ဟိုးရှေးရှေးတုန်းက ငှက်ချစ်တဲ့ ဘုရင်ကြီးတပါး ရှိတယ်။ ငှက်တွေကို ချစ်လွန်းလို့ နန်းတော်ထဲမှာ မွေးထားတာ တွေလည်း အများကြီး။
ငှက်ဘေးမဲ့ ဥယျာဉ်လည်း ရှိတယ်။ နေပြည်တော် အတွင်း ငှက်တွေကို ပစ်သတ်ခြင်း မပြုရ လို့လည်း အမိန့်ထုတ်ထားတယ်။
တနေ့တော့ ဘုရင်ကြီးကို မုဆိုးတဦးက သိမ်းငှက် နှစ်ကောင်ကို လာဆက်သတယ်။ ဘုရင်ကြီးလည်း ဝမ်းသာလွန်းလို့ ငှက်မုဆိုးကို ဆုတွေ ချီးမြှင့်တယ်။
သိမ်းငှက် ဆိုတာ ဒီတိုင်းပြည်မှာ ရှားတယ်။ ဒါကြောင့် မုဆိုးကိုပဲ သိမ်းငှက်တွေကို လေ့ကျင့်ပေးဖို့ ငှက်ဆရာ ခန့်ပြီး လေ့ကျင့်စေတယ်။ မင်းပွဲညီလာခံမှာ သိမ်းငှက် အစွမ်းကို ပြဖို့လည်း တာဝန် ပေးထားတယ်။
မင်းပွဲ စုံညီတဲ့နေ့ ရောက်ချိန်မှာ ငှက်ဆရာက သိမ်းငှက်ကို အစွမ်းပြတယ်။ ပါးစပ်ထဲက ကျူရိုးလေးကို မှုတ်လိုက်ချိန်မှာ သိမ်းငှက်တကောင်က မိုးပေါ်ကို ပျံတက်၊ လေထဲမှာ ကျွမ်းထိုး၊ အမျိုးမျိုးဝဲပျံ၊ အမြင့်ကြီးကိုတက်၊ အောက်ကို အတောင်ရုပ်ပြီး ထိုးဆင်းတဲ့ ပြကွက်ကို ပရိသတ်က သဘောကျ လွန်းလို့ လက်ခုပ်သြဘာတွေ ပေးကြတယ်။
နောက်တကောင် အလှည့် ငှက်ဆရာက ဘုရင်ရှေ့ ဒူးထောက် လိုက်တယ်။ "ကျွန်တော်မျိုး ဒီတကောင်ကို တော့ဖြင့် ဘယ်လိုမှ အမြင့်ကို ပျံအောင် မစွမ်းဆောင် နိုင်သောကြောင့် ရှက်မိပါတယ်။ အပြစ်ပေးလည်း ခံပါ့မယ်" လို့ လျှောက်တယ်။
ဘုရင်ကလည်း အမတ်တွေနဲ့ တိုင်ပင်ပြီး "မြို့တွင်းမှာ မောင်းလှည့် သိမ်းငှက်ကို ပျံသန်းနိုင်အောင် စွမ်းဆောင်ပေးနိုင်သူအား ဆုငွေများ ပေးသနားမည်" ဆိုပြီး ကြေညာလိုက်တယ်။
ဒီအချိန်မှာ နွားကျောင်းသားလေး တယောက်က "အောင်မယ်လေး ငှက်များ ပျံအောင် လုပ်ပေးရင် ဆုရမယ်တဲ့"
"ကလေး မင်း လုပ်နိုင်သလား"
"လွယ်လွယ်လေးပါ ဘုရား"
"ကဲ ကောင်းပြီ" ဆိုပြီး နွားကျောင်းသားကို ဆရာတင်လိုက် ရတော့တယ်။
နွားကျောင်းသားက တပတ်ပဲ လေ့ကျင့်ပေး ပြီးတော့ ဘုရင့်ထံ လျှောက်တယ်။ "ငှက်က ပျံတတ်သွားပါပြီ ဘုရား" တဲ့။
ဟုတ်နေတာပဲ။ ငှက်က ဟိုတကောင်အတိုင်း လိုက်ပျံနေတာပဲ။ "ကလေး မင်း ဘယ်လိုများ သင်လိုက်သလဲ" လို့ ဘုရင်က မေးတယ်။
"လွယ်လွယ်လေးပါ ဘုရား။ အဲဒီကောင်က သူ့နေရာကို အရမ်း ခင်တွယ်နေတာ။ ဒါကြောင့် သူ့ကို ဘုံပျောက်အောင် လုပ်လိုက်တော့ ထပျံတာပေါ့ ဘုရား"
"ဟေ ဘယ်လို"
"ကြည့်ပါလား အဲဒီကောင်က ရွှေပင်ပေါ် နားပြီး သစ်သီး စားရတာကို ပျော်မွေ့နေတာ။ သူ့ကိုယ်သူ ဘာကောင် ဆိုတာ မေ့နေတာ။ ဒါကြောင့် သူနားနေတဲ့ အကိုင်းကို ခုတ်ပြီး ဘုံပျောက်အောင် လုပ်လိုက်တော့ သူ့ဘဝ အကြောင်း သူကောင်းကောင်း သိသွားပြီပေါ့"
နေရာကို ခင်တွယ်ပြီးတော့ မပျံနိုင်၊ မကြွနိုင်၊ မထနိုင်၊ မစားနိုင်၊ မသောက်နိုင် ဖြစ်နေတဲ့ သူတွေလည်း လောကမှာ အများသား မဟုတ်လား။ လိုအပ်ရင် အကိုင်းတွေ ခုတ်လိုက်ဖို့တော့ လိုအပ်မယ် ထင်ပါတယ်။ Crd
0 Comments