တခါတခါ လောကကြီးက အတော် စိတ်နာဖို့တော့ ကောင်းသား။ လောကကြီးမှာ ပုဆိန်လို လူတွေက ပြုံးနေ နိုင်တယ်။
သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေ ဘယ်လောက် ဆိုးဝါးလဲဆိုတာ တစက်ကလေး မှတောင် နားလည်ပုံ မပေါ်ဘဲ၊ အမှားလုပ်မိသူတွေ အပေါ် (သစ်ပင်လို လူတွေအပေါ်) နည်းနည်းလေး မှတောင် အားနာပုံ မပေါ်ဘဲ ဘယ်လိုများ စိတ်သန့်သန့်နဲ့ နေနိုင်ရတာလဲ။
နောင်တရဖို့ မမျှော်လင့်ပေမဲ့ အားနာစိတ်လေး တစက်တော့ ရှိသင့်တယ် မဟုတ်လား။ တကယ့်ကို စိတ်ရင်းနဲ့ အားနာဖို့တော့ ကောင်းတယ် မဟုတ်ဘူးလား။
ငြိမ်နေတဲ့ ရေကို ဂယက်ထအောင် လုပ်မိရင်၊ ကြည်နေတဲ့ ရေကို နောက်အောင် လုပ်မိရင် သူ့ဘာသာသူ နေနေတဲ့ တစုံတယောက်ကို ဒဏ်ရာတွေ ပေးမိရင် တချက်လေးတော့ စိတ်ရင်းနဲ့ အားနာသင့်တယ် မဟုတ်ဘူးလား။
ဘယ်လိုများ ဘာမှ မဖြစ်သလို နေနိုင်ရတာလဲ။ ပုဆိန်က ဘယ်သိပါ့မလဲ။ သူက အသွားထက်ထက် ဘက်ကလူလေ။ ဘယ်မှတ်မိ ပါ့မလဲ။
သူ့လုပ်ရပ်တွေ ဘယ်လောက်ထိဆိုးဝါးခဲ့လဲ။ တဖက်မှာ ဘယ်လောက်ထိ ဖြစ်ခဲ့ရလဲ၊ ပုဆိန်ကတော့ ဘယ်ခံစားမိ ပါ့မလဲ။ ဘယ်မှတ်မိ ပါ့မလဲ။
သစ်ပင်လို လူတွေ အတွက်တော့ ဘယ်လောက်ပဲ သန်မာအောင် ပြန်တည်ဆောက် ပါစေ၊ ဒဏ်ရာတွေကို အကျိုးရှိအောင် အသုံးချပါစေ၊ ရင့်ကျက်အောင် နေနေပါစေ၊ ဘာမှ မနာကျင်ရတော့ပါဘူး ဆိုရင်တောင်မှ သစ်ပင်ကတော့ ဘယ်မေ့ပါ့မလဲ။
ဘာ အမုန်းတရား မကျေနပ်မှု တစုံတရာ မရှိဘူး ဆိုရင်တောင်မှ သစ်ပင်ကတော့ ဘယ်မေ့ပါ့မလဲ။ ထက်တဲ့ အသွားတဖက် စူးနစ် ဝင်ခဲ့ရတာ မဟုတ်လား။ ဝေဒနာကို ခံခဲ့ရသူ မဟုတ်လား။
လူတယောက်ယောက်ကို မတော်တဆ တက်နင်းမိရင်တောင် ဆောရီးပါ လို့ ပြောရသေးတယ် မဟုတ်လား။
ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ် ဆိုရင်တော့ ပိုအားနာသင့်တယ် မဟုတ်ဘူးလား။ အင်းလေ။ ပုဆိန်နဲ့ သစ်ပင် ဘယ်တူပါ့မလဲ။ Crd
0 Comments