစာစားသောက် အပြီးမှာတော့ ဆရာဖြစ်သူက ဒီလိုမေးတယ်။

"ခင်ဗျားတို့တွေ ကျွေးမွေးဧည့်ခံတာကို ကျေး ဇူးတင်လို့ မဆုံးပါဘူး။ ဒါနဲ့ ဒီလို ခေါင်လှတဲ့ နေရာမှာ ဘာအလုပ်အကိုင်တွေ နဲ့များ လုပ်ကိုင်စားသောက် ကြတာတုန်းဗျ"

အဲဒီအခါ အိမ်ရှင်ယောက်ျားက "ကျွန်တော်တို့မှာ နွားတကောင် ရှိတယ်လေ။ ကျွန်တော်က နေ့တိုင်း နွားနို့ညှစ်ပြီး သိပ်မဝေးတဲ့နေရာမှာ ရှိတဲ့ ကျွန် တော်တို့ရဲ့ အိမ်နီးနားချင်းဆီမှာ သွားပေးတယ်။

သူက ကျွန်တော်တို့အတွက် လိုအပ်တဲ့ အဝတ်အထည်၊ ဆန်တွေ ပြန်ပေးတယ်။ ကျွန်တော်တို့ရဲ့ ဟင်းလျာကတော့ ဒီနွားက ရတဲ့ ဒိန်ခဲ၊ ဒိန်ချဉ်၊ နွားနို့ ပေါ့ဗျာ။ အဲဒီလိုနည်းနဲ့ မိသားစုအသက်မွေး ရတာပေါ့။ ကျန်တဲ့ ရပေါက်ရလမ်းတော့ မရှိပါဘူး"

အဲဒီလိုနဲ့ နောက်တနေ့ မနက်မှာတော့ ဆရာတပည့်နှစ်ယောက်ဟာ ခရီးဆက်လက် ထွက်ခွာခဲ့တယ်။ ဆရာဖြစ်တဲ့ ပညာရှိကြီးဟာ တစုံတခုမှ ပြောဆိုခြင်း မရှိပေမယ့် တပည့်လုပ်သူကတော့ ဆင်းရဲလှတဲ့ မိသားစုအပေါ် သနားစိတ်၊ စာနာစိတ် တွေသာ ကြီးစိုးနေတယ်။

ဒီမိသားစုလေးကို ကယ်တင်လိုစိတ်၊ ကြီးပွားချမ်းသာစေ လိုစိတ်တွေနဲ့ တနုံ့နုံ့ ဖြစ်လို့ လာတယ်။ တကြိမ်မှာတော့ သူက ဆရာပညာရှိကြီးကို ပြောလိုက်တယ်။

"ဆရာ ကျွန်တော်တို့ တည်းခဲ့တဲ့အိမ်က မိသားစုလေးကို ကျွန်တော် အင်မတန် သနားမိပါတယ်ဗျာ။ သူတို့ကို တနည်းနည်းနဲ့ချမ်းသာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းလေးများ မရှိဘူးလား" လို့ မေးလိုက်တယ်။ အဲဒီအခါ ပညာရှိကြီးက

"မင်းသူတို့ကို တကယ် ချမ်းသာစေချင်လား" လို့ ပြန်မေးလိုက်တယ်။ အဲဒီအခါ တပည့်က "ဘယ်လိုပြောလိုက်ပါလိမ့် ဆရာရယ်။ ချမ်းသာစေချင်တာပေါ့ဗျ" လို့ ပြန်ပြောလိုက်တယ်။ အဲဒီအခါ ဆရာပညာရှိက "ဒါဆို သူတို့ပိုင်တဲ့ နွားမကို ချောက်ထဲ တွန်းချပြီး သတ်ပေးလိုက်" လို့ ပြန်ပြောတယ်။

အဲဒီအခါ တပည့်က "မဟုတ်တာ ဆရာရယ်၊ သူတို့မှာ ပိုင်တာဆိုလို့၊ ဒါလေးပဲ ရှိတာကို၊ ဒါလေးမရှိရင် ဒုက္ခရောက် သွားမှာပေါ့" လို့ ပြောတယ်။ အဲဒီအခါ ဆရာက

"တကယ် ချမ်းသာစေချင်ရင်၊ ငါပြောတဲ့အတိုင်းသာ လုပ်စမ်းကွာ" လို့ ပြန်ပြောလိုက်တယ်။ အဲဒီလိုနဲ့ တပည့်ဟာ လေးလံတဲ့ စိတ်နှလုံးနဲ့ တဲပုပ်လေး ရှိရာကို ပြန်လာတယ်။ အိမ်သားတွေ မသိအောင် သူတို့ရဲ့နွားမလေးကို ချောက်ကမ်းပါးအစွန်းကို ဆွဲလာခဲ့တယ်။ အဲဒီနောက်တော့ သူဟာ နွားကို ချောက်ထဲ တွန်းချပြီး သတ်ခဲ့လိုက်တယ်။

အဲဒီလိုနဲ့ နှစ်ပေါင်းများစွာ အကြာမှာတော့ ဆရာတပည့်နှစ်ယောက်ဟာ အဲဒီလမ်းအတိုင်းဘဲ ခရီးတခေါက် ထွက်ခဲ့တယ်။ ဒီတကြိမ်မှာတော့ သူတို့တွေဟာ အရင် တည်းခိုခဲ့ဖူးတဲ့ တဲပုပ်လေး နေရာမှာ ကောင်းမွန် သပ်ယပ်တဲ့ အိမ်တလုံးကို တွေ့ရတယ်။

အဲဒီအိမ်ဘေးမှာ မျက်စေ့တဆုံး ကျယ်ဝန်းတဲ့ သီးနှံစိုက်ခင်းတွေနဲ့ တကွ၊ နွားပေါင်း တဒါဇင်လောက် မွေးမြူထားတဲ့ နွားတင်းကုပ်ကြီး တခုကိုပါ တွေ့ကြရတယ်။ အဲဒီအိမ်ထဲမှာလည်း တချိန်က ဆင်းရဲချို့တဲ့စွာ နေခဲ့ရတဲ့ မိသားစုဟာ ကောင်းမွန်သပ်ယပ်တဲ့ အဝတ်အစားတွေနဲ့ တကွ ပျော်ရွှင် ကြည်နူးနေကြတာ ကိုလည်း တွေ့ရပြန်တယ်။

ဆရာတပည့်နှစ်ယောက်ဟာ အရင်နည်းအတိုင်းပဲ အိမ်ရှင်ကို တည်းခိုခွင့်တောင်းပြီး တည်းခိုခဲ့တယ်။ ညစာ စားအပြီးမှာတော့ တပည့်လုပ်သူဟာ သူတို့ ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေကို ရောက်လာလာလဲ ဆိုတဲ့ သိချင်စိတ်ကို ထိန်းမရတဲ့အတွက်

"အကို ခင်ဗျားတို့မိသားစုဟာ အရင်က အင်မတန် ဆင်းရဲချို့တဲ့ ခဲ့တယ်၊ ခုတော့ တော်တော်လေး အဆင်ပြေနေပါလား၊ ဘယ် လိုဖြစ်ပြီး ဒီဘဝ ရောက်သွားတယ်ဆိုတာ ပြောပြပါလားအကို" လို့မေးလိုက်တယ်။ အဲဒီအခါ အိမ်ရှင်ယောက်ျားက အခုလို ပြန်ဖြေတယ်။

"ကျွန်တော်တို့မှာ အရင်က ဆရာတို့ သိတဲ့အတိုင်း နွားတကောင် ရှိတယ်လေ။ ကံဆိုးချင်တော့ ဆရာတို့နှစ်ယောက် ပြန်သွားတဲ့ နေ့မှာပဲ အဲဒီနွားလေးက ချောက်ထဲကျပြီး သေသွားရှာတယ်။ ကျွန်တော်တို့ မိသားစု အရမ်းသောက ရောက်ခဲ့တာပေါ့ဗျာ။ ဒီနွားလေးကို မှီခိုနေရတာကို။

နွားက သေသွားတော့ ငါတို့တော့ ဒုက္ခရောက်ပြီပေါ့။ ဒါပေမယ့်လည်း လူဆိုတာမျိုးက ဒီအတိုင်း အသေခံပါရိုးလား ဆရာရယ်။ နွားအားကိုးလို့ မရတော့လည်း ကိုယ့်အားကိုယ် ကိုးကြရတာပေါ့။

တမိသားစုလုံး ညီတူညာတူ စိုက်ကြပျိုးကြ၊ ရရာအလုပ် လုပ်ကြနဲ့ အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်ကြရတာပေါ့။ အရင်ကတော့ တနှစ်ကြာအောင် အလုပ်လုပ် ပိုက်ဆံစု နွားပြန်ဝယ်မယ်ပေါ့။

ဒါပေမယ့် တနှစ်ကြာတဲ့အခါ အလုပ်လုပ်လို့ ရတဲ့ငွေက နွားတကောင်တင် မဟုတ်ဘူး ဆရာရေ၊ နွားသုံးကောင် စာလောက် ဝယ်လို့ ရနေတာကို ကျွန်တော်တို့ သိလိုက်ရတယ်။ အဲဒါကြောင့် နွားပြန်ဝယ်ရုံတင် မကဘူး ရှိသမျှ မြေတွေ၊ စိုက်လို့ရသမျှ မြေတွေကို အကုန်စိုက်၊ လုပ်လို့ရသမျှ အကုန်လုပ်နဲ့ ဒီဘဝရောက်လာတာပဲ၊

နောက်တော့ ကျွန်တော်တို့ အကုန်လုံး သဘောပေါက်လာတယ်။ ဘာမှမလုပ်ရင်၊ ဘာမှမဖြစ်ဘူး။ တခုခုလုပ်ရင်။ တခုခုဖြစ်လာမယ်ပေါ့ဗျာ"

ကျွန်တော်တို့ရဲ့ သက်တောင့်သက်သာနဲ့ စီးမြောလိုက်ပါနေတဲ့ ဘဝနေထိုင်မှုဟာ ပျော်ရွှင်မှု၊ သက်သာမှုတွေ ရှိကောင်းရှိနိုင်ပေမယ့် ဒီအတိုင်း နေထိုင်သွားခဲ့ရင် အောင်မြင်ချမ်းသာတဲ့ ဘဝကို ဘယ်သောအခါမှ ရလိမ့်မှာ မဟုတ်ပါဘူး။

Comfort Zone ကနေ ရုန်းကန် ဖောက်ထွက်နိုင်မှသာ အောင်မြင်ခြင်းကို ရယူနိုင် ပါလိမ့်မယ်။ ဘာမှမလုပ်ရင် ဘာမှမဖြစ်ပါဘူး။ တခုခုလုပ်မှ တခုခုဖြစ်မယ် ဆိုတဲ့ သူဆင်းရဲရဲ့ စကားလို လက်ရှိဘဝမှာ သာယာပြီး အလိုက်သင့် မြောပါနေရုံနဲ့တော့ ဘာတခုမှ အောင်မြင်လာမှာ မဟုတ်ပါဘူး။

တကယ်တော့လည်း ကျွန်တော်တို့ဟာ နွားကို ချောက်ထဲ တွန်းချပစ်ဖို့ လိုအပ်နေသူများပဲ ဖြစ်ပါတယ်။ လက်ရှိဘဝမှ ရုန်းကန် ဖောက်ထွက်နိုင်ကြပါစေ။ Crd

Post a Comment

0 Comments