သူများဘဝတွေကို အားမကျပါနဲ့

တခါတုန်းက တံမြက်စည်းတယောက်ဟာ တံမြက်စည်း နှစ်ချောင်းကို ရောင်းချခဲ့တယ်။ ဝယ်တဲ့သူက တချောင်းကို အိမ်ပေါ်မှာလှည်းဖို့နဲ့ တချောင်းက မြေကြီးမှာ လှည်းဖို့ ဆိုပြီး ဝယ်ခဲ့တာပေါ့။

မြေကြီးမှာ အလှည်း ခံရတဲ့ တံမြက်စည်းက နေ့စဉ်နေ့တိုင်း ဖုန်တွေနဲ့ လုံးပန်း၊ ကျင်ကြီး ကျင်ငယ်တွေနဲ့ ထိရ၊ ကြမ်းတမ်းတဲ့ကျောက်စရစ်တွေ နဲ့လည်း ကြုံရဆုံရတော့ သူ့ဘဝဟာ ကြမ်းသထက် ကြမ်းလာတယ်တဲ့။ ဒီဟာကို ကြည့်ပြီး သူဟာ သူ့ဘဝသူ အားငယ်တတ် လာတယ်။

အိမ်ပေါ်မှာ နေရတဲ့ တံမြက်စည်းလေး ဖြစ်ရင် သိပ်ကောင်းမှာ၊ သူ့ဘဝကျတော့ နေလည်းမပူ၊ ကြမ်းတဲ့ ကျောက်စရစ်တွေနဲ့ မတွေ့ရ၊ ကျင်ကြီးကျင်ငယ်နဲ့ မဆုံနဲ့ သူ့ဘဝ သာယာနေမှာဘဲ ဆိုပြီး သူ့မိတ်ဆွေ အိမ်ပေါ် လှည်းခံရတဲ့ တံမြက်စည်းကို အားကျနေတယ်တဲ့။

နောက်ပြီး သူက အိမ်ပေါ်မှာ နေရတော့ သူက သင်းပျံ့တဲ့ ရနံ့တွေနဲ့ နေရမှာပဲ၊ ငါလို ဘဝ မကြမ်း လောက်ဘူး။ ငါလည်း သူ့လိုဘဝ ရောက်ရင် သိပ်ကောင်းမှာပဲ ဆိုပြီး အမြဲ တွေးပြီး နေတတ်တယ်တဲ့။

အဲဒါနဲ့ တနေ့တော့ သူ့သူငယ်ချင်း တံမြက်စည်းနဲ့ လှေခါးနားမှာ ဆုံမိကြတယ်တဲ့။ စကားပြောဖြစ် ကြတယ်ပေါ့။ အိမ်အောက် မြေကြီးမှာ အလှည်းခံရတဲ့ တံမြက်စည်းက ပြောတယ်။

"သူငယ်ချင်း မင်းဘဝက သိပ်သာယာတာ ပဲကွာ။ ငါ့လို မကြမ်းတမ်းဘူး။ မကောင်းတဲ့ ရနံ့တွေနဲ့ မထိတွေ့ ရဘူး။ မင်းဘဝကသိပ်ပျော်စရာ ကောင်းမှာပဲ။ မင်းလိုဘဝမျိုး နေချင်လိုက်တာ" လို့ ပြောရှာသတဲ့။

ထိုအခါ အိမ်ပေါ်က တံမြက်စည်းက ပြန်ပြောလိုက်တာ ကတော့ "တကယ်တော့ အပြင်ပန်း မြင်ရင်တော့ သာယာတယ်လို့ မင်းထင်ချင် ထင်လိမ့်မယ်။ မသာယာ ပါဘူးကွာ။ လင်မယားချင်း ရန်ဖြစ်လည်း ငါ့ကို ဆွဲပြီး ရိုက်ကြတယ်။ တယောက်နဲ့ တယောက် ဆွဲကြ လုကြတယ်။

သားသမီး ရိုက်ပြီး ဆိုလည်း ငါ့ကို အသုံးပြုတယ်။ အဲဒါနဲ့ တယောက်နဲ့ တယောက် ဆွဲကြ လုကြပြန်ရော။ ငါ့ဘဝက မင်းလို မကြမ်းတမ်းပေမဲ့ နေ့စဉ် နားငြီးရသလို နာကျင်တဲ့ ဝေဒနာ ခံစားရတယ်။ စိတ်ရှုပ်ရတယ်။ ငါက ပင်ပန်းတာမခံရပေမဲ့ စိတ်ရှုပ်စရာ ကြီးပါ။

နောက်ပြီး ငါ့ကို ဘယ်နားမှာ ထားတာလဲ မင်းသိလား။ ခြေနင်းခုံနားမှာ ထားတာ။ ဟိုလူ လာလည်း တိုက်သွား နင်းသွားနဲ့ မင်းကွာ သေချင်စော်ကို နံရော" လို့ ပြောပြလိုက်တော့ အိမ်အောက်တံမြက်စည်းကသူ့ဘဝသူကျေနပ်သလိုခံစား ခံစားရသွားတယ်တဲ့။

သူတွေးလိုက်တာက "ဪ အပြင်ပုံသဏ္ဌာန် လှပေမဲ့ ဘဝဒုက္ခထွေထွေက ငါ့ထက် များလှပါလား။ တကယ်တော့ ငါ့ဘဝက ကြမ်းပေမဲ့ သူ့လောက် မဆိုးသေးပါလား" လို့ တွေးပြီး ခေါင်းငုံ့ကာ သူငယ်ချင်း နှစ်ယောက်ဟာ သူ့နေရာသူ ပြန်ကြသတဲ့။

ကျွန်တော်တို့ တတွေလည်း ကိုယ့်ဘဝကို အပြင်မှာ ကြမ်းလို့ စိတ်မပျက်ပါနဲ့။ အိမ်ကောင်းကောင်းနဲ့ နေနေရတယ်၊ သင်းပျံ့တဲ့ရနံ့တွေ ကြားမှာ နေနေရတယ် ဆိုပေမဲ့လည်း အားမကျပါနဲ့။ အပြင်လှပြီး အတွင်းပုပ်တာတွေ အများကြီးပါ။

တကယ်တော့ ကိုယ်ရထားတဲ့ ဘဝလေးကို အကျိုးရှိရှိ ပေးဆပ်ပြီး လောကကိုအလှဆင်ခွင့် ရနေတာလေးကိုက ကျေနပ်စရာ ဖြစ်အောင် ကြိုးစားပြီး နေထိုင်သင့်ပါတယ်။ အပြင်မှာ ကြမ်းပေမဲ့ အတွင်းမှာ သင်းပျံ့တဲ့ရနံ့ ရှိအောင် ကြိုးစားပြီး နေထိုင်မယ် ဆိုရင် ဘဝဟာ သာယာပါတယ်။ Crd

Post a Comment

0 Comments