တခါတုန်းက တောထဲကို လမ်းလျှောက်လာတဲ့ ခရီးသွားတယောက်ဟာ ခြင်္သေ့တကောင်ရဲ့ နာနာကျင်ကျင်အော်ဟစ်သံကိုကြားလိုက်ရ ပါတယ်။
အော်သံဟာ သူလျှောက်လာတဲ့ လမ်းနဲ့ တဖြည်းဖြည်း နီးကပ်လာပြီး မကြာခင်မှာတော့ ခြင်္သေ့တကောင် ထောက်ချောက်ထဲ မိနေတာကို မြင်လိုက်ရ ပါတော့တယ်။
အဲဒီအခါမှာ ခြင်္သေ့က ခရီးသွားကို တောင်းပန်ပါတယ်။ "အသင်ခရီးသွား ငါ့ကို တချက်လောက် ထောင်ချောက်ထဲ ကနေ လွတ်အောင် ကူညီပေးပါလား။ မကြာခင်မှာ မုဆိုး ရောက်လာပြီး ငါ့ကို သတ်လိမ့်မယ်၊ အဲဒါကြောင့် ငါ့ကိုကယ်ပါ" လို့ တောင်းဆို ပါတော့တယ်။
ခရီးသွားဟာ အသက်တချောင်းကို ကယ်ချင်ပေမယ့် ခြင်္သေ့ရဲ့ အစားခံရမှာ ကိုလည်း ကြောက်တာကြောင့် ခြင်္သေ့ကို ကတိတောင်း ပါတယ်။
"ကယ်တာက ကယ်လို့ ရပါတယ်။ ဒါပေမယ့် မင်းကို ကယ်ပြီး လွတ်မြောက်တဲ့ အခါ ငါ့ကို သတ်မစားပါဘူး၊ အန္တရာယ် မပေးပါဘူးလို့ ကတိပေးရင်တော့ ကယ်ပေးပါမယ်" လို့ ပြန်ပြောလိုက် ပါတယ်။
အဲဒီအခါ ခြင်္သေ့ဟာ အလွယ်တကူပဲ ကတိပေးပါတယ်။ အဲဒါနဲ့ ခရီးသွားဟာလည်း ခြင်္သေ့ကို ထောက်ချောက်ကနေ လွတ်အောင် ကူညီပေးပြီး ကယ်ဆယ်ပေးလိုက် ပါတော့တယ်။ ထောက်ချောက် ကနေ လွတ်သွားတဲ့ ခြင်္သေ့ဟာ အားရဝမ်းသာအော်ဟစ် လိုက်ပြီး ခရီးသွားကို ပြောလိုက်ပါတယ်။
"ဟယ် အသင်ခရီးသွား သင့်ကို အရမ်း ကျေးဇူးတင်မိ ပါတယ်။ ငါ့မှာ ထောင်ချောက်ထဲ ၂ ရက်လောက် အမိခံနေရတဲ့ အတွက် ဘာမှလည်း မစားရသေးလို့ အင်မတန် ဆာလောင်နေတာနဲ့ အတော်ပဲ။ သင့်ကို ကျေးဇူးတင်လက်စနဲ့ ငါ့ရဲ့ ဟာနေတဲ့ ဗိုက်ကိုပါ ဖြည့်ပေးလိုက်ပါ" ဆိုပြီး ကျေးဇူးကန်းတဲ့ ခြင်္သေ့ဟာ ပေးထားတဲ့ ကတိကို ဖျက်ပြီး ခရီးသွားကို စားမလို လုပ်ပါတော့တယ်။
အဲဒီအခါ ခရီးသွားဟာလည်း "ဟုတ်ပြီ၊ အဲဒါဆို စားခွင့်ပေးရ မှာပေါ့။ ဒါပေမယ့် ခဏလောက် စောင့်ပါအုံး။ နောက်ထပ်ခရီးသွားတယောက် လာတဲ့အထိ ခဏလေး စောင့်ပြီး သင်လုပ်တဲ့ အလုပ်က မှန်ကန်လား၊ တရားရဲ့လား ဆိုတာ ဆုံးဖြတ်ခိုင်းရအောင်။ ဒါလေးတော့ သဘောတူပေးပါ။ ငါက သင့်ကို အကုန် သဘောတူပေး ထားတာပဲ" လို့ ပြန်ပြောလိုက် ပါတယ်။
အဲဒါနဲ့ပဲ ခြင်္သေ့ဟာ ခဏပဲ စောင့်နိုင်မယ် လို့ ပြန်ပြောလိုက် ပါတယ်။ မကြာခင်မှာ မြေခွေးတကောင်ဟာ သူတို့ ရှေ့ကနေ ဖြတ်သွားပါတယ်။ ခရီးသွားဟာလည်း မြေခွေးကို ခေါ်လိုက်ပြီး အကူအညီ တောင်းပါတယ်။
"အသင်မြေခွေးရေ ခဏလောက် ငါတို့ကိစ္စကို ဆုံးဖြတ်ပေးပါအုံး။ ကိစ္စကတော့ ဒီလိုပါ" ဆိုပြီး ပြောပြလိုက် ပါတယ်။ အဲဒါနဲ့မြေခွေးဟာ အကျင့်မကောင်းတဲ့ ခြင်္သေ့ကို ပညာပေးဖို့ စဉ်းစားလိုက် ပါတယ်။
"ဟုတ်ပြီလေ အဲဒါဆိုရင် ဒီပြဿနာက အပြောနဲ့ချည်း ပြောလို့ မဖြစ်ဘူး။ ငါ့ကို လက်တွေ့ပြတဲ့ အနေနဲ့ အသင် ခြင်္သေ့ဟာ ဘယ်လိုမျိုး ထောက်ချောက်ထဲမှာ မိနေခဲ့သလဲ။ သက်သေပြ ပါအုံး။ အဲဒါမှပဲ အစကနေ ဖြစ်ရပ်ကို သုံးသပ်နိုင် မှာပေါ့" လို့ မြေခွေးဟာ ခြင်္သေ့ကို ပြောလိုက်ပါတယ်။
အဲဒါနဲ့ ခြင်္သေ့ဟာ "ဒီလိုမျိုးပါပဲ" ဆိုပြီး ထောက်ချောက်ထဲကို ပြန်ဝင်ပြပြီး သူ့ခြေထောက်ကို ကျော့ကွင်းနဲ့ ပြန်စွပ်ပြ လိုက်ပါတော့တယ်။ အဲဒီအခါ ကျတော့မှ မြေခွေးဟာ ခြင်္သေ့ကို
"ကောင်းပြီလေ အဲဒီလို ထောက်ချောက် မိခဲ့တယ် ဆိုရင်လည်း အဲဒီအတိုင်းသာ နေခဲ့ပေတော့ ခြင်္သေ့ရေ။ ကျေးဇူးမသိတတ်တဲ့ သင့်အတွက် ထိုက်တန်တာက ဒီအရာပဲ၊ ငါတို့တော့ သွားပြီ" လို့ ပြောပြီး ခြင်္သေ့ကို ထောက်ချောက်ထဲမှာ ဒီအတိုင်း ပြန်ထားခဲ့လိုက် ပါတော့တယ်။
ပြောချင်တာက ဘဝမှာလည်း အဲဒီလို ကျေးဇူးမသိတတ် သူမျိုးကို ကြုံရပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလူတွေကို ဘာမှ လုပ်စရာမလိုဘဲ အချိန်တန် သူ့တို့စိတ်ဓာတ်က သူတို့ကို ပြန်အကျိုးပေးမှာ ပါပဲ။ သူတို့လို စိတ်ဓာတ်ရှိသူနဲ့ သူတို့ ပြန်ကြုံရတဲ့အခါ သူတို့အတွက် ဝဋ်က အလိုလို ပြန်လည်လာ ပါလိမ့်မယ်။ BAWA phoomyatchal
0 Comments