စိတ်ရှည် သည်းခံ နည်းလမ်းမှန်

တခါက လူတယောက်ဟာ အဖိုးတန် ရေနွေးကြမ်းအိုး တလုံးကို ပိုင်ဆိုင်တယ်။ သူဟာ အဲဒီ ရေနွေးကြမ်းအိုးကို တန်ဖိုးထားလွန်းလို့ ကုတင် ခေါင်းရင်းမှာပဲ ထားအိပ်သတဲ့။

တညမှာ ရေနွေးကြမ်းအိုးကို မတော်တဆ ထိမိလို့ ရေနွေးအိုး အဖုံးဟာ ကုတင်အောက် ပြုတ်ကျ ပါလေရော။ အဲဒီလူလည်း လန့်နိုးပြီး စိတ်သောက ရောက်သတဲ့။

အိုးအဖုံး မရှိပြီ ဆိုမှတော့ အိုးက ဘာအသုံးဝင်တော့မှာလဲ ဆိုပြီး အဲဒီလူဟာ အိုးကို လှမ်းဆွဲပြီး စိတ်တိုတိုနဲ့ ပြတင်းပေါက်အပြင်ဖက် ပစ်ထုတ်လိုက် သတဲ့။

မနက်လင်း လာတော့ အိုးအဖုံးဟာ ကံကောင်းစွာနဲ့ မွေ့ရာပေါ် ကျနေလို့ ကွဲမသွားဘူးတဲ့။ အဲဒီမှာ အိုးကို သူပစ်ထုတ် လိုက်မိပြီဆိုပြီး စိတ်တိုတိုနဲ့ အဖုံးကို နင်းခြေလိုက်သတဲ့။

ထို့နောက်မှာ အိမ်အပြင် ထွက်တော့ ညက လွင့်ပစ်လိုက်တဲ့ အိုးဟာ မကွဲမရှဘဲ သစ်ကိုင်းထက်မှာ ချိတ်နေတာကို တွေ့လိုက်ရသတဲ့။

တခါတလေမှာ ကိစ္စ တချို့ဟာ စောင့်တန်စောင့်၊ ကြည့်တန်ကြည့်၊ နှေးတန် နှေးရ ပါတယ်။ အလောတကြီးဖြစ်ဖို့ မလိုပါဘူး။ ကိစ္စရပ် တော်တော် များများက ကိုယ်တွေးထင်သလို မဟုတ်တတ်ဘူး။

လောတယ်၊ စိတ်ဆတ်တယ် ဆိုတာက မိစ္ဆာတကောင် လိုပါ။ ကိစ္စရပ် တော်တော် များများကို အဆိုးဘက်က တွေးမြင်ပြီး ပိုဆိုးအောင် လုပ်မိစေတတ် သလို အဆင်မပြေမှု တွေနဲ့ ပိုရင်ဆိုင်ရ တတ်ပါတယ်။

ဒါကြောင့် စိတ်ငြိမ်ဖို့၊ အေးအေးသာသာ တွေးဆတတ်ဖို့ ကလည်း အသိဉာဏ် တမျိုး ဖြစ်ပါတယ်။

ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်မလာသေးတဲ့ အခါ စိတ်လောပြီး ဇွတ်မလုပ်လိုက် ပါနဲ့။ တချို့သော ကိစ္စတွေက ကိုယ်ဘယ်လိုပဲ ကြိုးစား ကြိုးစား ဖြစ်ချိန် မတန်ရင် ဖြစ်မလာတတ် သေးပါဘူး။

စိတ်ရှည်ပါ။ အခက်အခဲတွေ ကြုံတိုင်း စိတ်မြန်စွာ မဖြေရှင်းလိုက် ပါနဲ့။ တချို့သော အခက်အခဲ တွေက ခုရှင်းမှ အဆင်ပြေတတ် ပေမယ့်၊ တချို့သော စိန်ခေါ်မှုတွေက ကိုယ့်ရဲ့ သည်းခံ စိတ်ရှည်တဲ့ သက်လုံကို စမ်းသပ်မှုတွေ ပါနေပါတယ်။

စိတ်ရှည်ပါ။ စိတ်ရှည်ခြင်း ဆိုတာ အမှားနည်းစေ သလို အလုပ် ပြီးမြောက် အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ပါ။

စိတ်ရှည်ခြင်း ဆိုတာ ရင့်ကျက်ခြင်းရဲ့ သင်္ကေတ ဖြစ်ပြီး တည်ငြိမ်မှုကို ရလာစေကာ အောင်မြင်မှုတွေ ရဖို့ အကောင်းဆုံး ဗျူဟာတခုလို့ ပြောလို့ ရပါတယ်။ Crd

Post a Comment

0 Comments