တကြောင်းတည်းသော ဆုံးမစကား

တခါတုန်းက ဘုရင်ကြီး တပါးက သူရဲ့ ပညာရှိအမတ်တွေကို စုပေါင်း တိုင်ပင်ကြပြီး စာတမ်း တစောင်ကို ရေးသား ပြုစု ခိုင်းလိုက်တယ်။ နောင်လာ နောင်သားတွေ အတွက် ဘဝမှာ အကျိုး ရှိစေမယ့် အကြောင်းအရာတွေကို ရေးပေးဖို့ပါ။

သီတင်းပတ် အနည်းငယ် အကြာမှာ အမတ်တွေက သူတို့ စုပေါင်း ရေးထားတဲ့ စာမျက်နှာ ၅၀ ရှိတဲ့ စာတမ်းကို ဘုရင်ကို ပြတယ်။ ဘုရင်က ဖတ်ကြည့်ပြီး စာဟာ ရှည်လွန်းလို့ လူတွေ ဖတ်ကြည့်မှာ မဟုတ်ဘူး။ ဒါကြောင့် အတိုချုံး ရေးပြီး ပြန်တင်လို့ ပြောတယ်။

အမတ်တွေလည်း တပတ်အကြာမှာ စာမျက်နှာ ၁၀ မျက်နှာ ရှိတဲ့ စာတမ်းကို ပြန်ပြတယ်။ ဘုရင်က ရှည်သေးတယ်၊ ထပ်ပြီး အတိုချုံးဦးလို့ ပြောတယ်။

နောက်တပတ် ကြာတော့ အမတ်တွေက စာ တမျက်နှာတည်း ပါတဲ့ စာတမ်းကို ပြန်တင်တယ်။ ဘုရင်က ဒါလည်း ရှည်သေးတယ်။ စာတကြောင်းတည်းနဲ့ ရေးပြလို့ ပြောလိုက် ပြန်တယ်။

နောက်ဆုံးမှာ အမတ်တွေက စာတကြောင်းတည်း ပါတဲ့ စာတမ်းကို တင်ပြလို့ ဘုရင်က အရမ်း သဘောကျသွားပြီး ဆုလာဘ်တွေ ချီးမြှင့် လိုက်တယ်။

သူတို့ရဲ့ စာတမ်းမှာ ပါတဲ့ တခုတည်းသော စာကြောင်းက "လောကမှာ ဘယ်ဟာမှ အလကား မရဘူး" ဆိုတာပါ။ အဲဒါကို အင်္ဂလိပ်လို "There is no such thing as free lunch" လို့ ခေါ်ပါတယ်။

အဲ့ဒါဟာ လူငယ်တွေ အတွက် အင်မတန် တန်ဖိုး ရှိတဲ့ စကားပါ။ ပညာ တတ်ချင်သလား၊ ပညာ ကြိုးစားပါ။ မကြိုးစားဘဲ စာမေးပွဲမှာ ခိုးချပြီး ဘွဲ့ရနိုင် ပါတယ်။ ဒါပေမယ့် ပညာတတ် တယောက်တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

အောင်မြင်တဲ့ ဘောလုံးသမား တယောက် ဖြစ်ချင်ပါသလား။ မနက်အိပ်ရာ စောစောထ လေ့ကျင့်ခန်း ဆင်းရမှာ ပျင်းနေတယ်၊ ညနက်အထိ သူငယ်ချင်းတွေနဲ့ ဟေးလား ဝါးလား လုပ်နေသူဟာ ဘယ်လိုမှ အောင်မြင်တဲ့ ဘောလုံးသမား ဖြစ်လာမှာ မဟုတ် ပါဘူး။

ကြီးပွား ချမ်းသာချင် ပါသလား။ ကြီးပွား အောင်မြင်ရေး နည်းလမ်းတွေကို သေချာ လေ့လာပါ။ ကျင့်သုံး လိုက်နာပါ။ မစွန့်စားရဲဘဲ သူများပေးတဲ့ လစာလေးနဲ့ ကျေနပ်နေရင် တသက်လုံး မကြီးပွားနိုင် ပါဘူး။

မိဘ ချမ်းသာမှ၊ ဆွေမျိုး အသိုင်းအဝန်း ကောင်းမှ၊ လူကြီး ဆိုသူတွေကို ပေးကျွေးမှ အမွေရမှ၊ ထီပေါက်မှ ချမ်းသာမယ် ဆိုသူ တွေဟာ ဘယ်တော့မှ မချမ်းသာနိုင် ကြပါဘူး။

ဘာကြောင့်လဲ ဆိုတော့ လောကရဲ့ အမှန်တရားတခု ဖြစ်တဲ့ ဘယ်ဟာမှ အလကား၊ အချောင်မရဘူး ဆိုတဲ့ အချက်နဲ့ မကိုက်ညီ လို့ပါ။ Nainglinswe (အထွန်း) ဆရာဗန်းမော် သိန်းဖေရဲ့ မျှဝေလိုသော အတွေးများ စာအုပ်မှ ကူးယူ ဖော်ပြသည် ။

Post a Comment

0 Comments