တရက်မှာ ရွာသား တယောက်ဟာ ဈေးမှာ ဈေးဝင်ဝယ်ဖို့ လာရင်း မိုးကလည်း ရွာထားတော့ သူ့ဖိနပ်က ပြတ်သွားတာပေါ့။ အဲဒါနဲ့ အိတ်ထဲက စက္ကူလေးနဲ့ ထုပ်ပြီး ယူလာခဲ့တယ်။ သူဟာ ဈေးအဝင်ဝက ဆိုင်တဆိုင်ရှေ့ ရောက်တော့ ဆိုင်ရှင်ကို ခေါ်ပြောလိုက်တယ်။
"အမကြီး ကျွန်တော့ ဖိနပ်လေး ခဏထားခဲ့လို့ ရမလား။ ဈေးလာရင်း ဖြတ်သွားလို့ပါ။ ကျွန်တော် ဈေးကအပြန် ဝင်ယူပါ့မယ်။"
အမကြီးက
"အေး ငါ့မောင် ဒီနားမှာ ထားခဲ့လိုက်"
"ဟုတ် အမ"
အဲဒါနဲ့ ဈေးဝယ်ပြီးတာနဲ့ သူဖိနပ်လေး ဝင်ယူခဲ့တယ်။
"အမ ကျွန်တော့ ဖိနပ်လေး ယူသွားတော့မယ် ခင်ဗျ"
"အေး အေး ယူသွားလေ"
"ကျေးဇူးတင်ပါတယ် အမ။ အမက အရမ်း သဘောကောင်းတာပဲ"
"အေး ရပါတယ်ကွယ်။ တို့တတွေက လူသားတွေပဲ ဒီလို ကူညီပေးရတာ အပန်းမကြီး ပါဘူး"
"ဟုတ်ကဲ့ပါ အမ။ ကျွန်တော့်ကို သွားခွင့်ပြုပါအုံး"
"အေးပါ အေးပါ။ နောက်လည်း အကူအညီ လိုရင် ပြောပေါ့" "ဟုတ်ကဲ့ပါ အမ"
ဒီလိုနဲ့ ရွာသားလည်း ရွာကို ပြန်သွားခဲ့တာပေါ့။ နောက်တနေမှာတော့ သူငယ်ချင်းဖြစ်သူနဲ့ ဈေးဝယ်လာခဲ့ ကြတာပေါ့။ လမ်းခရီးက ကြမ်း၊ နေကပူနဲ့ ပါလာတဲ့ သူငယ်ချင်းက အမှတ်မထင် မူးလိုက်တာ ဆိုပြီး ပြောပြောဆိုဆို လဲကျရာက အသက်ပါ ပါသွားရှာတယ်
သူငယ်ချင်းဖြစ်သူ အမှတ်မထင် သေဆုံးသွားလို့ ဘာလုပ်ရမှန်း မသိတာနဲ့ အတွေးတခု ဝင်လာခဲ့တယ်။ သူငယ်ချင်းရဲ့ အလောင်းကို အဝတ်နဲ့ ပါတ်ပြီး ထမ်းလာခဲ့ တာပေါ့။
အရင်အခါက သူဖိနပ် အပ်ခဲ့တဲ့ ဆိုင်ရှေ့ကို ရောက်လာတော့ "အေး ဒီဆိုင်ဝင်ထားခဲ့အုံးမှပဲ" ဆိုပြီး တွေးနေတယ်။ အဲဒီလိုနဲ့
"အမကြီး ကျွန်တော့ကို မှတ်မိလား"
"အော် အေး။ ဟိုနေ့က မင်းမို့လား ဖိနပ်ပြတ်လို့ လာအပ်သွားခဲ့ တာလေ"
"ဟုတ် ဟုတ်ပါတယ် အမ ကျွန်တော်ပါ"
"အေးအေး ပြောလေ မောင်လေး။ အမ ဘာကူညီ ပေးရအုံးမလဲ"
"ဟုတ်အမ။ ကျွန်တော့ သူငယ်ချင်း လမ်းမှာ မူးတယ်ဆိုပြီး လဲကျသွားတာပါ။ အသက်ပါ ပါ သွားခဲ့တာ။ ကျွန်တော် ဈေးခဏဝယ်မလို့။ အဲဒါ သူငယ်ချင်းကို ဒီမှာ ခဏ ထားခဲ့ပါရစေ။ ရွာကို ပြန်ရင် ဝင်ယူမှာပါ"
ချက်ချင်း ဆိုသလိုပဲ "ဟာ မရဘူးလေ။ ဘယ်ရမလဲ။ မင်းနယ်ကွယ် နမိတ်မရှိ လိုက်တာ။ လူသေကောင်ကို ငါ့ဆိုင် ထားခဲ့မယ်လို့ ရာရာစစ သွား သွား။ ငါ့ဆိုင်ရှေ့က အခု ထွက်သွားစမ်း"
အဲဒီလိုနဲ့ ရွာသားလည်း ပြန်ထွက်အလာ ဆိုင်ရှင် အမကြီး ကလည်း ဗျစ်တောက် ဗျစ်တောက်နဲ့ ကျန်ခဲ့တော့တယ်။ သူငယ်ချင်း အလောင်းကို ထမ်ပြီး ပြန်ခဲ့ရင်း သူ့အတွေးထဲမှာ
"ဪ လောက လူသားတွေဟာ မသေခင် မှာတော့ မာနတွေ တက်နေကြတာ။ ဂုဏ်တွေ ပြိုင်နေကြတာ သေသွားပြီ ဆိုရင် ဖိနပ်စုတ် လောက်တောင် တန်ဖိုးမရှိပါလား" ဆိုပြီး တော့ပေါ့။
ဟုတ်ပါတယ်။ မသေခင် မာနတွေတက်၊ ဘဝင်တွေမြင့်၊ ဂုဏ်တွေမောက်။ သေသွားပြီ ဆိုရင်တော့ ချစ်လှပါပြီ ဆိုတဲ့ လင်မယား သမီးသားတွေ အိမ်မှာ ဘယ်သူမှ ကြာကြာ မထားချင် ကြပါဘူး။ အိုးစားတောင် ခွဲလိုက်ကြ ပါသေးတယ်။
သေရင် တန်ဖိုးမရှိတဲ့ ဒီခန္ဓာကိုယ်ကြီးကို အကုသိုလ်တွေ ယူပြီး မရှာမိ ပါစေနဲ့။ နေ့စဉ် ကုသိုလ်အရေးတွေ တိုးပွားအောင် အားထုတ်နိုင်ကြပါစေ။ Crd
0 Comments