လူတဦးတယောက် အပေါ်မှာ နားလည်မှု ရှိဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ တခါတလေ နားလည်အောင် ကြိုးစားနေရတာကိုက ပင်ပန်းရ ပါတယ်။ နားလည်ဖို့ ကြိုးစားရင်နဲ့ပဲ သည်းမခံနိုင်တာတွေ ပိုများလာ တတ်ပါတယ်။
သူကလည်း သူ့စရိုက်နဲ့ သူ့အကျင့်နဲ့။ ကိုယ်ကလည်း ကိုယ့်စရိုက်နဲ့ ကိုယ့်အကျင့်နဲ့ကိုး။ စိတ်သဘောထားခြင်း ကတော့ ဘယ်လိုမှ မတူနိုင်ပါဘူး။ သေချာ စဉ်းစားကြည့်ရင် ကိုယ့်စိတ်ကတောင် ဒီနေ့နဲ့ မနက်ဖြန် မတူနိုင်ပါဘူး။
သူကောင်းမှ ကိုယ်ကောင်းမယ် ဆိုရင် ဘယ်မှာ ကောင်းတဲ့သူ ရှိလာပါမလဲ ဆိုသလို မတူညီမှုတွေ အတွက် ကိုယ့်ဖက်က ကြိုးစားလို့ရတာ တခုတော့ ရှိပါတယ်။ အဲ့ဒါဟာ "ခွင့်လွှတ်ခြင်း" ပါပဲ။
တဖက်သားကို ခွင့်လွှတ်နိုင်လိုက်တယ် ဆိုရင်ပဲ စိတ်ဟာ ပေါ့ပါးသွားတယ်။ လွတ်လပ် သွားပါတယ်။ "ခွင့်လွှတ်ခြင်း" ရဲ့နောက်မှာ မေတ္တာစိတ်တွေ ဖြစ်လာတယ်။ မေတ္တာစိတ် ဖြစ်လာတော့ ပိုပြီး ခွင့်လွှတ်နိုင် လာတယ်။
ဒါကြောင့် တဖက်သားကို နားမလည်နိုင် ရင်တောင် ခွင့်လွှတ်နိုင်အောင် ကြိုးစားရင် ဘဝမှာ အလွန် အေးချမ်းပါတယ်။ ဘဝဆိုတာ တိုတိုလေးပါ။ တယောက်နဲ့တယောက် ဘာကြောင့်များ အာဃာတတွေ အမုန်းတရားတွေ မနာလိုမှုတွေ ထားနေမှာလဲ။
ခွင့်လွှတ်ခြင်းရဲ့ အရသာကို ခွင့်လွှတ်ခဲ့ဖူးသူတိုင်း ခံစားဖူး ပါလိမ့်မယ်။ လက်စားချေခြင်းဖြင့် ပြဿသနာကို အဆုံးသတ်လို့ မရပါဘူး။ ပြဿနာတွေရဲ့ အဓိက အဆုံးသတ်က ခွင့်လွှတ်ခြင်းပါပဲ။
ဘာကြောင့် လူတွေက ခွင့်လွှတ်ရမှာ ကြောက်တာလဲ ဆိုရင် အဖြေက ရှင်းရှင်းလေးပါ။ ခွင့်လွှတ်ပေး လိုက်ရတာဟာ ရှုံးနိမ့်တယ်လို့ ထင်နေကြလို့ ပါပဲ။
I can forgive but I can't forget တဲ့။ (လူ တယောက်ကို ခွင့်လွှတ်ပါ။ ဒါပေမဲ့ သူနာမည်ကိုတော့ မှတ်ထားလိုက်ပါတဲ့)
တခါတလေ လူတယောက်ကို ခွင့်လွှတ်ပေးလိုက်လို့ ရချင် ရလိမ့်မယ်။ ဒါပေမဲ့ သူရဲ့ လုပ်ရပ်တွေကို မေ့လို့ ရနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် သူငယ်ချင်း၊ ကိုယ့်ကို အကောင်းမမြင်တဲ့ သူတွေကို ခွင့်လွှတ်လိုက်ပါ။ သူတို့ကြောင့် ကိုယ်က ကောင်းအောင်ကြိုးစား နေနိုင်လို့ပါ။
ကိုယ့်ကို ချောက်ချသူတွေကို ခွင့်လွှတ်လိုက်ပါ။ သူတို့ကြောင့် ချောက်ထဲ မရောက်အောင် သတိနဲ့ နေမိလို့ပဲ။ ကိုယ့်ကို အထင်သေးသူ တွေကို ခွင့်လွှတ်လိုက်ပါ။ သူတို့ကြောင့် နေ့သစ်တိုင်း တိုးတက်အောင် ကြိုးစားနေလို့ပဲ။
ကိုယ့်ကို လိမ်လည် ထိခိုက်သူတွေကို ခွင့်လွှတ်လိုက်ပါ။ သူတို့ကြောင့် ကိုယ့်မှာ အသိတရားတွေ တိုးပွားလာလို့ပဲ။ ကိုယ့်ကိုဝေဖန် ပုတ်ချသူတွေကို ခွင့်လွှတ်လိုက်ပါ။ သူတို့ကြောင့် ဂုဏ်ကျက်သရေ ပိုတိုးအောင် ဆောင်ရွက်နေတတ်လို့ပဲ။
ဘဝမှာ တွေ့ကြုံရတဲ့ လူတွေနဲ့ အခြေအနေတွေကို အပြစ်တင် မညည်းညူပါနဲ့။ ကောင်းတဲ့လူတွေက သင့်ကို ပျော်ရွှင်မှု ပေးကြလိမ့်မယ်။
ဆိုးတဲ့လူတွေက သင့်ကို အတွေ့အကြုံတွေ ပေးလိမ့်မယ်။ အဆိုးဆုံး လူတွေက သင့်ကို သင်ခန်းစာတွေ ပေးပါလိမ့်မယ်။
အကောင်းဆုံး လူတွေက သင့်ကို အမှတ်တရတွေ ပေးလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရေ၊ ဘဝမှာ တခဏတာ ဆုံကြရသူအချင်းချင်း ခွင့်လွှတ်ခြင်းဖြင့် ဆက်ဆံနိုင်ပါစေ။ ရဲကြီး (လျော်ကန်)
0 Comments